Showing posts with label Personal. Show all posts
Showing posts with label Personal. Show all posts

Sunday, April 21, 2013

what i am thinking right now!!!!!!!!!!!!

ဒီနေ့ ဘာရယ် မဟုတ်ဘူး ဟိုးအရင်တုန်းက Blog လေးကို ပြန်ဖွင့်ကြည့်မိတယ်။ ဒိုင်ယာရီ အဟောင်းလေးကို ပြန်ဖတ်ရသလိုပဲ ။ အဲ့အချိန်တုန်းက ရှိခဲ့တဲ့ ပျော်ရွှင်ခြင်းတွေ၊ ၀မ်းနည်းခြင်းတွေ အားလုံးကို ပြန်တွေ့ရတယ်။ အနားမှာ ရှိခဲ့ဖူးတဲ့ တစ်ချို့လူတွေလည်း မရှိတာ့ဘူး။ အသစ်အသစ်သော လူတွေလည်း အနားမှာ တိုးလာတယ်။ အရင်တုန်းက နာမည်မကြီးသေးတဲ့ သူငယ်ချင်းတွေလည်း ခု နာမည်ကြီးတွေဖြစ်ကုန်ပြီ။ အချိန်ကာလ တစ်ခုက တော်တော်များများကိုပြောင်းလဲ စေခဲ့တာပဲနော်။ တစ်ချို့ တစ်ချို့တွေနဲ့ ခင်မင်မှုတွေ ပျောက်ပျက်ကုန်ပေမဲ့ တစ်ချို့တစ်ချို့ နဲ့ကတော့ ပိုပြီး ခိုင်မိုင်လာတယ်။ အရင်တုန်းက နားမလည်ခဲ့တဲ့ အရာတွေလည်း နားလည်လာတယ်။ ခံစားတတ်လာတယ်။
ကျွန်မနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ဘယ်အရာတွေက ပြောင်းလဲ လာလဲ ???? နောက်ထပ် ၆ လ အတွင်း မှာ MBA ဘွဲ့ တစ်ခုထပ်ရတော့မယ်။  Thesis ကိုလည်း အလုပ်နဲ့ဆိုင်တဲ့ Topic ပဲရွေးဖြစ်တယ်။ Tourism Industry in Myanmar တဲ့။ လုပ်ငန်းခွင်ထဲမှာလည်း အထိုက်အသင့်နေရာ ရလာသလို အိမ်မှာလည်း လူကြီး တစ်ယောက် အနေနဲ့ နေနေရပြီ။ အတွေးအခေါ်တွေလည်းပြောင်းလဲ လာတယ်။ လောဘတွေလည်း ပိုကြီးလာတယ်။ အချစ်ဆိုတဲ့ အရာက လိုက်လေဝေးလေလို့ ဖြစ်နေပြီ။ လူတွေကိုလည်း ယုံကြည်ဖို့ ခက်လာတယ်။ သေချာတာကတော့ အရင်တုန်းကလောက် စိတ်ထားမဖြူစင်တော့တာပါပဲ။ နောက်ထပ် တစ်ခုက အလှပြင်တတ်လာတယ်။
၂၀၁၀ ကနေ ခု ၂၀၁၃ (၄)လ ပိုင်းအတွင်းမှာ ကျွန်မချစ်တဲ့ ကျွန်မကိုချစ်တဲ့ လူတွေ လောကကြီးကနေ ထွက်သွားကြတယ်။ ဆရာ နဲ့ ပြည့်စုံပေါ့။ နားလည်မှုတွေရှိခဲ့တယ်လို့ထင်ခဲ့တဲ့ လူတစ်ချို့နဲ့ နားလည်မှုတွေ ပျက်စီး ခဲ့ရတယ်။ လက်တွေ့ကျကျ စဉ်းစားခဲ့တဲ့ကျွန်မနဲ့ စိတ်ကူးယဉ်ဆန်တဲ့ လူတွေနဲ့ ဒဏ်ရာ ကိုယ်စီနဲ့ လမ်းခွဲခဲ့ကြတယ်။
ဆုံးရှုံးမှုတွေရှိခဲ့သလို ပိုင်ဆိုင်ရတာတွေလည်း ရှိခဲ့ပါတယ်။ မိတ်ဆွေစစ်တွေကိုလည်း ရခဲ့ပါတယ်။ မေမေနဲ့ ဖေဖေကို ပိုချစ်လာသလို စွန့်လွှတ်ဖို့လည်း ပိုပြီးကြောက်နေပါတယ်။  အရင်တုန်းက ဟန်မဆောင်တတ်တဲ့ ကျွန်မ ဟန်ဆောင်မှုတွေကြားမှာ ပျော်မွေ့နေပြီ။ အရင်တုန်းကလို ရယ်မောနေတဲ့ ကျွန်မဟာ ခုတော့ ပြုံးရုံသာ ပြုံးတော့တဲ့ လူတစ်ယောက်ဖြစ်နေပါပီ။ အေးစက် မာကြောနေတဲ့ အသည်းနှလုံး တစ်စုံကိုလည်း ပိုင်ဆိုင်ထား ပြီးပါပီ။ စာဖတ်တာ ၀ါသနာပါတဲ့ ကျွန်မ စာဖတ်ပျင်းနေပြီ။
လောကကြီးရဲ့ မာယာတွေကြားမှာ အလိုက်သင့်စီးမျောရင်း နေသားတကျပေါ့။
21.April.2013
9:48pm

Saturday, October 23, 2010

when i'm looking to myself after 7months

Blog ကိုပြန်ပြီး လှည့်မကြည့်ခဲ့တာ ၇ လကျော် ၈လနီးပါး ရှိတော့မယ် ထင်ပါတယ်.... ဒီ ၇ လအတွင်း စာရေးတာရော စာဖတ်တာရော ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ အဲဒီတော့ ဘာတွေ လုပ်နေလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ အကျိုးရှိတာတွေပေါ့ ???? သေချာတာတော့ ဘာမှ မယ်မယ်ရရ မရှိခဲ့ဘူး။ တစ်နှစ်အတွင်းမှာ ဘာတွေ တိုးတက်လာသလဲ။ ပညာရေးနဲ့သက်ဆိုင်တာ,,,,စီးပွားရေး လူမှုရေး ဘာတွေ တိုးတက်လာသလဲ ဆိုရင်တော့ ပညာရေးကတော့ ဒုံရင်းဒုံရင်းပါ,,,, စီးပွားရေးကတော့ အလုပ်လေးတစ်ခု လုပ်ဖူးသွားတယ်ပေါ့ နော်,,,, လူမှုရေးရော (စွာတုန်းပဲလား၊ ဒေါသကြီးတုန်းပဲလား၊ မှန်တယ်ထင်ရင် အားမနာလျှာမကျိုး ပြောသေးလား) ဟုတ်ကဲ့ ကျွန်မ အရင်လိုပါပဲ :D အော် ကျန်သေးတယ် ပေါတုန်းပဲ,,, တစ်ခါတစ်လေ ဘ၀မှာ ထင်မထားတာတွေက ဖြစ်လာတတ်ပါတယ်,,,,, ကျွန်မရဲ့ ဆရာလည်းဖြစ်တဲ့ မိဘလိုလည်းဖြစ်နေတဲ့ ဆရာ့မှာ အသည်းကင်ဆာ ဖြစ်နေတယ်ဆိုတာ လွန်ခဲ့တဲ့ (၂) ပါတ်ကျော်ကမှ ကျွန်မတို့ သိခဲ့ကြပါတယ်။ လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ မို့ အရာ အားလုံးကို ရင်ဆိုင်နိုင်အောင် ကျွန်မတို့ ဆရာ တပည့်(၂) ယောက် ကြိုးစား နေပါတယ်။ ကျွန်မ စိတ်ပျက်လက်ပျက်နဲ့ ကွန်ပျူတာလောကထဲကနေ ထွက်သွားဖို့ပြင်ဆင်တိုင်း အားပေးစကားပြောတတ်တဲ့ ကျွန်မရဲ့ဆရာကို သူလူ့လောကထဲက ထွက်သွားဖို့ ပြင်ဆင်နေချိန်မှာ ကျွန်မ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ကျွန်မကို ကျွန်မ ပြန်မေးနေဆဲပါပဲ.... :(

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့,,,,, ငယ်ငယ်တုန်းက ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကိုလည်း သတိရပါတယ် မနက်ဖြန် အိမ်ကိုဖုန်းဆက်ရဦးမယ် မေမေနဲ့ဖေဖေကို ဖုန်းထဲကနေ ကန်တော့ရမယ်ပေါ့။ ဆရာ့ကိုလည်း မနက်ဖြန် သွားကန်တော့ဦးမယ်။ မန်းလေးမှာလည်း မိုးတွေရွာနေတယ်ကွယ်။ တည်ငြိမ် ရင့်ကျက်လာအောင် ပိုပြီး ကြိုးစားရဦးမယ်... Btw, ဘာတွေ ဘယ်လိုပဲ မကောင်းနေပါစေ ကျွန်မတော့ မြန်မာပြည်ကို ချစ်တယ်။ မြန်မာ တစ်ယောက်အနေနဲ့မွေးဖွားလာရလို့လည်း ဂုဏ်ယူတယ်။ ကျွန်မ အမြဲလည်းပြောခဲ့ဖူးပါတယ် ဘယ်နိုင်ငံပဲရောက်ရောက် ဘယ်သူတွေမေးမေး ကျွန်မ မြန်မာ ပါလို့ အမြဲပြောခဲ့တယ်။ ဟိုနိုင်ငံကလက်မခံဘူး၊ ဒီနိုင်ငံက အိတ်တွေကိုမွေနှောက်ရှာတာခံရတဲ့ဆိုတဲ့ passport အနီရောင်လေးကိုလည်း ကျွန်မ အသက်ထက်ဆုံးပဲ အသုံးပြုသွားမှာပါ။ သေချာတာတစ်ခုက အသက်ရှုရတာချင်း တူပေမဲ့ မြန်မာပြည်က လေက လတ်ဆတ်တယ်၊ အသုံးပြုရတာ ပိုပြီး ၀န်ပေါ့တယ်လို့ ပြောရင် ကျွန်မကိုပိုတယ် ပြောကြမယ်ထင်ပါတယ်။ ဘန်ကောက်မှာ ရှိတုန်းကလည်း Foreigner သူငယ်ချင်းတွေက ပြောကြတယ် boyfriend ကိုတခြား နိုင်ငံသားထားပါလားတဲ့ ဒီရောက်လာတော့လည်း အလုပ်ထဲက လူတွေက Singaporean boyfriend ကို ရှာပါလားတဲ့။ ကျွန်မပြန်ပြောခဲ့တယ် ငါ foreigner တစ်ယောက်ကို ဘယ်တော့မှ မယူဘူးလို့ ငါ သေမတတ်ပဲ သူ့ကိုချစ်ပါစေ ငါမယူနိုင်ဘူးလို့ပြောခဲ့တယ်။ အဖြေမှားသလား မှန်သလားတော့ မသိဘူး။ သေချာတာကတော့ အဲဒီဆုံးဖြတ်ချက်ကို ဒီတသက်မပြင်ဘူးဆိုတာပါပဲ။

နောက်တစ်ခုတွေးမိတာက လောဘ သတ်ဖို့ပါပဲ။ ကိုယ့်လောဘကို ကိုယ်မသတ်နိုင်ရင် လောဘက ကိုယ့်ကိုပြန်သတ် သွားမှာက အသေအချာပါပဲ။ ကျွန်မ အရင်ကထက် လောဘကြီးလာတယ်။ တကိုယ်ကောင်းဆန်လာတယ်။အလုပ်မဟုတ်တာတွေကို အလုပ်ဟုတ်ပြီး ရှုတ်မနေကြပါနဲ့။ သူ့ဒေါသ ကိုယ့်ဒေါသမဖြစ်စေနဲ့ပေါ့နော်။ လူ့လိမ္မာအမျက် အပြင်မထွက်နဲ့တဲ့။ Btw,လူတွေကနော် ရေကြည်ရာ မြက်နုရာကို ရွေ့တယ်ရွေ့တယ်နဲ့ ဘာလို့ အင်္ဂတေကိုင်ထားတဲ့ နေရာကိုပဲ လာကြလဲမသိဘူး ။ :D (just kidding ပါ) သေချာတာကတော့ ဒီနေ့ရေးနေတာ တောင်စဉ်ရေမရ တွေချည်းပါပဲ။

Wednesday, May 27, 2009

Congratulation by Myself


(၂)နှစ်ဆိုတဲ့ အချိန်လေးက ပြန်ကြည့်မယ်ဆိုရင် တကယ်တော့ ဘယ်လောက်မှ မကြာသလိုပါပဲ။
ဘာလိုလိုနဲ့ ကျောင်းပြီးသွားပြီ။ ပထမဆုံး Semester မှာတော့ အလူးအလဲကို စာပိပြီး ဘာ Activities မှ မလုပ်နိုင်ခဲ့ဘူး။ ဒုတိယနဲ့ တတိယ semester ပိုတောင်ဆိုးလာသေးတယ်။ နောက်ဆုံး Semester မှ ဖေဖေပြောထားတဲ့အတိုင်း Student Union မှာ Volunteer ၀င်လုပ်ဖြစ်ခဲ့တယ်။ AIT မှာ စိတ်ချမ်းသာစရာထက်၊ စိတ်ညစ်စရာက ပိုများခဲ့တယ်ဆိုတာတော့ သေချာတယ်။ လူတွေရဲ့အကြောင်းကိုလည်း ပိုသိလာတယ်။ ထင်ထားသလောက် လူတွေရဲ့စိတ်က မဖြူစင်ဘူးဆိုတာလည်း သိလာတယ်။ ကျန်နေသေးတဲ့ ဘ၀မှာ ကိုယ့်ကိုကိုယ် ဆက်လက်ရှင်သန်နိုင်အောင် ဘယ်လိုရပ်တည်ရမယ်ဆိုတာလည်း နည်းနည်းတော့ နားလည်လာတယ်။ ဘာပဲပြောပြော နောက်ထပ်ဘွဲ့တစ်ခုကတော့ ရခဲ့ပြီ။ အဲဒါကို ဘယ်လိုရှေ့ဆက်အသုံးချနိုင်မလဲဆိုတာပဲ ကိုယ့်ကိုကိုယ့် စောင့်ကြည့်ရမယ်။ နောက်ထပ်ဘာတွေ တိုးတက်ပြောင်းလဲလာ မလဲပေါ့။ AIT မှာ ကျောင်းတက်နေတုန်း Blog တစ်ခုလည်း လုပ်ဖြစ်ခဲ့တယ်။ အဘွားလည်း မရှိတော့ဘူး။ (၂)နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကောင်းတာတွေရော ဆိုးတာတွေပါ ဖြစ်ခဲ့တယ်။ မှားတာတွေ မှန်တာတွေလည်း ရှိခဲ့တယ်။ သင်ခန်းစာယူလိမ့် မယ်လို့ ကိုယ့်ကိုကိုယ် မျှော်လင့်မိတယ်။ ဘာပဲပြောပြော လူကြီးတစ်ယောက်ဖြစ်လာအောင် ကြိုးစားရမယ်။ Anyway, Congratulation By Myself. မိသားစု (၃)ယောက်တည်းရှိတဲ့ အခြေအနေမှာတောင် ဘွဲ့ယူတာကိုမေမေလိုက်မလာနိုင်ဘူး။

AIT ကိုရောက်လာအောင် တွန်းအားပေးခဲ့တဲ့ ၊ အစစအရာရာ လိုအပ်မှုမရှိအောင် ထားပေးခဲ့တဲ့ ဖေဖေနဲ့မေမေ။ စရောက်ကတည်းက ခုချိန်ထိ ထမင်းလည်းချက်ကျွေး၊ စာလည်းရှင်း၊ နေမကောင်းလည်း ဆေးတိုက်တဲ့ အကို၊ ပြသနာရှိလည်း ဒီအကိုပဲပြေးပြော နဲ့ နေလာတာ အကို (ကိုဟန်ဝင်း) ညဘက်ကို ဗိုက်ဆာတိုင်း မညည်းမညူနဲ့ စားစရာလုပ်ပေးပြီး စီနီယာတစ်ယောက်လိုရော အစ်မအရင်းတစ်ယောက်လိုပါ ဆုံးမပြီး အနားမှာနေပေးခဲ့တဲ့မမငယ်။ စာမရတိုင်း ရှင်းပြပါဆိုပြီး ဂျီကျခဲ့ရ သူပြောတဲ့ အင်္ဂလိပ် အသံထွက်ကိုနားမလည်မှာ စိုးလို့ ဖြေးဖြေးခြင်းပြော ပေးတဲ့ စီနီယာ Mariku ။ နှိပ်စက်သမျှကို နင်ကငါ့ကိုသိပ်နိုင်စားတာပဲ လို့ ပြောပြီး အားလုံးလိုက်လုပ်ပေးတဲ့ သူငယ်ချင်းပြည့်စုံ။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ အောင်မြင်မှု၊ ကျဆုံးမှုတွေကို အတူတူခံစားပေးတဲ့ သူ။

ဒီနေ့ရတဲ့ဘွဲ့က မေမေနဲ့ဖေဖေရဲ့ကျေးဇူးက (၈၀%) ပါတယ်ဆိုတာ လုံးဝကိုသေချာပါတယ်။ မေမေနဲ့ဖေဖေရဲ့ ထောက်ပံမှုမပါပဲနဲ့ ဒီနေ့ဒီအခြေအနေကိုရောက်မလာတာကတော့ သေချာတယ်။
အရာအားလုံးအတွက် ကျေးဇူးပါ မေမေနဲ့ဖေဖေ။

Tuesday, April 7, 2009

Unforgetable Day

ဒီနေ့ ဘွားဘွားဆုံးတာ တစ်နှစ်ပြည့်ပြန်ပီ။ မန်းလေးမှာတော့ ဆွမ်းကျွေးလုပ်ကြတယ်ပြောတယ်။ မီးငယ်တော့ ဘာမှ မလုပ်ဖြစ်ပြန်ဘူး။ အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ။ ရင်ထဲမှာတော့ အမြဲတမ်းရှိနေပါတယ်။ လွမ်းတယ် အဘွားရယ်....

Sunday, March 1, 2009

Who is my True Friend?

ဒီ True Friend Test လေးကိုInternet ပေါ်မှာ ဖိနပ်စီးပြီး ရွာရိုးကိုးပေါက်လျှောက်သွားရင်းနဲ့တွေ့ခဲ့တာပါ။ လူတွေကိုယ့်ကို ဘယ်လိုထင်လဲ ဆိုတာကို အနည်းနဲ့အများတော့ မှန်းလို့ရပါတယ်... စမ်းကြည့်လိုက်ရအောင်နော်....

Leaderboard

Tuesday, February 17, 2009

သူ………..


စိတ်ညစ်စရာတွေ ကြုံလာရင် သူ့ကို အမြဲသတိရမိတယ်……
ရင်းနှီးပြီးသား ဒီနံပါတ်လေးကိုပဲ…လက်ကအလိုလိုနှိပ်မိပြန်တယ်လေ…..
ဖုန်းပြောဖြစ်ပြန်တော့လည်း စိတ်ညစ်စရာတွေကို မပြောပြချင်ပြန်ဘူး…..
သူ့ဆီက စကားသံလေးကိုကြားလိုက်ရပြန်တော့လည်း အောက်ဆုံးအထိပြုတ်ကျနေတဲ့ စိတ်ဓါတ်တွေ ပြန်တက်လာပြန်ရော……
သူ့ဘ၀မှာရင်ဆိုင်ရတဲ့ ဒုက္ခတွေအားလုံးကို ကိုယ့်မျက်နှာတစ်ခုတည်းနဲ့တောင့်ခံခဲ့တယ်…ဒီတစ်ခါ ကိုယ့်အလှည့်ပေါ့…..
သူဖြစ်စေချင်တာတွေအားလုံးကို… ဖြစ်လာအောင်ကြိုးစားပေးပါ့မယ်…..
သူ့ရှေ့မှာ တစ်ခါတစ်လေ ကလေးတစ်ယောက်လို အော်ငိုလိုက်ချင်ပေမဲ့….
မျက်ရည်ကျနေ ပေမဲ့လည်း ပျော်နေတဲ့ အသံလေးကိုပဲ သူ့ကိုကြားစေချင်တယ်…..
ဘ၀မှာ ပိုင်ဆိုင်ရတဲ့ အကောင်းဆုံးတွေကိုပဲ သူ့ကိုပေးချင်တယ်……
သူများတွေက ပြောကြတယ်… ဒီအရွယ်လေးနဲ့ ခံနိုင်ရည်ရှိတယ်တဲ့…. အဲဒီစကားသံကြားတိုင်း သူ့ကို ပိုချစ်လာသလို၊ ကျေးဇူးလည်းတင် ပိုပြီးတော့လည်းလေးစားလာတယ်……
တပါတ်တခါ ဖုန်းသံလေးမြည်မလာရင် စိတ်ပူတတ်တဲ့သူ…..
ခံယူချက်တွေကို သူများတွေက သဘောကျ ကြတယ်… အမြဲတမ်း သွန်သင်တတ်တဲ့သူ့ကြောင့်ပေါ့….
သူမျက်ရည်ကျမှာကို အရမ်းကြောက်တယ်…ကိုယ်ကြောင့်လည်း မျက်ရည်(၂)ခါကျဖူးတယ်… (၁၀)တန်းအောင်စာရင်းထွက်တုန်းကတစ်ခါ….. ပထမနှစ် သူငယ်ချင်းတွေနဲ့ တောင်မြို့ကိုသူ့ကိုကြိုမပြောပဲနဲ့ သွားဖို့ သင်တန်းကနေပဲလှမ်းပြောခဲ့တဲ့အခါ……
သူ့မျက်ရည် မကျဖို့အတွက်ဆို အရာအားလုံးကိုလဲ နိုင်တယ်…..
အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်….. အရင်ထက်လည်းပို ပိုပြီးချစ်လာပါတယ်….

...........................!!!!!!!!!!!!!!!!!!!!!!!!!!!!.........................................................

ဝေးနေပေမဲ့…အနီးဆုံးမှာရှိနေတဲ့… သူ
အမှောင်ထဲကို ၀င်သွားမလိုဖြစ်နေတဲ့ကိုယ့်ကို…ဆွဲထုတ်ခဲ့တဲ့…သူ
ခံယူချက်ချင်း မတူညီပေမဲ့…နားလည်မှုပေးနိုင်တဲ့….သူ
ကြီးပြင်းလာတဲ့ အသိုင်းအ၀ိုင်းမတူပေမဲ့…. ရည်မှန်းချက်တူတဲ့… သူ
ပြသနာ မျိုးစုံတတ်ပေမဲ့… လက်တွဲ မဖြုတ်နိုင်တဲ့… သူ
ဆိုးသမျှကို သည်းခံ နိုင်တဲ့… သူ
လိုအပ်တယ်ဆိုရင် အနားကိုချက်ချင်းရောက်လာတတ်တဲ့… သူ
ကျန်းမာရေးနဲ့ ပါတ်သတ်လာရင် အရမ်းစိတ်ပူတတ်တဲ့…သူ
ကိုယ်နဲ့ ပါတ်သတ်ပြီး… မျက်ရည်ကျတတ်တဲ့…သူ
နားမလည်တာ ရှိရင် အသေးစိတ်က အစရှင်းပြပေးတတ်တဲ့… သူ
ကလေးတစ်ယောက်လို ပုံပြင်တွေနဲ့ပါ…သွန်သင်ပေးတတ်တဲ့..သူ
သူ့ကို ပိုင်ဆိုင်ထားရတာလည်း ဘုရားပေးတဲ့ လက်ဆောင်တစ်ခုပါပဲ….
See You At The Top!

...........................!!!!!!!!!!!!!!!!!!!!!!!!!!!!.........................................................

ဘာတွေပဲ လုပ်လုပ်.. ကိုယ့်နောက်မှာ အမြဲရပ်တည်ပေးတဲ့.. သူ
မှားမှား မှန်မှန် ကိုယ့်ဘက်ကနေ နေပေးတဲ့သူ…..
ဖြစ်လာသမျှ ပြသနာတွေကို မျှဝေခံစားပေးတဲ့… သူ
ရင်ဖွင့်သမျှကို မညည်းမညူနားထောင်ပေးတဲ့…သူ
ပြသနာတက်လာတိုင်းလည်း အပြေးအလွှား ပြေးလာတတ်တဲ့..သူ….
ဝမ်းနည်းစရာ ၀မ်းသာစရာ အားလုံးကို မျှဝေခံစားပေးတဲ့.. သူ
ကိုယ်နဲ့ပါတ်သတ်လာရင် အေးအေးဆေးဆေးနေတတ်တဲ့ပုံစံကနေ… စွာတတ်တဲ့.. သူ
ရည်မှန်းချက်ချင်း မတူပေမဲ့…. ဘေးနားမှာ လိုအပ်တိုင်း အမြဲရှိနေတတ်တဲ့…သူ
သူ့ရဲလိုအပ်ချိန်တိုင်းမှာလည်း အနားမှာရှိနေအောင်ကြိုးစားပေးခဲ့ဖူးတယ်…..
ဝေးနေပေမဲ့… ဘယ်အချိန်ပဲ ပြန်တွေ့တွေ့ နွေးထွေးတဲ့ဆက်ဆံရေး ရှိတဲ့… သူ
အောင်မြင်မှုတိုင်းကို သ၀န်တိုမှု ကင်းစွာနဲ့ ဂုဏ်ယူတတ်တဲ့...သူ
အနားမှာ နင်ရှိနေဖို့… ငါ့ဘ၀ တစ်လျှောက်လုံး လိုအပ်နေမှာပါ…..
သူ့ကိုယ်စားအရုပ်ကလေးကို ပေးလိုက်တယ်... သူအွန်လိုင်း အမြဲမလာနိုင်လို့တဲ့.....

Thursday, January 29, 2009

Ko Kyaw Moe Lay


ဒီနေ့ စီနီယာလည်းဖြစ် အစ်ကိုတစ်ယောက်လိုရော ဆရာတစ်ယောက်လိုပါ ချစ်ခင်လေးစားရတဲ့ အစ်ကို(ကိုကျော်မိုးလေး) အူမကြီးကင်ဆာနဲ့ဆုံးသွားပါတယ်။ ကင်ဆာဆိုတာသိတာနဲ့ ဆုံးသွားချိန်ဟာ (၁)လတောင်မကြာလိုက်ပါပူး။ 2009 New Year ရောက်ဖို့ မိနစ်(၂၀)အလိုမှာ ဆေးရုံစတက်ဖြစ်တယ်။ ခုမရှိတော့ဘူးတဲ့။ AIT ကိုစရောက်တဲ့နေ့က အစ်ကိုတို့အိမ်မှာ ထမင်းစားတာကို မှတ်မိသေးတယ်။ နောက်ပိုင်း အစ်ကိုတို့အိမ်က စားအိမ်သောက်အိမ်...ပြဿနာရှိရင်လည်း ဒီအစ်ကိုနဲ့အစ်မကိုပဲ ပြေးပြော... အစ်ကိုနဲ့ အစ်မ အတွက်ဝမ်းသာစရာရှိရင် လည်း ဒီလူပဲ... AIT မှာကတော့ မိဘအိမ်ဆိုလည်း မမှားပါပူး။ ချင်းမိုင်ဘက်ကိုသွားတုန်းကလည်း အစ်ကိုတို့မိသားစုနဲ့ပဲလေ။ အစ်မက မန်းလေး ကွန်ပျူတာတုန်းက စီနီယာ အစ်ကိုက AITမှာစီနီယာ။

ကံမကောင်းချင်းတွေက အစုလိုက်အပြုံလိုက်လာတတ်တယ်နော်။ ဘာတစ်ခုမှကို အဆင်မပြေဘူး။

Friday, December 12, 2008

တာ့တာ့...

အစ်ကိုတွေအစ်မတွေ အားလုံးပဲတာ့တာ့နော်..မြန်မာပြည်ကို ခဏပြန်လိုက်ဦးမယ်...တစ်လလောက်ပေါ့..တစ်လလောက်တော့ မျက်စိရှုပ်သက်သာပီပေါ့... :D...ဒီနေ့ နေ့လည် ၁း၃၀ လေယာဉ်နဲ့ ပြန်ပါပီ...ညနေ၅ နာရီကားနဲ့ မန္တလေးကိုပြန်ပါ့မယ်.... အားလုံးပဲ Merry Christmas & Happy New Year ပါနော်....

Wednesday, December 10, 2008

Happy Birthday!




ဖေဖေရေ..ဒီနှစ်မွေးနေ့လည်းအနားမှာ ရှိမနေပြန်ဘူးနော်... ဖေဖေ အရာအားလုံးအတွက်ကျေးဇူးပါ... သွန်သင်ဆုံးမခဲ့တဲ့ ကိစ္စတွေတိုင်းအတွက်ကျေးဇူးအရမ်းတင်ပါတယ်... ဒီနေ့လိုရပ်တည်နိုင်ခဲ့တာဖေဖေနဲ့မေမေ ကျေးဇူးတွေပါ.... ဖေဖေလည်း ကျန်းကျန်းမာမာနဲ့နေနိုင်ပါစေ...တရားဘာဝနာလည်းအေးအေးချမ်းချမ်းအားထုတ်နိုင်ပါစေ..မေမေနဲ့သမီးအတွက် အသက်ရှည်ရှည်နေပေးပါလို့တောင်းဆိုချင်ပါတယ်... မေမေနဲ့သမီးမှာ ဖေဖေရဲ့အကြံဥာဏ်တွေ အကူအညီတွေအများကြီးလိုပါတယ်
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ..ဖေဖေ

Saturday, November 29, 2008

တချိန်တုန်းက

အရင်တုန်းက ဒီလိုအချိန်တွေမှာ အနားမှာမရှိနေနိုင်ရင်တောင်...ရောက်တဲ့နေရာကနေဖုန်းဆက်ခဲ့ကြတယ်.. မြေးတွေဖုန်းဆက်မှာကိုလည်း ဒီလိုနေ့မျိုးဆိုရင်အရင်နေ့တွေထက်ပိုပီးမျှော်နေတတ်တယ်... တောင်လေးလုံးကျောင်းတိုက်ကိုမသွားခင် ဗူးသီးကြော် အမြဲစားရတာကိုလည်း အမှတ်ရနေပါတယ်...နောက်ထပ်ဘယ်တော့မှ ပြန်မရနိုင်တော့မဲ့အချိန်တွေ တမ်းတပြီး သတိရနေရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး.. နောက်ဘ၀မှာ လူဖြစ်ခဲ့ရင် အဘွားမြေးပဲထပ်ဖြစ်ချင်ပါတယ်.... အဘွားတစ်ယောက်ကောင်းရာ ဘုံမှာ အေးအေးဆေးဆေးနေနိုင်တယ်လို့ပဲတွေးပီး ပျော်နေပေးပါ့မယ်.... အဘွားက အမြဲပြောတယ်... ဘွားကအိုနေပီ...ဘာမှသုံးလို့မရတဲ့လူပိုကြီးဖြစ်နေပီ...လို့ပြောခဲ့တယ်...ဒါပေမဲ့ အဘွားရယ် သမီးတို့လိုလူငယ်တွေ (၁၀)ယောက်နဲ့ အဘွားတစ်ယောက်နဲ့ ဘယ်လိုမှ အစားထိုးလို့မရပါဘူး... မြေးတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုတင်မဟုတ်ပါဘူး... သမီးတို့တွေအယောက်(၁၀၀)သေရင်တောင် တန်ဖိုးမရှိပါဘူးအဘွားရယ်.... ပြသနာတစ်ခုဖြစ်လာတိုင်း ငါ့မြေးစိတ်ဓါတ်မကျနဲ့ လို့ပြောပီး အားပေးစကားအမြဲပြောတတ်တဲ့အဘွား.... မြေးတွေအနားမှာရှိနေရင်အမြဲတမ်းပြုံးနေတဲ့အဘွား....သမီးတို့တွေပြန်လာတိုင်း အဘွားကိုလာတွေ့ပြီးကန်တော့ ကြတာ ခုတစ်ခေါက်ပြန်ရင်ဘယ်သူ့ကိုလာတွေ့ရမှာလဲအဘွား.... နှစ်စဉ်တောင်လေးလုံးကျောင်းတိုက်မှာ လုပ်နေကျမွေးနေ့ပွဲကရော မွေးနေ့ရှင်လည်းမရှိ၊ ကျောင်းတိုက်ပိုင်ရှင် ဆရာတော်လည်း ကျောင်းတိုက်မှာ မရှိ၊ ဂုဏ်ပြုပေးမဲ့ အဓိကလူတွေကလည်း တကွဲတပြားနဲ့ (လွတ်လမ်းမရှိတဲ့လမ်းကို လျှောက်နေကြရပီအဘွားရေ) ခြောက်ကပ်နေမှာပါ... အဘွားရေ...အေးချမ်းတဲ့နေရာတစ်ခုမှာ အဘိုးရယ်၊ မန်းလေးကိုအရမ်းချစ်တဲ့ သမိုင်းဆရာကြီးရယ်၊ မိတ်ဟောင်းဆွေဟောင်းတွေရယ်နဲ့ စိတ်ချမ်းချမ်းသာသာနဲ့ နေပါနော်... မြေးတို့ကိုလည်းစောင့်ရှောက်ပါ...အထူးသဖြင့်မလွတ်လမ်းကိုသွားရတဲ့လူတွေကိုပေါ့.......
အဘွားဖြစ်စေချင်တဲ့ ဆန္ဒကိုဖြစ်အောင် သမီးတို့ကြိုးစားမှာပါ......

Tuesday, October 14, 2008

သီတင်းကျွတ်


ဒီနေ့ အိမ်ကိုဖုန်းဆက်တယ်။ မေမေနဲ့ဖေဖေကိုလည်း မှန်းပြီးကန်တော့လိုက်တယ်။ မနက်စောစောထပြီး ဘုရားခန်းမှာ ဘုရားပန်းနဲ့ သစ်သီးတွေသွားကပ်ဖြစ်တယ်။ အရင်တုန်းက သီတင်းကျွတ်ကျောင်းပိတ်ချိန်တွေဆိုရင် ဆရာတော်ဘုရား ရှိတုန်းက မိသားစုတစ်စုလုံး ရွှေပေါ်ကျွန်းသွားတယ်။ ရွှေပေါ်ကျွန်းကို မသွားခင် ဘွားဘွားကို သွားကန်တော့တယ်။ ဘွားဘွားက သူတို့ငယ်ငယ်တုန်းက မန်းလေး သီတင်းကျွတ်အကြောင်းတွေပြောပြတယ်။ နောက်မှပြောပြမယ်နော်။ မေမေနဲ့မီးငယ်က မန်းလေးကနေသွားတယ်။ ဖေဖေက ချောက် ကနေလာတယ်။ နောက်တော့ ပဠနဂိုလ်ကနေလာတယ်။ မိသားစုက ရွှေပေါ်ကျွန်းမှာဆုံတယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်ဆိုတာ တကယ်တော့ မိသားစုဆုံတဲ့အားလပ်ရက်လေးပါပဲ။ ရွှေပေါ်ကျွန်းမှာ မြန်မာပြည်အနှံ့က ဝေနေယျတွေလာကြတယ်။ တစ်ဒေသဆီကနေဖြစ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ရှိကြတယ်။ လပြည့်နေ့ဆိုရင် ဆရာတော်ဘုရားကို ဆွမ်းကပ်ကြတယ်။ ညနေပိုင်း(၃)နာရီလောက်ဆိုရင် ဆရာတော်ဘုရားက တရားဟောရင်းနဲ့ ကန်တော့ခံတယ်။ ညနေပိုင်းနဲ့ ညဦးပိုင်းတွေဆိုရင် တ၀စေတီကြီးနားမှာ တောင်ကြီးက ဝေနေယျတွေက မီးပုံးပျံလွှတ်ကျတယ်။ အသက်လတ်ပိုင်း(၂၀)ကျော် (၃၀)ကြားတွေက မီးပုံပွဲလိုမျိုးလုပ်ပြီး သီချင်းဆိုတယ်။ တစ်ခါတစ်လေဆိုရင် ဦးထီး(စိုင်းထီးဆိုင်)တို့လည်းပါတယ်။ မီးငယ်တို့က တ၀စေတီပေါ်ကနေ မီးပန်းတွေ၊ ဗျောက်တွေဖောက်ကျတယ်။ ပြီးရင် မီးထွန်းကားတွေဆွဲတယ်။ မီးငယ်မှာ လိပ်ပြာမီးထွန်းကားလေးရှိဖူးတယ်။ မီးထွန်းကားက လှပေမဲ့ မီးကခဏခဏငြိမ်းတယ်။ အဲဒီတုန်းက မီးခြစ်မခြစ်တတ်သေးတော့ စိတ်ညစ်ရတာပေါ့။ မီးငယ် (၆)တန်းထိကို မီးထွန်းကားဆွဲတုန်းပါပဲ။ ပြီးတော့ဗေါက်ဖောက်တယ်။ မီးပန်းလွှတ်တယ်။ ဆရာတော်ဘုရားမရှိတော့ တဲ့နောက်ပိုင်း သီတင်းကျွတ်ဆိုရင် ရွှေပေါ်ကျွန်းကိုမသွားဖြစ်တော့ဘူး။

ဖေဖေက သီတင်းကျွတ်ဆိုရင် မန်းလေးလာတယ်။ ဒါတောင်နောက်ပိုင်း ရန်ကုန်ရုံးချူပ်ရောက်သွားတော့ မလာနိုင်တော့ဘူး။ သီတင်းကျွတ်နားနီးရင် အရမ်းပျော်ရသလို စိတ်ညစ်ရပါတယ်။ ပထမအစမ်းစာမေးပွဲကသီတင်းကျွတ်မတိုင်ခင်ဖြေရတယ်လေ။ သီတင်းကျွတ်တစ်ခုမှာပေါ့ မီးငယ် မီးပန်းလွှတ်နေတာကို မေမေကပါ ၀င်ပြီးဆော့ပေးတယ်လေ။ အဲဒါမီးပန်းကို မေမေက သူ့ဘက်ဆွဲလိုက် မီးငယ်က ဆွဲလိုက်နဲ့ သားမိနှစ်ယောက်လုနေတုန်း အိမ်ရှေ့အိမ်က ဦးလေးကြီးက တံခါးဖွင့်ပြီး ၀ရန်တာကိုထွက်အလာ မီးပန်းက အဲဦးလေးကြီးဆီကိုတည့်တည့်ဝင်သွားရော။ တော်သေးတယ်ဘာမှ ကြီးကြီးကျယ်ကျယ်မဖြစ်လို့။ နောက်ရက် အဲဒီဦးလေးကြီးကတံခါးကိုမဖွင့်တော့ဘူး။ သီတင်းကျွတ်ကျော်မှပဲပြန်ဖွင့်တယ်။ နောက်ပြီး အိမ်အောက်ဆင်းပြီး သူငယ်ချင်းတွေနဲ့ မီးသရဲလုပ်တယ်။ အကြော်ကြော်တိုင်းဆော့တယ်။ ဗျောက်ကို နို့ဆီခွက်ထဲ ထည့်ပြီးဖောက်တယ်။ ဗျောက်ကိုလက်ထဲ မှာတင်ပေါက်သွားဖူးပါတယ်။ ဒါပေမဲ့တော်သေးတယ် ကိုယ့်လက်က အပြင်က သူများ(ကိုသူ)လက်က အထဲက။ ရှူးဒိုင်းလွှတ်တယ်။ ဗျောက်ကတော့ မျိုးစုံကိုဖောက်တာ။ တစ်ချို့ဗျောက်တွေဆို အရုပ်ကလေးတွေနဲ့ လှလှလေးတွေ။ ကိုသူဝယ်လာပေးတာပါ။ ကိုသူလည်း ခုတော့ဘယ်နေရာမှာ တာဝန်ကျနေလဲမသိဘူး။ (၈)တန်းမပြီးခင်အထိကတော့ ဘုရားမီးပူဇော်တာက လူကြီးအလုပ်လို့ပဲသတ်မှတ်ပြီး ကူလုပ်တယ်ဆိုတာရှားပါတယ်။ မနက်ရောက်ရင် ညကမီးပူဇော်ထားတဲ့ ဆီမီးခွက်ထဲက ဖယောင်းချက်ကို ဘယ်လိုယူရင်ကောင်းမလဲဆိုတာအရင်စဉ်းစားပါတယ်။ ညဘက်မီးသရဲလုပ်ရဦးမှာလေ။ မေမေက ဘုရားမီးပူဇော်ထားတယ် ဘုရားလာရှိခိုးလို့ ခေါ်မှာ ဦးသုံးကြိမ်ကို အပြေးအလွှား သွားချတာပါ။ :D

နောက်ပိုင်းရောက်တော့ သီတင်းကျွတ်ခါနီးပြီဆိုရင် ဆီမီးခွက်တွေ ဖယောင်းတိုင်တွေကို ရေစိမ်ပြီး အသင့်လုပ်ထား။ ညနေ (၇)နာရီလောက်ဆိုရင် ဘုရားမီးပူဇော်ပြီ။ ဆီမီးတွေငြိမ်းသွားရင်။ မီးပုံးလေးတွေနဲ့ မီးထပ်ပြီးပူဇော်တယ်။ မီးပုံးလေးတွေကလည်း တရုတ်က၀င်တဲ့မီးပုံးလေးတွေက ပိုပြီးလှတယ်။ နောက်ဆုံးရက်တွေမှာဆိုရင် ဘုရားမီးတင်မဟုတော့ဘူး။ မြေစောင့်နတ်၊ မီးဖိုစောင့်နတ်၊ ခြံစောင့်နတ်စတဲ့အိမ်ထဲမှာရှိတဲ့နတ်တွေပါ ဘုရားမီးပူဇော်လို့ရအောင်ဆိုပြီး သူတို့တွေအတွက် ရည်းစူးပြီး လှူပေးရသေးတယ်။ မီးငယ်ဆိုရင် စာသာကောင်းကောင်းမကျက်ချင်တာ သူရသတီမယ်တော်ကိုရည်စူးပြီး သီတင်းကျွတ်ရောက်ရင် ဘုရားမီးလှူပေးရတာအမော။ :D ပြီးရင် ဆရာမတွေကို ကန့်တော့တယ်။ ဘွားဘွားကိုသွားကန်တော့တယ်။ ခုတော့ဘွားဘွားမရှိတော့ အန်တီကြီးကိုပဲ သွားကန်တော့ကြမယ်ထင်တယ်။ ခုချိန်ဆိုရင်တော့ မေမေနဲ့ ဖေဖေ က မီးငယ်အစားဘုရားမီးပူဇော်ဖို့လုပ်နေမှာ။:(မေမေနဲ့ ဖေဖေကိုလွမ်းတယ်။ ဒီနေ့ ဒီအချိန်မှာ ဒီလိုနေရာတစ်ခုမှာ ရပ်တည်နေနိုင်တာ မေမေနဲ့ဖေဖေရဲ့ကျေးဇူးတွေပါ။ ဘ၀မှာ ရရှိခဲ့တဲ့ ဆုလာဘ်တွေက မေမေနဲ့ဖေဖေရဲ့တွန်းအား မေတ္တာနဲ့ကျေးဇူးတွေက ၈၅%ပါ။ ဘယ်တော့မှ ဆပ်လို့မကုန်နိုင်မဲ့ကျေးဇူးတရားတွေနဲ့ မေမေနဲ့ဖေဖေကို ဒီနေရာကနေ ထပ်ပြီးကန်တော့လိုက်ပါတယ်။

Tuesday, September 30, 2008

ခိုင်မြဲသောလက်

တစ်ရက်"ညီမလေးပြောစရာရှိလို့" တဲ့ "ပြောအစ်ကိုကြီး" ဆိုတော့ "အစ်ကိုကောင်မလေးရပြီ" တဲ့ "ဟုတ်လားဘယ်သူလဲ..အတည်လား" မေးတော့"မ…. ညီမလေးနဲ့ မိတ်ဆက်ပေးမယ်"

ဒါနဲ့သူမ Gmail ထဲကို Nickအသစ်လေးရောက်လာတယ်။ နောက်မမနဲ့ခင်သွားတယ်။ မမကအစ်ကိုထက်တောင်ချစ်ဖို့ကောင်းသေးတယ်။ မောင်နှမမရှိတဲ့သူမအဖို့အစ်ကိုအပြင်အစ်မပါထပ်ရခဲ့တယ်လေ။ မမကလည်းအစ်ကိုဆိုးသမျှကိုလည်းနားလည်ပေးခဲ့တယ်။ အနာဂါတ်မှာကောင်းရင်ပြီးရောတဲ့ အတိတ်ကဆိုးခဲ့တာရှုတ်ခဲ့တာတွေကို ခွင့်လွှတ်ပေးခဲ့တယ်။ အရင်တုန်းကဆိုးခဲ့တဲ့ အစ်ကိုကလည်းမမနဲ့တွေ့မှလိမ္မာလာတယ်။

"သူငယ်ချင်းလေးပါပဲ…သူငယ်ချင်းလေးပဲတဲ့ကွယ်..ဒီလိုအကြိမ်ကြိမ်အခါခါပြောပါတယ်..ချစ်ရသူရယ်" Ring Tone သံကတိတ်ဆိတ်နေတဲ့ညကိုဖြိုခွင်းလိုက်ပါတယ်။ နာရီကြည့်တော့ မနက်(၄)နာရီ။

"ဟဲလို..ဘယ်သူလဲ"

"အော်..ညီမလေးကကိုယ့်အစ်ကိုအသံကိုတောင်မမှတ်မိဘူးပေါ့။အေးပေါ့ကွာ..ငါ့ညီမမှာအစ်ကိုတွေအများကြီးရှိတာကိုး"

"မဟုတ်ပါဘူးအစ်ကိုရာ ညီမလေးကအိပ်နေပြီ မနက်အတန်းရှိသေးတယ် ပြီးတော့Presentationလည်းရှိသေးတယ်အစ်ကိုကမအိပ်ဖူးလား"

"အစ်ကိုညီမလေးမမကိုလွမ်းလို့"

"အန်လွမ်းရင်မမဆီဆက်လေ"

"ညီမလေးမမဆီဆက်ရင်မမအိပ်ရေးပျက်မှာဆိုးလို့"တဲ့(တော်တော်ချစ်ဖို့ကောင်းတဲ့အစ်ကိုနော် :P)

အစ်ကိုနဲ့မမဘယ်လောက်ချစ်လဲဆိုတာ သူမသိခဲ့တယ်။ မမတို့နှစ်ယောက်စိတ်ကောက်ရင်ကြရင်လည်းကြားထားကနေချော့ခဲ့တယ်။


မှတ်မိပါသေးတယ်တစ်ရက်သူငယ်ချင်းတစ်ယောက်နဲ့စကားပြောနေတုန်း"ငါဘယ်သူလဲသိလား"တဲ့ရုတ်တရက်ကြောင်သွားတယ်။ပြီးမှ"အစ်ကိုမဟုတ်လား"ဆိုတော့"ဟုတ်တယ်သူငယ်ချင်းဆီရောက်နေတာ"တဲ့ အဲဒီအချိန်မှာမမကအွန်လိုင်းတက်လာတယ်။ မမကသူမကိုလှမ်းခေါ်တယ်။"မမခဏအစ်ကိုနဲ့ပြောနေတယ်"ဆိုတော့"ခုနကပြောတော့ပြန်မယ်ဆိုပြီးပြောသွားတယ်ခုထိမပြန်ရသေးဘူးလား"တဲ့သူမလည်းအချွန်နဲ့မပေးလိုက်တယ် "ဟုတ်တယ်မမ ခုထိပြန်သေးဘူးလို့" ကြားထဲကနေ မမပြောခိုင်းတာပြောလိုက် အစ်ကိုကဖြေရှင်းတာကိုပြောလိုက်နဲ့ ချွန်တွန်းလုပ်ပြီးပျော်ခဲ့ရတယ်။ နောက်ဆုံးမမကရာဇသံပေးလိုက်တယ် သူ့ဆီမှာ(၁၀)နာရီထိုးလို့မှ အဆောင်ပြန်မရောက်ရင် ဖုန်းရော..ကွန်ပျူတာပါပိတ်ပြီးအိပ်မယ်။ လုံးဝဖုန်းမခေါ်နဲ့တဲ့။ အစ်ကိုလည်း သူ့သူငယ်ချင်းက ထမင်းစားသွားဦးလို့ကျွေးတာတောင် မစားနိုင်ပဲအဆောင်ကိုရောက်အောင်ပြန်ပြေးခဲ့တယ်။

အစ်ကိုမြန်မာပြည်ကိုပြန်ရတော့မယ်။ "မမဘယ်လိုလုပ်မလဲ" ဆိုတော့။ "မမမြန်မာပြည်ပြီးစောင့်မယ်"တဲ့။ နှစ်ပါတ်လောက်ကြာတော့ဖုန်းဝင်လာတယ်။ "မမပြန်ရောက်ပြီ"တဲ့။ အစ်ကိုနဲ့တွေ့ပြီးပြန်လာတာလေ "နောက်ဆိုရင် မမတော့ singapore airlineကိုလုပ်ကျွေးရမယ်ထင်တယ်"တဲ့။ တစ်လလောက်နေတော့မမ ခရီးထွက်ရမယ်တဲ့ မထွက်ခင်ရန်ကုန်ခဏပြန်မယ် အစ်ကိုကတွေ့ချင်တယ်ပြောလို့ မမပြန်သွားခဲ့တယ်။ ပြန်လာတော့ "၂၀၀၉ သီတင်းကျွတ်ရင် အစ်ကိုနဲ့ယူတော့မယ်တဲ့။ ညီမလေးအရံလုပ်ပေးနော်"လို့ပြောခဲ့တယ်။ တစ်ရက်လည်းအစ်ကို အွန်လိုင်းတက်လာတယ် "၂၀၀၉ အောက်တိုဘာမှာမမနဲ့ယူမယ် ငါ့ညီမကအရံလုပ်ပေးပါ"တဲ့။ သူမပြန်ပြောခဲ့တယ် "စိတ်ချအစ်ကိုကြီး မမနဲ့အစ်ကိုကြီးတို့ မင်္ဂလာဆောင်အတွက်ဘယ်နေရာပဲရောက်နေနေ ပြန်လာခဲ့မယ်" လို့။


သူမဒီလောက်တော့လုပ်ပေးသင့်တယ်လေ။ မမနဲ့မတွေ့ခင်အချိန်ထိ အကောင့်ထဲမှာ Nick ပေါင်းမြောက်မြားစွာနဲ့ Chat ခဲ့တဲ့အစ်ကို။ မမနဲ့တွေ့ချိန်မှာNickတွေအားလုံးကို Deleteလုပ်ခဲ့ပေမဲ့ သူမရဲ့ Nick ကိုချန်ထားခဲ့တယ်။ မမက ဘယ်သူမလို့ချန်ထားတာလဲ လို့မေးတော့ ငါအရမ်းချစ်ရတဲ့ညီမလေးDeleteမလုပ်နိုင်ဘူးလို့ပြတ်သားစွာပြောခဲ့ပြီး ပြသနာအဖြစ်ခံခဲ့တယ်။ အပြင်မှာ မမြင်ဖူးသေးပေမဲ့ အစ်မတစ်ယောက်ရဲ့ကြင်နာမှု၊နွေးထွေးမှု နဲ့ဂရုစိုက်မှုတွေကို လေလှိုင်းထဲကတဆင့်ရခဲ့တယ်။ တစ်ယောက်တည်းအားငယ်နေတဲ့အချိန်မှာ မမရဲ့အားပေးမှုတွေကအားဖြစ်စေခဲ့တယ်။ သူမစိတ်ညစ်နေရင် အစ်ကိုနဲ့အစ်မက ဟန်ဆောင်ရန်ဖြစ်ပြီး သူမကိုပျော်ရွှင်အောင်ထားခဲ့တယ်။ အထီးကျန်တဲ့နေ့ရက်တွေကို အလွန်ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေအဖြစ်အစ်ကိုနဲ့ မမ ရဲ့အကူအညီနဲ့ပြောင်းလဲခဲ့တယ်။



မထင်ထားတဲ့တစ်ရက်မှာ မုန်တိုင်းတစ်ခုဝင်လာခဲ့တယ်။ ဒေါသထွက်နေတဲ့သူမကို မမကစကားတစ်ခွန်းပြောခဲ့တယ်။

"ညီမလေးရယ်..ရန်ကို ရန်ခြင်းမတုံ့နှုန်းပါနဲ့ သည်းခံခြင်းသည်အောင်မြင်ရာပါ မမညီမလေးအစ်ကိုကိုယုံကြည်တယ်" တဲ့။

အစ်ကိုကလည်း "မသိချင်ယောင်သာဆောင်လိုက်ပါ မုန်တိုင်းဘယ်လောက်ထန်ထန် အစ်ကိုတို့ရဲ့တွဲထားတဲ့လက်ကိုမဖြုတ်နိုင်ပါဘူးတဲ့" လေ "ငါ့ညီမလေးသာ အရံလုပ်ဖို့ပြင်ထားပါ" တဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့အစ်ကိုနဲ့မမလည်းနော်။ သည်းခံနိုင်တယ်။ တစ်ယောက်ကိုတစ်ယောက်လည်း နားလည်တယ်၊ ယုံကြည်မှုလည်းရှိကြတယ်။



တစ်ယောက်ကိုတစ်ယောက်နားလည်ပြီး၊ တစ်ယောက်ရဲ့လိုအပ်ချက်ကိုနောက်တစ်ယောက်ကဖြည့်ဆည်းပေးပြီး အမြဲတမ်းပြုံးပျော်နိုင်တဲ့ လက်တွဲဖော်နှစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းရင်း ၂၀၀၉ အောက်တိုဘာလ ကိုမြန်မြန်ရောက်ဖို့ဆုတောင်းလိုက်ပါတယ်။

P.Sအွန်လိုင်းပေါ်မှာတွေ့ပြီးချစ်ခဲ့ပေမဲ့အချစ်စစ်အချစ်မှန်နဲ့ဆုံတွေ့ခဲ့ရသောချစ်ရတဲ့အစ်ကိုကြီးနဲ့မမအတွက် အမှတ်တယ


Monday, September 29, 2008

တစ်နေ့စာအလွဲများ

ဒီနေ့တော့မီးငယ်တို့ဘယ်လောက်လွဲလဲဆိုတာပြောပြမယ်နော်..တစ်ရက်အိပ်ရာထတယ်(၉)နာရီထိုးနေပြီဆိုပြီးသေပြေးရှင်ပြေးထ။ မျက်နှာသစ်သွားတိုက်ပြီးမှသေချာကြည့်တော့မှ(၃)နာရီပဲရှိသေးတယ်။ အဲဒါနဲ့ပြန်အိပ်။ (၈)နာရီထိုးတော့တစ်ခါပြန်ထ။ ထမင်းချက်မယ်ဆိုပြီးဆန်ဆေးပြီးမီးဖွင့်။ အဲပြီးတော့ရေမိုးချိုး။ သနပ်ခါးလိမ်းတော့Day Creamနဲ့ Night Creamမှားလိမ်း။ ပြီးရော။ အတန်းမသွားခင်ထမင်းစားမယ်လုပ်တော့မှဆန်အတိုင်းရှိသေးတယ်။ဟိ Rice Cookerခလုတ်ကိုမနှိပ်ရသေးဝူး။ အဲဒါနဲ့ပေါင်မုန့်ပဲစားမယ်ဆိုပြီးကြည့်လိုက်တော့Room-Mateကသူမုန့်နဲ့မီးငယ်မုန့်ကိုမှားစားသွားပြီ။ အဲဒါနဲ့ အတန်းကိုပြေးစာအုပ်ထုပ်တော့ E-business အချိန်ကိုMIS နဲ့ကိုမှားယူလာ(စာအုပ်ကအရောင်နည်းနည်းတူလို့ဟိ) အဲဒါနဲ့ခပ်တည်တည်နဲ့ထိုင်နေအတန်းထဲမှာ။ အတန်းဆင်းတော့မှ ဗီယက်နာမ်ဆိုင်ကိုပြေး ခေါက်ဆွဲကြော်မှာ လာချပေးတာကခေါက်ဆွဲပြုတ်။ ဟုတ်နေတာပဲ။ ဗိုက်ကအော်နေတော့လည်းစားရတာပေါ့။ ပြီးတော့မှ အခန်းပြန်လာ။ အတန်းမရှိတော့ဖူးပေါ့။ အဲဒါနဲ့အိပ်လိုက်တယ်။ ဘယ်ဟုတ်မလဲ ည(၆)နာရီမှာ User and Producers Design အတန်းရှိသေးတယ်။ အတန်းမတတ်လိုက်ရဖူး။ အဲဒီနေ့ကတနင်္ဂလာနေ့ပဲရှိသေးတယ်။ မီးငယ်ကဗုဒ္ဒဟူးနေ့မှတ်လို့ဟိ။ သိပ်မကွာဖူးနော်။ ထူးအိမ်သင်သီချင်းလိုပေါ့...နည်းနည်းလေးတော့လွဲနေတယ်..လွဲလွဲလေးလည်းကောင်းပါတယ်...နေတက်ရင်အေးဆေးပဲ။ ဟိ

ကဲကဲနောက်ဆက်တွဲလွဲတာလည်းပြောဦးမယ်... ဒီနေ့ Library မှာစာအုပ်သွားချုပ်တာ ပိုက်ဆံအိတ်မပါပဲနဲ့သွားတယ်။ တော်သေးတာပေါ့စာအုပ်ကနောက်တစ်နာရီနေမှာလာယူလို့ပြောလို့။ နို့မိုဆိုတေပီဆရာပဲ။ ဟိ..တော်ပြီ ၀င်ပြီး Updateလုပ်တာအတန်းသွားတော့မယ် ဒီနေ့ တနင်္လာနေ့။ တာ့တာ့..အတန်းသွားပြီ။

Tuesday, September 2, 2008

စုထားတာအကုန်ထုတ်... :P

မီးငယ်ပစ္စည်းစုတာဝါသနာပါပါတယ်။ တံဆိပ်ခေါင်းရယ်ပီးတော့ Poohရုပ်နဲ့ဆိုင်တဲ့ပစ္စည်းလေးတွေရယ်ပါ။ ခုတော့မီးငယ်နဲ့အတူတူရှိနေတာက တံဆိပ်ခေါင်းစာအုပ်လေးဆိုတော့။ သူ့ကိုပဲအရင်ထုတ်ကြွား… အဲဟုတ်ပါဘူး...မီးငယ်စုထားတာလေးတွေကိုအမှတ်တယအနေနဲ့ထုတ်ပြတာပါ..ဟီး..:D

တံဆိပ်ခေါင်းစုတာကိုစပြီးဝါသနာပါတာကပထမနှစ်လောက်မှပါ..ငယ်သူငယ်ချင်းယမင်းကတံဆိပ်ခေါင်းစုတော့ ကောင်လေးတွေကသူ့ကိုတံဆိပ်ခေါင်းလက်ဆောင်ပေးချင်တဲ့အခါ မီးငယ်ကိုပါ(မျက်နှာလိုချင်တော့) ထည့်ပြီးပေးရင်းနဲ့ စပြီးစုဖြစ်တာပါ။ နောက်ပြီးသူငယ်ချင်းနေတိုးကလည်းသူ့ဦးလေးစုထားတဲ့တံဆိပ်ခေါင်းတွေယူလာပြီးပေးတော့တဖြည်းဖြည်းများလာတာပေါ့။ အဲဒီမှာတင်ပိုးကမသတ်နိုင်(လောဘ၀င်လာတော့) ပိုက်ပိုက်ကုန်တော့တာပေါ့ :( ။ မန်းလေးမှာက တံဆိပ်ခေါင်းစုတဲ့သူတော်တော်ရှားပါတယ်။ မီးငယ်ခုတင်ထားတဲ့ဓါတ်ပုံတွေထဲမှာတံဆိပ်ခေါင်းတွေကိုတံဆိပ်ခေါင်းစုတဲ့စာအုပ်(Stamp Album) နဲ့ စုထားတာမဟုတ်ပါဘူး။ Photo Album ထဲကိုထည့်ပြီးစုထားတာပါ။ မန်းလေးမှာကStamp Album ရောင်းတဲ့ဆိုင်ဆိုတာမရှိသလောက်ပါပဲ။ တစ်ချို့ဆိုင်တွေဆိုရင် မေးတဲ့သူကိုတောင်အရူးထင်နေကြတာပါ။ နောက်ပိုင်း ရန်ကုန်မှာသွားနေတော့မှာ စကော့ဈေးထဲမှာသွားပြီး တံဆိပ်ခေါင်းဝယ်ရတာ တစ်လတစ်လ မာမီပေးတဲ့လခကမလောက်တော့ပါဘူး..(မာမီနဲ့လည်းခဏခဏ စိတ်ကောက်ရပါတယ်) ဒါတောင်မီးငယ်ကကံကောင်းပါတယ်။ မီးငယ်ဝယ်တဲ့ဆိုင်ကဦးလေးက တံဆိပ်ခေါင်းစုတဲ့ဝါသနာရှင်ဆိုတော့မီးငယ်ကို အများကြီးအကူအညီပေးပါတယ်။ တစ်ချို့ဆိုင်တွေဆိုရင် တံဆိပ်ခေါင်းတစ်လုံး(မဆလခေတ်လောက်က)ကို မြန်မာငွေ (၄၀၀၀) နဲ့ (၅၀၀၀)ကြားမှာတောင်းပါတယ်။ မီးငယ်ကိုဆိုရင်ဦးလေးက အဲဒီထက်သက်သာတဲ့ဈေးနှုန်းနဲ့ပေးပါတယ်။ ဦးလေးကြောင့်လည်းတံဆိပ်ခေါင်းကို စနစ်တကျစုတတ်လာခဲ့ပါတယ်။ ဒါပေမဲ့အဲဒီဦးလေးဆိုင်သွားရင် တစ်နေကုန်လုံးအလုပ်မရှိတဲ့ရက်ကိုသွားမှပါ။ နို့မိုဆိုရင်သူဟောတဲ့တံဆိပ်ခေါင်းတရားကိုနာနေရတာနဲ့တစ်နေကုန်တာပါပဲ။ မီးငယ်ရဲ့ကားမောင်းတဲ့ဦးလေးဆိုရင်စိတ်ကိုညစ်ရောပဲစောင့်ရတာကြာလို့..ဟိ။

နောက်တစ်ယောက်ကတော့ မီးငယ်ရဲ့မမ မမလင်းလင်းပါ။ မမကလည်းတံဆိပ်ခေါင်းစုတာဝါသနာပါ ပါတယ်။ နိုင်ငံခြားတံဆိပ်ခေါင်းအများစုက မမဆီကနေရတာပါ။ မမအင်္ဂလန်ကနေပြန်လာတုန်းကဆိုရင်တံဆိပ်ခေါင်းတွေကို ကီလိုချိန်တွေနဲ့ပါလာတာပါ။ အင်္ဂလန်မှာကစာတိုက်တွေကတံဆိပ်ခေါင်းရောင်းတဲ့ရက်တွေရှိတယ်တဲ့။ သူတို့ကတံဆိပ်ခေါင်းတွေကို တူရာတူရာလေးတွေကို ခေါင်း(၂၀) (၃၀)လောက်စုပြီးအပ်ချည်ကြိုးလေးတွေနဲ့ချည်ထားပြီး လိုချင်တဲ့သူကကိုယ်ကြိုက်တဲ့အထုပ်လေးတွေကိုယူပြီး (၁)ကီလိုကဘယ်လောက်နှုန်းဆိုပြီးရောင်းတာပါတဲ့..(သူများနိုင်ငံများနော်..) မီးငယ်တို့နိုင်ငံများဒီနေ့တံဆိပ်ခေါင်းထွက်မယ်ဆိုရင် မနက်စောစောစာတိုက်မဖွင့်ခင်ကတည်းကသွားစောင့်နေရတာပါ။ ဒါတောင်ရောင်းတဲ့စာရေးမတွေရဲ့မျက်နှာကိုကြည့်နေရတာပါ။ သူတို့ကမီးငယ်တို့လို စုတဲ့လူတွေကိုမရောင်းချင်ပါဘူး။ တံဆိပ်ခေါင်းပြန်ရောင်းစားမဲ့သူတွေကိုပဲရောင်းချင်တာပါ။ အဲဒီလူတွေကလည်း တံဆိပ်ခေါင်းတွေကိုအချပ်လိုက်ဝယ်ကြတာပါ။ နောက်နေ့ဆိုရင်တံဆိပ်ခေါင်းက၀ယ်လို့မရတော့ဝူး။ ဟောကြည့်ပြောရင်းနဲ့ လွဲသွားပြန်ပြီလမ်းကြောင်းက။

တံဆိပ်ခေါင်းတစ်ခုက တစ်ခါထွက်ရင် တံဆိပ်ခေါင်းရယ်၊ First Day Cover လို့ခေါ်တဲ့ စာအိတ်လေးရယ်၊ တံဆိပ်တုံးရယ် ထွက်ပါတယ်။ တံဆိပ်တုံးကတော့ ပထမဆုံးထွက်တဲ့တစ်ရက်ပဲထုပေးတာပါ။ နောက်ရက်တွေကို အဲဒီတံဆိပ်တုံးမသုံးပါဘူး။ ပုံမှန်စာတိုက်ကသုံးနေကျတံဆိပ်တုံးတွေပဲသုံးတာပါ။ အဲဒါကြောင့်မို့လို့ တံဆိပ်ခေါင်းဝယ်မယ်ဆိုရင် ပထမဆုံးစထွက်တဲ့နေ့ကိုဝယ်နိုင်ရင်အကောင်းဆုံးပါပဲ။ ပြီးတော့ တံဆိပ်တုံးလည်းတစ်ခါတည်းထုလို့ရတယ်လေ။ မီးငယ်မာမီတို့ခေတ်တုန်းကတော့ Post Card လေးတွေပါထွက်တယ်လို့ပြောတယ်။ ခုတော့မပါတော့ဘူး။ မီးငယ်တံဆိပ်ခေါင်းအများဆုံး Support လုပ်ပေးတဲ့သူတွေက မမလင်း၊ ကိုငြိမ်းဝေဖြိုး၊ ကိုနေလွမ်းသူ နဲ့ ယမင်း တို့ပါ။ နောက်ပြီး ဘွားဘွားဆီလာတဲ့ စာတွေကိုလည်း ဘွားကို စာဖောက်ပေးပြီးတာနဲ့ မီးငယ်နဲ့မမလင်းလင်းက စာအိတ်ယူပြီး တံဆိပ်ခေါင်းခွာတော့တာပဲ။

တံဆိပ်ခေါင်းခွာတာလည်းနည်းရှိတယ်။ ဒီအတိုင်းစာအိတ်ကနေတံဆိပ်ခေါင်းကိုခွာရင်တံဆိပ်ခေါင်းနာပါတယ်။ ရေနွေးငွေ့ပေးပြီးခွာရတယ်။ ရေနွေးအိုးပေါ်မှာစာအိတ်ကိုရေနွေးငွေ့ခံပြီးထားရတာပါ။ ပြီးမှအခြောက်ခံရတာပါ။ ဒါပေမဲ့သူက အချိန်ကြာပါတယ်။ မာမီ့နည်းကတော့ ရေပူရေအေး ရောထားတဲ့ ပန်းကန်လေးထဲကို တံဆိပ်ခေါင်းပါတဲ့ စာအိတ်(ဒါမှမဟုတ်လည်း ဖြတ်ထားတဲ့ စာအိတ်အစ) ကိုထည့်လိုက်တယ်။ (၂) မိနစ်(၃)မိနစ်ဆိုရင် စာအိတ်တခြား၊ တံဆိပ်ခေါင်းတခြားဖြစ်သွားပြီ။ ပီးတော့မှတံဆိပ်ခေါင်းလေးတွေကို အခြောက်ခံရပါတယ်။ ပြီးရင်Dictionary စာအုပ်ကြီးတွေကြားထဲညှပ်ထားပြီးကော့နေအောင်လုပ်။ နောက်ဆုံးမှ တံဆိပ်ခေါင်းစုမဲ့ စာအုပ် (Album) ထဲကိုထည့်ရတာပါ။

တံဆိပ်ခေါင်းစပြီးစုတုန်းကဆိုမာမီနဲ့ခဏခဏ စိတ်ကောက်ရပါတယ်။ မာမီကပိုက်ပိုက်ဖြုန်းလို့ဆိုပြီးဆူပါတယ်။ ပီးတော့လည်း အမှိုက်ရှုပ်တယ်။ နောက်ဆုံးငါပဲသိမ်းရတာနင့်အမှိုက်တွေဆိုပီးတော့ပေါ့။ တိတယ်မဟုတ်လား။ :D ပြီးတော့ဖေဖေနဲ့ တိုင်တယ်လေ။ တိုင်တော့ဖေဖေက မင်းတုံးကလည်းစုတာပဲတဲ့။ ငါတောင်အီရန်ကနေပို့ပေးရသေးတယ်တဲ့။ ခုနေအရူးထတုန်းစုတာ စုပစေတဲ့။ နောက်အသက်ကြီးလာတော့ အဲဒါတွေကဘာမှမဟုတ်မှန်းသိသွားလိမ့်မယ်ထားလိုက်တဲ့။ :D အေးရော မာမီကိုဘာမှပြန်မပြောတော့ဝူး။ :P အဲတစ်ခုတော့ပြောတယ် အဲဒါကြောင့်မလို့ ရှင့်သမီးကဆိုးနေတာတဲ့။ ဟိ.. :P မီးငယ်ကိုဆူနေတာကနေမျှားဦးက ဖေဖေ့ဘက်လှည့်သွားရော။(ပိုင်တယ်နော်..အဲသလိုလုပ်စားနေတာကြာပေါ့) ဟိ...

မီးငယ်သိသလောက်တံဆိပ်ခေါင်းစုပုံအကြောင်းလေးနည်းနည်းပြောပြမယ်နော်။
၁။ တံဆိပ်ခေါင်းကို ၀ါသနာပါလို့စုတာနဲ့Professional စုတာဆိုပြီး (၂)မျိုးရှိပါတယ်။ Professionalသမားတွေကပြန်ရောင်းစားဖို့စုတာပါ။
၂။ တံဆိပ်ခေါင်းကိုစုရင်Seriesလိုက်စုရင်ပိုကောင်းပါတယ်။(ပြန်ရောင်းရင်ဈေးကောင်းရလို့)
၃။ တံဆိပ်ခေါင်းကိုမပွန်းအောင်သေချာထားရပါတယ်။
၎။တံဆိပ်ခေါင်းတင်တဲ့ လင်ပန်း၊ ညှပ်(Stamp tongs )၊ မှန်ဘီလူး(Magnifying glasses) ၊ Stamp album စတာတွေ သုံးနိုင်ရင်ကောင်းပါတယ်။ ( Professional စုတဲ့သူတွေသုံးတာပါ)
၅။ကိုယ့် ဘယ်လောက်အတိုင်းအတာထိစုချင်တာလဲ(ဘယ်ခေတ်လောက်က နေစပြီးစုချင်တာလဲ) ဆိုတာကိုဆုံးဖြတ်ရမှာပါ။ ဘာလို့လဲဆိုတော့ ပေးရတဲ့ပိုက်ပိုက်ကနည်းတာမှ မဟုတ်တာ။
၆။ တန်ဖိုးကြီးတဲ့တံဆိပ်ခေါင်းဝယ်တော့မယ်ဆိုရင်တော့သေသေချာချာစဉ်းစားသင့်ပါတယ်။ အတုတွေရှိနိုင်လို့ပါ။
၇။တံဆိပ်ခေါင်းက အဟောင်း(စာတိုက်ကနေ စာတိုက်တံဆိပ်တုံးရိုက်ထားတဲ့)ကတန်ဖိုးရှိတာပါ။ အသစ်ကတန်ဖိုးနည်းပါတယ်။ ဘာလို့လဲဆိုတော့ အဟောင်းကိုထိန်းသိမ်းနိုင်တဲ့လူကပိုပြီးအထိန်းအသိမ်းတော်လို့တဲ့။

ကိုင်းသိသလောက်ကတော့ဒါပဲ……အော်ပြောရဦးမယ်ကမ္ဘာတံဆိပ်ခေါင်းဈေးကွက်မှာ မြန်မာ့တံဆိပ်ခေါင်းတွေက ဈေးကောင်းရတယ်တဲ့..(ရှားလို့တဲ့)ဟိ.. ရှားမှာပေါ့ထုတ်မှမထုတ်တာ။ဟိဟိ

ဒါကတော့တံဆိပ်ခေါင်းစပြီး စုမဲ့သူတွေStep by Step လုပ်ရမဲ့ Stepလေးတွေကိုပြောထားတဲ့ဆိုဒ်လေးပါ။ စိတ်ဝင်စားရင်ဝင်ကြည့်ပေါ့နော့်။ ဘာသာပြန်တော့ဝူးနော်..ကိုယ့်ဘာသာဖတ်လိုက်ကြတော့နော်…
တံဆိပ်ခေါင်းဘယ်လိုစုမလဲ ?



Sunday, August 10, 2008

11-8-07 to 10-8.08


ဒီနေ့ ကမြန်မာပြည်ကနေထွက်လာတာ တစ်နှစ်ပြည့်တဲ့ နေ့ပါ ဒီနေ့မှာပဲ ထူးထူးခြားခြား အစ်ကိုတစ်ယောက်ထပ်ရခဲ့ပါတယ်...
ဘာရယ်တော့မဟုတ်ပါဘူး ဒါပေမဲ့ တခြားရက်တွေထက်အိမ်ကိုပိုလွမ်းနေမိတာတော့ အမှန်ပါပဲ....

Monday, July 7, 2008

၇.၄.၂၀၀၈ - ၇.၇.၂၀၀၈

ဒီနေ့ဘွားဘွားဆုံးတာ ၃ လပြည့်သွားပြန်ပါပြီ...ဘွားဘွားရေ..ကြာလာရင် မေ့ရမဲ့အစား ပိုပြီးတော့သတိရနေတယ်

Wednesday, May 7, 2008

အမှတ်တယ

ဒီနေ့ ဘွားဘွားဆုံးတာတစ်လပြည့်တဲ့နေ့ပါ မန်းလေးမှာတော့ မေမြို့မှာဆွမ်းကပ်ကြမယ်လို့ပြောတယ် အိမ်နဲ့ဖုန်းရတုန်းကတော့.. မီးငယ်လည်း ဘွားဘွားအတွက်ရည်စူးပြီး မုန်တိုင်းဒဏ်ခံရတဲ့လူတွေအတွက် အလှူငွေထည့်လိုက်တယ်....

Monday, April 21, 2008

ဘာမှန်းကို မသိဘူး

ဒီရက်ပိုင်း ဘာဖြစ်နေမှန်းကို မတိဝူး.. တင်းနေတယ် နေရင်းထိုင်းရင်းနဲ့ ကို... အဒူကိုတင်းနေမှန်းလဲ မတိ..ကိုယ့်ကို ကိုယ်ကိုရဲတင်းနေတယ်.. ချိတ်ရောမှန်တေးလားမတိပါဘူး... ချိတ်လေရယ်...
အဲဒါနဲ့ Group Meeting တွေရဲတွားဘူး.. အခန်းဖုန်းကို Plug ဖြုတ်ပီး Mobile ကို Slient လုပ်ပီး ကုတင်အောက်ထား ထားတယ် အေးရော.. အဒူမှ ခေါ်ရတော့ဝူး...
အဒူနဲ့ မှကို ချကားမကြော ဂျင်ဝူး... ပျောက်နေ ရို့ ချိတ်ပူပေးတဲ့ AIT က အစ်ကိုတွေ အစ်မတွေကို ရှဲရှဲနီ....
ကျွန်းကနေ ပြန်လာတာက ကြာလှ ပီ..ချိတ်ညစ်ရို့.. ကိုမင်းကျန်စစ် ပြန်ရောက်ပီးဗျို့ သတင်းပို့တာ....
ကြားမကြားတော့သိဝူး...အော်ရိုက်ပီ..မကြားတာတူ့အပြစ်... မီးငယ် ကကြောတယ်...

Monday, April 7, 2008

အမှတ်တယ(၇-၄-၂၀၀၈)



စာပေလောက အတွက်သာမက မြန်မာပြည်သူများအတွက်ကြီးမားတဲ့ဆုံးရှုံးမှုပါ..ကျွန်မရဲ့ဘ၀ အတွက်ကတော့ အဘွားတစ်ယောက်ဆုံးရှုံးလိုက်ရတာပါ...လူတိုင်းအပေါ်မှာ အပြစ်မမြင်တတ်ပဲ စေတနာထားတဲ့ အဘွား...မြေးတွေ ပြန်အလာကို အမြဲမျှော်နေတတ်တဲ့ အဘွား... အဘွားက မြေးတွေကိုသူ့ အနားမှာရှိစေချင်ပေမဲ့ ဘယ်သူကမှ အဘွားနားမှာရှိမနေခဲ့ကြဘူးလေ.... ဘွားဘွားရဲ့နောက်ဆုံးချိန်မှာတောင် မမစု၊ကိုကြီးနဲ့ ကျွန်မက အဝေးမှာလေ...ဒီဇင်ဘာပြန်တုန်းက ဘွားဘွားအတွက် ဖေဖေက ဘုရားပင့်ခဲ့ တဲ့.. ကျွန်မ အသုံးမကျလို့ မြဘုရားကိုတွေ့အောင်မရှာနိုင်ဘူးလေ.. ခုရှာတွေ့ပြီး မေပြန်ရင်ပင့်ခဲ့မယ်ဆိုတော့ ဘွားဘွားကမရှိတော့ဘူး.. ငါ့မြေးပြန်လာတောမြင်တော့ လင်းလင်း ကိုလည်းသတိရတယ်တဲ့... ဘယ်နေ့ပြန်မှာလဲ.. မပြန်ခင်ဘွားဆီလာဦးတဲ့.. တော်တော်ဆိုးတဲ့ကျွန်မ ဘွားကိုပြန်ခါနီးမှသွားနှုတ်ဆက်တယ်.. အဲဒီနေ့ကလည်း မတွေ့ခဲ့ဘူး.. ဆေးရုံမှာတဲ့ နည်းနည်းမောနေလို့ မာမီက ဆေးရုံပို့လိုက်တယ်ညကမှတဲ့ ရွှေပြည်စိုးကပြောတယ်.. အဲဒါနဲ့ သွားမတွေ့တော့ဘူးလို့ အစ်မကိုမြင်ရင် မမလင်းလင်းကို အဘွားကသတိရနေရင်စိတ်မကောင်းဖြစ်နေဦးမယ်.. အဲဒါနဲ့ပဲ ဘန်ကောက်ကိုပြန်လာခဲ့တာ (၁၄.၁.၂၀၀၈)နေ့ကဒီနေ့ကြအဘွားမရှိတော့ဘူး( ၇.၄.၂၀၀၈) လေ..


Tuesday, March 25, 2008

မီးငယ်နှင့်အမုန်းများ

၁။ ရွှေမန်းမေ ကားကြပ်တာကိုမုန်းတယ်
၂။ စောင့်ရတဲ့အလုပ်မှန်သမျှကိုမုန်းတယ်( Gtalk က Reply ကြာရင်လည်းရိုက်သတ်ပြစ်ချင်လောက်အောင်ကိုမုန်းတယ်)
၃။ မန်းလေး ဖုန်ထူတာကိုမုန်းတယ်
၎။ ညာပြောတဲ့လူတွေကိုမုန်းတယ်
၅။ Assignment, Project တွေအများကြီးပေးတဲ့ AIT ကဆရာတွေကိုမုန်းတယ်
၆။ ဖုန်းခေါ်တိုင်းကြားရတဲ့ "လူကြီးမင်းခေါ်ဆိုသော GSM #@$%^&* "ကိုမုန်းတယ်
၇။ မြန်မာပြည်ကလိပ်ကအဘိုးခေါ်ရလောက်အောင်နှေးတဲ့ Internet Connection ကိုမုန်းတယ်
၈။ Online မှာ Q နေတဲ့လူတွေကိုမုန်းတယ်
၉။ နှိုးစက်မြည်သံကိုလည်းလဲမုန်းတယ် (စောစောထချင်ဝူးလေနော့်)
၁၀။ ပြောချင်တာပြောခွင့် မရှိတဲ့ ကိုယ့်ဘ၀ ကိုလည်းမုန်းတယ်
၁၁။မြန်မာFamily President ကိုလည်းမုန်းတယ်(မကချင်တာကိုကခိုင်းရို့)
၁၂။ AIT SU Comitee ၀င်တွေကိုလည်းမုန်းတယ်( ကတာကောင်းရဲ့တားနဲ့ဆုမပေးပဲ..မကောင်းတဲ့ထိုင်းတွေကိုပေးရို့)
၁၃။ ပါးစပ်ကပြောရင်တော့ Multi Nationality Multi Cultural နဲ့လက်တွေ့ကြ ကုလားတွေနဲ့ယိုးဒယားတွေကိုပဲဦးစားပေးတဲ့ AIT ကိုမုန်းတယ်