Showing posts with label မြန်မာပြည်. Show all posts
Showing posts with label မြန်မာပြည်. Show all posts

Friday, February 13, 2009

13.2.2009

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။
၁၉၁၅ ရှေ့နေဦးဖာသား၊
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား၊
မိခင်ဒေါ်စုသား.......။

၁၉၄၇ ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး........။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်၊
ကောင်းစေချင်တဲံမှာစကား၊
ငါတို့မမေ့အား......။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား.......။

သူငယ်ချင်းတစ်ယောက် Forward Mail ကနေပို့လိုက်လို့ပါ...ဖတ်ကြည့်ကြပါနော်...
အောင်ဆန်းပေးတဲ့ မြန်မာပြည်

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့

ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။

- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

(ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ။ ရေးသားသူ - icy)။

Thursday, February 12, 2009

Union Day of Myanmar

လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၂) နှစ်လောက်တုန်းက ရှမ်းပြည်နယ်ရဲ့ မထင်မရှားမြို့ငယ်လေးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ တိုင်းရင်းသားခေါင်းဆောင် တွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့အတွက် အရေးပါတဲ့ ပင်လုံစာချုပ်လေးကို ဒီလိုနေ့လေးမှာလက်မှတ် ထိုးခဲ့ကြတယ်။ လွတ်လပ်ရေး ရပီးတဲ့နောက်ပိုင်းမှာ လည်း တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို ပြသတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့နေ့ကို နိုင်ငံရဲ့ အထွဋ်အမြတ်နေ့တစ်နေ့ အဖြစ်သတ်မှတ်ပြီး ပြည်ထောင်စုနေ့ပွဲ ဆိုတာတွေကို ပြုလုပ်ခဲ့ကြတယ်။ အိမ်တိုင်းအိမ်တိုင်းမှာလည်း နိုင်ငံတော် အလံလေးတွေ လွင့်ထူကြတယ်။

မှတ်မိသေးတယ်.. တစ်ရက် မူကြိုဆင်းခါနီး ဆရာမက ပြန်မလွှတ်သေးဘဲ အားလုံးကို တန်းစီခိုင်းတယ်လေ။ ပြီးတော့မှ မနက်ဖြန်ဘာနေ့လဲ လို့မေးတယ်။ မီးငယ်တို့တွေကလည်း ပြည်ထောင်စုနေ့ပါ လို့ပြန်ဖြေကြတယ်။ စိတ်အားထက်သန်စွာနဲ့ပေါ့။ ဘာလို့လဲဆိုတော့ မနက်ဖြန် မူကြိုပိတ်တယ်လို့ ဆရာမတစ်ယောက်က ပြောထားလို့ပေါ့။ မူကြိုကျောင်းအုပ်ဆရာမကြီး ရောက်လာပြီးတော့ ပြည်ထောင်စုနေ့ ဘယ်လိုဖြစ်လာတယ်။ ဘာကြောင့် အထွဋ်အမြတ်ထားပြီး နိုင်ငံရဲ့တရားဝင် ရုံးပိတ်ရက်ကျောင်းပိတ်ရက် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းတွေ ပြောပြတယ်။ ပြီးတော့ ဒီနေ့ကို မြတ်နိုးတန်ဖိုးထားသင့်တဲ့ အကြောင်းကို အချက်အလက်တွေ နဲ့ စီကာပတ်ကုံးပြောပြတယ်။ ပြီးတာနဲ့ မနက်ဖြန် အိမ်မှာလွင့်ဖို့ စက္ကူ အလံလေးတွေကို ကလေးတစ်ယောက်စီကို ပေးတယ်။ ပေးရင်းနဲ့လည်း ကိုယ့်နိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ နိုင်ငံတော်အလံကို လေးစားဖို့လည်းပြောပြပါတယ်။ သူများတွေအတွက်တော့ မသိဘူး။ မီးငယ်ရဲ့ စိတ်ထဲမှာတော့ ခုချိန်ထိ အဲဒီစကားသံတွေက သံမှိုလိုစွဲနေသေးတယ်။

ဘယ်မှာနေနေ ဘာတွေလုပ်လုပ် ကိုယ့်ကိုကိုယ် မြန်မာလို့ အမြဲသတိရနေတယ်။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုကြောင့် ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုး သိက္ခာကျမှာကို စိုးရိမ်မိတယ်။ တတ်နိုင်သလောက်လည်း သတိထားပြီးလုပ်တယ်။ ဘယ်လို အကြောင်းကြောင့်ပဲ သူများနိုင်ငံမှာနေရပါစေ တစ်နေ့နေ့မှာတော့ မြန်မာပြည်ကိုပြန်လာချင်တယ်။

ပင်လုံစာချုပ်ကို ဖတ်ဖူးချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။
Link ကိုGoogle ကနေရှာတွေ့မိပါတယ်။ တစ်ချို့ဘလော့တွေမှာလည်း သုံးထားတာတွေ့ပါတယ်။

Tuesday, May 6, 2008

နာဂစ်မုန်တိုင်းတဲ့…

တကယ်တော့ဒီနေ့စာမေးပွဲရှိပါတယ်ဘလော့ကိုဝင်ရေးဖို့စိတ်ကူးမထားပါဘူး ဒါပေမဲ့ သူ့ကြောင့်ရေးဖြစ်သွားတာပါရန်ကုန်အပါအ၀င် တစ်ချို့ပြည်နယ်နဲ့တိုင်းတွေမှာ မုန်တိုင်းဒဏ်ခံရတာ အားလုံးသိပြီးသား ဖြစ်မှာပါမီဒီယာတွေမှာလည်း အားလုံးမြင်နေကြားနေရတာပါပဲဒီ Postကိုရေးဖြစ်တဲ့အကြောင်းကတော့ မီးငယ်စိတ်ထဲမှာရှိတ်ာကိုပြောပြချင်လို့ပါ မုန်တိုင်းဆိုတာငလျင်လိုမဟုတ်ပါဘူးကြိုတင်ခန့်မှန်းလို့ရပါတယ်အနည်းဆုံး၄၈ နာရီလောက် ကြိုတင်ခန့်မှန်းလို့ရပါတယ် မြန်မာပြည်ရဲ့မိုးလေ၀သခန့်မှန်းရေကိရိယာတွေကပဲခေတ်မမှီတော့လိုလားနိုင်ငံတော်ကြီးမှာဘေးအန္တရာယ်ဆိုးကြီး ကျရောက်နိုင်တယ်ဆိုတာကိုမပြောရဲလို့လား တစ်ခု ခုတော့တစ်ခု ခုပါပဲ။

တစ်ချို့ကပြောပါသေးတယ်လူတွေက မိုးလေ၀သက ပြောတာကိုမယုံကြလို့တဲ့ဟုတ်ကဲ့အဲဒီနေရာမှာပြောစရာရှိလာပါပြီ ဘယ်တုန်းကရောမိုးလေ၀သကပြောတာမှန်ဖူးလို့လဲ(၆၀% လောက်ကမှားဖူးထားတော့)မယုံကြတာသိပ်မဆန်းဘူးလို့ပြောရမလိုတောင်ဖြစ်နေပါပြီ နောက်တစ်ခုကအဲဒီလူကပဲထပ်ပြောပြန်ပါတယ်လူတွေကမိုးလေ၀သကို မကြည့်ကြဘူးတဲ့ မီးငယ်ဒေါသလည်းထွက်သလိုသူပြောတဲ့စကားကိုလည်းရယ်မိပါတယ် မီးငယ်တို့အိမ်မှာမိုးလေ၀သကိုမကြည့်တဲ့နေ့ မရှိပါဘူး။

ဒါနဲ့စကားမစပ်မီးငယ်တို့ကသာစောင့်ကြည့်တာသူတို့ကသတင်းစာမှာတော့ ညနေ၆း၁၅ နဲ့၉နာရီသတင်းအပြီးကိုမိုးလေ၀သတင်း ကြော်ငြာမယ်လို့ထည့်ပြီးမကြော်ငြာတဲ့နေ့တွေကအများကြီးပါ ထားပါတော့ ရန်ကုန်မြို့ကြီးကတော့ ပုံမှန်အခြေအနေကိုပြန်ရောက်ဖို့ကတော်တော်အချိန်ယူရဦးမှာပါ တခြားမြို့တွေမှာလည်း ဒီအတိုင်းဖြစ်မယ်လို့ထင်ပါတယ်ပျက်စီးဆုံးရှုံးမှုတွေကတော့တိုင်းပြည်အတွက်ဝမ်းနည်းစရာပါ ဆုံးရှုံးမှုကိုလည်းအခုထိတိတိကျကျမထုတ်ပြန်နိုင်သေးပါဘူး မြန်မာပြည်မှာဒီလိုမျိုးသဘာဝဘေးအန္တရာယ်ဆိုးဆိုးဝါးဝါး ကျရောက်တယ်ဆိုတာအလွန်ရှားပါတယ။်

မြန်မာပြည်မှာ ကာကွယ်ရေးစနစ်တွေလည်းမီးငယ်သိသလောက်ဆိုရင် မရှိပါဘူး ခုတော့ဖြစ်ပြီးသွားပါပြီဘာမှပြန်လုပ်လို့မရတော့ပါဘူး ခုချိန်မှာအရေးကြီးတာကကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကိုမြန်မြန်လုပ်ဆောင်နိုင်ဖို့အရေးကြီးပါတယ်မကြာခင်မှာမိုးရာသီကိုရောက်လာတော့မှာပါ ကူးစက်ရောဂါနဲ့ တခြားမိုးတွင်းမှာဖြစ်တတ်တဲ့ရောဂါတွေ ဖြစ်မလာအောင်တားဆီးနိုင်ဖို့ အရေးကြီးပါတယ် သန့်ရှင်းတဲ့သောက်ရေ ရနိုင်ဖို့လိုပါတယ် မီး၊ဖုန်းလိုင်းတွေ ပြန်ရဖို့လိုပါတယ်ဒါမှဘယ်နေရာတွေမှာ အကူအညီရဖို့လိုသေးတယ်ဆိုတာကိုသိနိုင်မှာပါ တကယ်အကူအညီလိုတဲ့လူတွေဆီကိုအကူအညီတွေရောက်ဖို့လိုပါတယ် တစ်ဦးချင်းအနေနဲ့ရောအဖွဲ့အစည်းလိုက်ကူညီတဲ့သူတွေဆီကနေအကူအညီယူသင့်ပါတယ် နိုင်ငံတကာအကူအညီများကိုလည်း လက်ခံသင့်ပါတယ် လက်မခံရင်တော့တကယ်ဒုက္ခခံစားရမှာကအပြစ်မဲ့တဲ့ပြည်သူတွေပါ။

နောက်တစ်ခုကတော့ ပျက်စီးဆုံးရှုံးမှုစာရင်းကိုအမှန်အတိုင်းထုတ်ပြန်ကြော်ငြာပေးဖို့မျှော်လင့်ပါတယ် တိုင်းပြည်မှာဒီလိုသဘာဝ ဘေးအန္တရာယ်ကျရောက်တာရှက်စရာမဟုတ်ပါဘူး နောက်တစ်ခုကခုပဲ ၅ လပိုင်းကိုရောက်နေပါပြီ နောက်လဆိုရင် ကျောင်းဖွင့်တဲ့ရာသီရောက်ပါပြီ ကျောင်းတွေကိုလည်းမူလနီးပါးအတိုင်းပြန်ဖြစ်အောင် လုပ်ပေးနိုင်ရင်ကောင်းပါတယ် ကလေးငယ်တွေရဲ့ပညာရေးကအရေးကြီးပါတယ်နောက်ဆုံးတစ်ခုကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးစနစ်များတပ်ဆင်ခြင်း၊ကျရောက်လာရင်လည်း ဘယ်လိုစနစ်တကျ လုပ်ဆောင်ရမယ်ဆိုတာတွေကို ပညာပေးဖို့လိုပါတယ်။

အရေးအကြီးဆုံးအချက်ကတော့သတင်းအမှောင်မချဖို့ပါပဲ ဒုက္ခရောက်နေတဲ့ပြည်သူတွေမျက်နှာကိုကြည့်ကြပါ လို့ တောင်းပန်ချင်ပါတယ် မြန်မာပြည်ကတော့တစ်ခု ခုတော့တစ်ခု ခုပါပဲ ဒီနှစ်အတွင်းမှာကို မန်းလေးမှာ မီး အကြီးအကျယ် လောင်တယ်ခုရန်ကုန်အပါအ၀င်မြန်မာနိုင်ငံအောက်ပိုင်း မုန်တိုင်းမိပါတယ် ကံစိုးမသွားလေရာမိုးလိုက်ရွာတယ်လို့ပဲပြောရမှာပါပဲ ပုံမှန်ဆိုရင်ခုရန်ကုန်ကိုဝင်ရောက်တိုက်ခတ်သွားတဲ့မုန်းတိုင်းကဘင်္ဂလားဒ်ကိုဝင်ပြီး တိုက်နေကြမုန်တိုင်းပါ ဒီနှစ်မှမြန်မာပြည်ကိုဝင်ပြီးတိုက်ခတ်တာပါ၂၀၀၈ ခုနှစ်ကမြန်မာပြည်ကံဆိုးတဲ့နှစ်လို့ပြောရမလိုတောင်ဖြစ်နေပါပြီ..
ဘွားဘွားတောင် မီးငယ်တို့ကို စောစော ထားသွားတာတောင်ကောင်းတယ်လို့ပြောရမလိုဖြစ်နေပါပြီ..ဘွားဘွားသာရှိရင် အကြီးအကျယ်ကိုစိတ်မကောင်းဖြစ်မှာသေချာပါတယ်..ဘွားဘွားရေ မြေးတို့နိုင်ငံအခြေနေကိုကြည့်ပါဦး