Tuesday, October 14, 2008

သီတင်းကျွတ်


ဒီနေ့ အိမ်ကိုဖုန်းဆက်တယ်။ မေမေနဲ့ဖေဖေကိုလည်း မှန်းပြီးကန်တော့လိုက်တယ်။ မနက်စောစောထပြီး ဘုရားခန်းမှာ ဘုရားပန်းနဲ့ သစ်သီးတွေသွားကပ်ဖြစ်တယ်။ အရင်တုန်းက သီတင်းကျွတ်ကျောင်းပိတ်ချိန်တွေဆိုရင် ဆရာတော်ဘုရား ရှိတုန်းက မိသားစုတစ်စုလုံး ရွှေပေါ်ကျွန်းသွားတယ်။ ရွှေပေါ်ကျွန်းကို မသွားခင် ဘွားဘွားကို သွားကန်တော့တယ်။ ဘွားဘွားက သူတို့ငယ်ငယ်တုန်းက မန်းလေး သီတင်းကျွတ်အကြောင်းတွေပြောပြတယ်။ နောက်မှပြောပြမယ်နော်။ မေမေနဲ့မီးငယ်က မန်းလေးကနေသွားတယ်။ ဖေဖေက ချောက် ကနေလာတယ်။ နောက်တော့ ပဠနဂိုလ်ကနေလာတယ်။ မိသားစုက ရွှေပေါ်ကျွန်းမှာဆုံတယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်ဆိုတာ တကယ်တော့ မိသားစုဆုံတဲ့အားလပ်ရက်လေးပါပဲ။ ရွှေပေါ်ကျွန်းမှာ မြန်မာပြည်အနှံ့က ဝေနေယျတွေလာကြတယ်။ တစ်ဒေသဆီကနေဖြစ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ရှိကြတယ်။ လပြည့်နေ့ဆိုရင် ဆရာတော်ဘုရားကို ဆွမ်းကပ်ကြတယ်။ ညနေပိုင်း(၃)နာရီလောက်ဆိုရင် ဆရာတော်ဘုရားက တရားဟောရင်းနဲ့ ကန်တော့ခံတယ်။ ညနေပိုင်းနဲ့ ညဦးပိုင်းတွေဆိုရင် တ၀စေတီကြီးနားမှာ တောင်ကြီးက ဝေနေယျတွေက မီးပုံးပျံလွှတ်ကျတယ်။ အသက်လတ်ပိုင်း(၂၀)ကျော် (၃၀)ကြားတွေက မီးပုံပွဲလိုမျိုးလုပ်ပြီး သီချင်းဆိုတယ်။ တစ်ခါတစ်လေဆိုရင် ဦးထီး(စိုင်းထီးဆိုင်)တို့လည်းပါတယ်။ မီးငယ်တို့က တ၀စေတီပေါ်ကနေ မီးပန်းတွေ၊ ဗျောက်တွေဖောက်ကျတယ်။ ပြီးရင် မီးထွန်းကားတွေဆွဲတယ်။ မီးငယ်မှာ လိပ်ပြာမီးထွန်းကားလေးရှိဖူးတယ်။ မီးထွန်းကားက လှပေမဲ့ မီးကခဏခဏငြိမ်းတယ်။ အဲဒီတုန်းက မီးခြစ်မခြစ်တတ်သေးတော့ စိတ်ညစ်ရတာပေါ့။ မီးငယ် (၆)တန်းထိကို မီးထွန်းကားဆွဲတုန်းပါပဲ။ ပြီးတော့ဗေါက်ဖောက်တယ်။ မီးပန်းလွှတ်တယ်။ ဆရာတော်ဘုရားမရှိတော့ တဲ့နောက်ပိုင်း သီတင်းကျွတ်ဆိုရင် ရွှေပေါ်ကျွန်းကိုမသွားဖြစ်တော့ဘူး။

ဖေဖေက သီတင်းကျွတ်ဆိုရင် မန်းလေးလာတယ်။ ဒါတောင်နောက်ပိုင်း ရန်ကုန်ရုံးချူပ်ရောက်သွားတော့ မလာနိုင်တော့ဘူး။ သီတင်းကျွတ်နားနီးရင် အရမ်းပျော်ရသလို စိတ်ညစ်ရပါတယ်။ ပထမအစမ်းစာမေးပွဲကသီတင်းကျွတ်မတိုင်ခင်ဖြေရတယ်လေ။ သီတင်းကျွတ်တစ်ခုမှာပေါ့ မီးငယ် မီးပန်းလွှတ်နေတာကို မေမေကပါ ၀င်ပြီးဆော့ပေးတယ်လေ။ အဲဒါမီးပန်းကို မေမေက သူ့ဘက်ဆွဲလိုက် မီးငယ်က ဆွဲလိုက်နဲ့ သားမိနှစ်ယောက်လုနေတုန်း အိမ်ရှေ့အိမ်က ဦးလေးကြီးက တံခါးဖွင့်ပြီး ၀ရန်တာကိုထွက်အလာ မီးပန်းက အဲဦးလေးကြီးဆီကိုတည့်တည့်ဝင်သွားရော။ တော်သေးတယ်ဘာမှ ကြီးကြီးကျယ်ကျယ်မဖြစ်လို့။ နောက်ရက် အဲဒီဦးလေးကြီးကတံခါးကိုမဖွင့်တော့ဘူး။ သီတင်းကျွတ်ကျော်မှပဲပြန်ဖွင့်တယ်။ နောက်ပြီး အိမ်အောက်ဆင်းပြီး သူငယ်ချင်းတွေနဲ့ မီးသရဲလုပ်တယ်။ အကြော်ကြော်တိုင်းဆော့တယ်။ ဗျောက်ကို နို့ဆီခွက်ထဲ ထည့်ပြီးဖောက်တယ်။ ဗျောက်ကိုလက်ထဲ မှာတင်ပေါက်သွားဖူးပါတယ်။ ဒါပေမဲ့တော်သေးတယ် ကိုယ့်လက်က အပြင်က သူများ(ကိုသူ)လက်က အထဲက။ ရှူးဒိုင်းလွှတ်တယ်။ ဗျောက်ကတော့ မျိုးစုံကိုဖောက်တာ။ တစ်ချို့ဗျောက်တွေဆို အရုပ်ကလေးတွေနဲ့ လှလှလေးတွေ။ ကိုသူဝယ်လာပေးတာပါ။ ကိုသူလည်း ခုတော့ဘယ်နေရာမှာ တာဝန်ကျနေလဲမသိဘူး။ (၈)တန်းမပြီးခင်အထိကတော့ ဘုရားမီးပူဇော်တာက လူကြီးအလုပ်လို့ပဲသတ်မှတ်ပြီး ကူလုပ်တယ်ဆိုတာရှားပါတယ်။ မနက်ရောက်ရင် ညကမီးပူဇော်ထားတဲ့ ဆီမီးခွက်ထဲက ဖယောင်းချက်ကို ဘယ်လိုယူရင်ကောင်းမလဲဆိုတာအရင်စဉ်းစားပါတယ်။ ညဘက်မီးသရဲလုပ်ရဦးမှာလေ။ မေမေက ဘုရားမီးပူဇော်ထားတယ် ဘုရားလာရှိခိုးလို့ ခေါ်မှာ ဦးသုံးကြိမ်ကို အပြေးအလွှား သွားချတာပါ။ :D

နောက်ပိုင်းရောက်တော့ သီတင်းကျွတ်ခါနီးပြီဆိုရင် ဆီမီးခွက်တွေ ဖယောင်းတိုင်တွေကို ရေစိမ်ပြီး အသင့်လုပ်ထား။ ညနေ (၇)နာရီလောက်ဆိုရင် ဘုရားမီးပူဇော်ပြီ။ ဆီမီးတွေငြိမ်းသွားရင်။ မီးပုံးလေးတွေနဲ့ မီးထပ်ပြီးပူဇော်တယ်။ မီးပုံးလေးတွေကလည်း တရုတ်က၀င်တဲ့မီးပုံးလေးတွေက ပိုပြီးလှတယ်။ နောက်ဆုံးရက်တွေမှာဆိုရင် ဘုရားမီးတင်မဟုတော့ဘူး။ မြေစောင့်နတ်၊ မီးဖိုစောင့်နတ်၊ ခြံစောင့်နတ်စတဲ့အိမ်ထဲမှာရှိတဲ့နတ်တွေပါ ဘုရားမီးပူဇော်လို့ရအောင်ဆိုပြီး သူတို့တွေအတွက် ရည်းစူးပြီး လှူပေးရသေးတယ်။ မီးငယ်ဆိုရင် စာသာကောင်းကောင်းမကျက်ချင်တာ သူရသတီမယ်တော်ကိုရည်စူးပြီး သီတင်းကျွတ်ရောက်ရင် ဘုရားမီးလှူပေးရတာအမော။ :D ပြီးရင် ဆရာမတွေကို ကန့်တော့တယ်။ ဘွားဘွားကိုသွားကန်တော့တယ်။ ခုတော့ဘွားဘွားမရှိတော့ အန်တီကြီးကိုပဲ သွားကန်တော့ကြမယ်ထင်တယ်။ ခုချိန်ဆိုရင်တော့ မေမေနဲ့ ဖေဖေ က မီးငယ်အစားဘုရားမီးပူဇော်ဖို့လုပ်နေမှာ။:(မေမေနဲ့ ဖေဖေကိုလွမ်းတယ်။ ဒီနေ့ ဒီအချိန်မှာ ဒီလိုနေရာတစ်ခုမှာ ရပ်တည်နေနိုင်တာ မေမေနဲ့ဖေဖေရဲ့ကျေးဇူးတွေပါ။ ဘ၀မှာ ရရှိခဲ့တဲ့ ဆုလာဘ်တွေက မေမေနဲ့ဖေဖေရဲ့တွန်းအား မေတ္တာနဲ့ကျေးဇူးတွေက ၈၅%ပါ။ ဘယ်တော့မှ ဆပ်လို့မကုန်နိုင်မဲ့ကျေးဇူးတရားတွေနဲ့ မေမေနဲ့ဖေဖေကို ဒီနေရာကနေ ထပ်ပြီးကန်တော့လိုက်ပါတယ်။

9 comments:

Anonymous said...

အခုလို အချိန်မျိုးမှာ မိဘ ကို သတိရပြီး
တမ်းတတတ်တဲ့ ညီမလေး
ဒီထက်ပိုပြီး မြင့်မားတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်နိုင်ပါစေဗျာ

Taungoo said...

မီးငယ်ရေ
သီတင်းကျွတ်မီးထွန်းပွဲမှာ မိဘကျေးဇူးသိတတ်တဲ့ ညီမလေး ပျော်ရွှင်အေးချမ်းပါစေကွာ

မေတ္တာဖြင့်

မိုးမြင့်တိမ် said...

ညီမလေးရေ မိဘကျေးဇူးမမေ့တဲ့ သားသမီးဟာ အရာရာမှာ ထူးချွန်ထက်မြက်အောင်ပွဲဆင်နိုင်တယ် ညီမလေး။ ညီမလေးလည်း မိဘကျေးဇူးသိတတ်တဲ့အတွက အရာအားလုံး အောင်မြင်မှာပါကွယ်။

လွမ်းသုရင် said...

ကလေးလေးက သိပ်လိမ်မာတယ် :)

mgngal said...

လိမ္မာလိုက်တာ ။သာဓု သာဓု သာဓု ။
အဆင်ပြေ ပျော်ရွင်ပါစေဗျာ။

Anonymous said...

သာဓုပါဗျာ ကောင်းတဲ့ အစီအစဉ်လေးပါ ကျနော်တောင် မေ့နေတာ ဟိဟိ

ကိုဥာဏ်(စက်မှု) said...

ခုလိုဆိုတော့လည်း သာဓု ပါကွယ်

စန္ဒီမိုးမြင့် said...

မမမီးငယ် မေမေက မမနဲ့တူတူ မီးပန်ကစားတာ ပျော်စရာကြီးနော်
မမတို့မိသားစု က အရမ်းပျော်ဘို့ကောင်းတာဘဲ
အားပေးနေပါတယ်မမရယ်

မောင်ပိစိ said...

ဦးလေကြီးကို မီးပန်းနဲ့ ထိုးတယ်တဲ့.. ဟာဟ.. တော်ပြီ.. မီးငယ်တို့ အိမ်ရှေ့ မနေရဲတော့ဘူး :P :P အဲဒါငယ်ငယ်တုန်းက အကြောင်းတွေလေ.. အခုရော..