Saturday, November 14, 2009

လတ်တလောအခြေအနေ

ဘလော့လည်း ဖုန်တက်နေတာကြာပြီ…လူကစာရေးဖို့တော်တော်အပျင်းထူနေတယ်.. ကိုမင်းကျန်စစ်က Tag ထားတာကြာနေပီ.. ၃ လလောက်တောင်ရှိနေပီထင်တာပဲ.. ဒီနေ့စာရေးချင်စိတ်ရှိတာနဲ့ ပြန်ရေးလိုက်တာပါ….

တွေးမိနေတာက – Bangkok ကိုပြန်ဖို့…

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက – လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်။

ကျန်းမာရေး – ခါးနာတယ်.. ဗိုက်အောင့်တယ်… ခေါင်းမူးတယ်… သွားနာနေတယ်။

ဖတ်ဖြစ်တဲ့စာအုပ်က – ဦးနေ၀င်း၏ ပြာတစ်ဆုပ်နှင့် …(ကြေးမုံဦးသောင်း)

ရောက်ဖြစ်နေတာက – Singapore ကျွန်းအနှံ…& Power House

ရေးဖြစ်နေတာက – Visual C# Program တွေ….

နားထောင်ဖြစ်တာက – Daniel Powter ရဲ့ Bad Day

ဖြစ်ချင်နေတာက – အလုပ်တစ်ခု မြန်မြန်ရဖို့

စားဖြစ်နေတာက – Fried Chicken Seaweed

သနားနေမိတာက – အိမ်နဲ့ခွဲနေရတဲ့ ကိုယ့်ကိုကိုယ်….

လွမ်းမိနေတာက – AIT ကကျောင်းသားဘ၀….

မေ့လျော့ပစ်နေတာက – စိတ်ညစ်စရာကောင်းတဲ့ အတိတ်ကအကြောင်းတွေ….

ခါးသက်နေမိတာက – တွေဝေ တတ်တဲ့ကိုယ့်ကိုကိုယ်….

တမ်းတနေမိတာက – ပျော်ခဲ့ရတဲ့ ကျောင်းသားဘ၀….

ကျိတ်ပြီးချီးကျူးနေမိတာက – ခွင့်လွတ်တတ်တဲ့လူမှန်သမျှ….

ကျိတ်ပြီးအထင်သေးနေတာက – သူများအပြစ်ကိုမြင်ပြီး….ကိုယ့်အပြစ်ကို မမြင်တတ်တဲ့သူတွေ…

ဆန္ဒမရှိတဲ့နေရာ – စလုံးကျွန်း…

ဆန္ဒရှိနေတဲ့ကိစ္စ – သူငယ်ချင်းတွေနဲ့ မြန်မာပြည်အနှံလျှောက်လည်ချင်တယ်….

မုန်းတီးနေမိတာက – တကိုယ်ကောင်းဆန်တဲ့ ကိုယ့်ကိုကိုယ်…

ချစ်နေတာက – နားလည်မှုပေးတတ်တဲ့ မေမေ

စိတ်ပျက်နေမိတာက – ကိုယ့်ကိုကိုယ်

လိုအပ်နေတာက – ရင့်ကျက်မှု

ဝန်ခံချင်တာက – စာရေးဖို့အတွက်ပျင်းနေတယ်….

Thursday, June 25, 2009

မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲ :P


ဒီနေ့တော့ ဘာရယ် မဟုတ်ပါဘူး။ မန်းလေးက စားစရာတွေကို သတိရနေမိတယ်။

အကိုနဲ့ ပထဆုံးရောက်ဖူးတဲ့ ဗထူးကွင်းနားက မြှီးရှည်ဆိုင်။ ရတနာပုံဈေး အရှေ့ပေါက်နားက မြှီးရှည်ဆိုင် ကလည်း ၂၀၀၂ ခုနှစ်က တည်းက စားလာ ခုချိန်ထိပဲ။ မီးငယ်တို့က အဲဒီဆိုင်မှာ ဆိုရင် မုန့်စားရုံတင်မကဘူး ပုဂံတွေပါ ခွဲတာ။

(၁၆)ကျောင်းနားက မြင့်လွင် ၀က်သားဒုတ်ထိုး။ နောက်ပြီး လမ်း(၈၀)တရုတ်တန်းအဟောင်းနားက ၀က်သားဒုတ်ထိုး။ အဲဒီဆိုင်က ဈေးကြီးတယ်။ ဒါပေမဲ့ ဆိုင်က သန့်တယ် စားလို့လည်းကောင်းတယ်။ ထမင်းလည်းရတယ်။ မီးငယ်တို့ အုပ်စု(၄ယောက်) သွားရင် တစ်ခါတစ်ခါရှင်းရင် ၂-၃သောင်းကြားအမြဲရှင်းရတယ်။ ဟီး ၀က်သား သိပ်မကြိုက်ကြဘူးနော်။

(၈၂)လမ်း ဒေါ်ရှိ ထမနဲ့ နားက အာပူလျှာပူဆိုင်။ အဲဒီဆိုင်က အာပူလျှာပူအပြင် ထမင်းသုပ်၊ မုန့်ဟင်းခါးသုပ်၊ သဘောင်္သီးသုပ်၊ လက်ဖက်သုပ်၊ ဒညင်းသီးသုပ်၊ အသုပ်စုံ၊ ရှောက်သီးသုပ်၊ မုန့်တီသုပ်၊ ငါးဖယ်သုပ် အစုံရတယ်။ နေ့လည် (၁၁)နာရီလောက် ကနေညနေ (၅)နာရီလောက်ထိရတယ်။ ဖေဖေနဲ့ မေမေက အဲဒီဆိုင်က ထမင်းသုပ်ကို စားတယ်။ ကျန်တဲ့ ဆိုင်က ဟာတွေကို မစားဘူး။ အချိုမှုန့်ပါလို့တဲ့။ အဲဒီဆိုင်ကတော့ ကိုယ်ပြောသလို ဖြစ်နေတဲ့ဆိုင် ဆိုတော့ သူတို့စားရတာ အဆင်ပြေတယ်။ အဲဒီဆိုင်မှာ ဘယ်လောက်စားတယ် မစားတယ် မီးငယ် ထိုင်လိုက်တာနဲ့ ငါးဖယ်သုပ် နဲ့ အာပူတစ်ပွဲ နံနံပင်မထည့် ဆိုပြီး တမ်းအော်တော့တာပဲ။ဟိ

ပြီးရင် လမ်း(၈၀)ပေါ်က ဖောင်တော်သီ အအေးဆိုင်။ ဆန်ပြားလိပ် နဲ့ အအေးသောက်ရတာလဲ စည်းစိမ်တစ်မျိုးပဲလေနော်။ မီးငယ်ကတော့ စတော်ဘယ်ရီ၊ သံပရာရေနဲ့ ဆန်ပြားလိပ် အမြဲလိုလိုစားဖြစ်တယ်။ သွားစရာရှိရင်လည်း သူငယ်ချင်းတွေအဲဒီမှာတွေ့ဖို့ ချိန်းကြတာများတယ်။

နောက်ပြီးတော့ လမ်း(၈၀)ပေါ်ကပဲ ဒေါ်ရွှေကြက်ပေါင်းခေါက်ဆွဲဆိုင်။ အဲဒီဆိုင်က မီးငယ်တို့ ဟိုးငယ်ငယ်ကလေးတည်းက ဖွင့်ထားတာ။ သူ့ဆိုင်က ကြက်ပေါင်းက မီးငယ် နှာခေါင်းထဲတော့ မညှီဘူး။ တခြားဆိုင်တွေက အနံက ညှီတယ်လို့ခံစားရတယ်။

တစ်ခါတစ်လေ ညနေပိုင်း လမ်း(၃၀)နားက လိပ်ခုတ်ဆိုင်။ လိပ်ခုတ်ဆိုလို့လန့်သွားလား။ ပလာတာကို ပဲထည့်ပြီးလိပ်ထား ပြီးတော့ ခုတ်ထားလို့ လိပ်ခုတ်လို့ ခေါ်တာ။

မနက်ပိုင်း Oriental House က Dim Sum ။ ဒါပေမဲ့ စားတာနည်းနည်းများလာရင် ညှီလာရော။ အဲဒါကြောင့် သိပ်မစားဖြစ်ဘူး။ Dim Sum ဆိုရင် Shadow လက်ဖက်ရည်ဆိုင်က ဟာကိုစားတာများတယ်။ နောက်ပိုင်း Skywalk ဖွင့်လာတော့ အဲဒီအပေါ်မှာလည်း ဆိုင်ရှိတယ်လေ။

နောက်ပြီး စားဖြစ်တာက ရွှေတောင်တန်းက ကြေးအိုး။ (၆၂)လမ်းဆိုင်မှာ သွားစားဖြစ်သလို Skywalkပေါ်မှာလည်းစားဖြစ်တယ်။ Mr.Brown နဲ့ Ginza Pan ကလည်းဖောက်သယ်တွေပဲ။

နောက်ပြီး (၇၃)လမ်း JJ café မှာလည်းစားတယ်။ အဲဒီမှာ အမြဲလိုလိုစားဖြစ်တာက ငါးအသားချောင်းကြော်နဲ့ ကော်ဖီ နဲ့ JJ ထမင်းကြော် စားတာများတယ်။ နောက်ပိုင်းကျတော့ အတွဲတွေ များလာတော့ စိတ်ညစ်ရတယ်။း(

ဘာဂါ စားကြမယ်ဆိုရင်တော့ B သုံးလုံးကိုသွားကြတယ်။ အဲဒီမှာကတော့ European Food တော်တော်စုံစုံရတယ်။ နိုင်ငံခြားသားတွေကလည်း အဲဒီမှာစားတာများတယ်။ JJ ကိုသိပ်မသွားကျဘူး။

(၇၃)လမ်းက ရှမ်းခေါက်ဆွဲဆိုင်လည်းကောင်းတယ်။ ဆိုင်နာမည်တော့ မမှတ်မိတော့ဘူး။ သွားစားကြရင်လည်း လူက အယောက်(၂၀)လောက်။ ပြီးလို့ ပိုက်ဆံရှင်းရင် ဘယ်တော့မှ စုမရှင်းဘူး။ တစ်ယောက်ချင်းစီရှင်းကြတာ။ မျက်နှာငယ်လေးနဲ့ ပိုက်ဆံတွက်ရတဲ့ ဆိုင်ရှင်တွေကိုလည်း သတိရပါရဲ့။

မန်းလေးကန်တော်ကြီးက နာမည်ကြီးတဲ့ မိုးကောင်း အသုပ်ဆိုင်လည်းသွားကြတယ်။ ဆေးဘဲဥ သုပ်ကတော့ မီးငယ်က ပုံမှန်စားဖြစ်တယ်။ ကြိုက်လည်းကြိုက်တယ်။ ချိုချိုဖြူ ဆိုင်က ကြာဇံချက် နဲ့ရွှေတောင်ခေါက်ဆွဲ သုပ်ကလည်း စားကောင်းတာပဲ။

အိမ်ကလူကြီးတွေနဲ့ ဆိုရင်တော့ 12 ပန်းနားဆိုတဲ့ ရှမ်းဆိုင်ကိုသွားစားဖြစ်တယ်။ ခုနောက်ပိုင်း စီချွမ်းဟော့ပေါ့ရတဲ့ ဆိုင်လည်း သွားတယ်။ ဟော့ပေါ့အရည်က ရန်ကုန်က ရွှေကောင်းဟော့ပေါ့လောက် မကြိုက်ဘူး။ အိမ်ကလူကြီးတွေနဲ့ သွားစားရင် ဈေှးနှုန်းကိုခေါက်ချိုးပြောဖို့သာ ပြင်ထား။ နို့မိုရင်တော့ မစားဘူးချည်းပဲ ပြောတာ ခံရမယ်မှတ်။

လမ်း(၈၀)နဲ့(၃၈)လမ်းထောင့်က ကော်ပြန့်ကြော်လည်း စားကောင်းတယ်။ ရိုးရိုးကော်ပြန့်၊ ငါးဖယ်ကော်ပြန့် နဲ့ ငုံးဥကော်ပြန့်ဆိုပြီးရှိတယ်။ ငါးဖယ်နဲ့ ငုံးဥကော်ပြန့်က တစ်ထုပ်ကို (၁၅၀) ဆယ်ခုပါတယ်။ ခုတော့ ဈေးမသိတော့ဘူး။ မေမေက ငါးဖယ်ကော်ပြန့် အ၇မ်းကြိုက်တယ်။ အဲဒီဆိုင်ရဲ့ အနောက်ဘက် ကောက်ညှင်းပေါင်းနဲ့ အကြော်ဆိုင်လည်း သတိရတယ်။

(၃၅)လမ်း န၀ရတ်ရိပ်သားနားက မာလာဟင်းဆိုင်တွေလည်း သတိရတယ်။အကင်စုံစား မာလာဟင်း၊ မာလာငါးစားနဲ့ ပျော်စရာကြီး။

သောက်ကျမယ်ဆိုရင်တော့ ကန်တော်ကြီး ကုက္ကိုလ်ကျွန်းထဲက ဆိုင်ကကောင်းတယ်။ မိသားစု၊ သူငယ်ချင်းတွေ ချည်းပဲဆိုရင် နေရာလည်းကျယ်တယ်။ ရတဲ့အစားအသောက်ကလည်း မဆိုးဘူး။ ဈေးနည်းနည်းကြီးတာကလွဲလို့။ မီးငယ်တို့ သူငယ်ချင်းကောင်လေးတွေ သောက်မယ်ဆိုရင် အဲဒီသွားတာများတယ်။ အဲဒီမှာက အရက်နဲ့ ပါတ်သတ်တာမျိုးစုံရတယ်။ ဘီယာဆိုင်လိုလည်း မဟုတ်တော့ သူငယ်ချင်းတွေအုပ်စုလိုက်သွားရင် လူအမြင်တင့်တယ် တယ်လို့ထင်ပါတယ်။

နောက်ပြီး သွားစားတတ်တဲ့နေရာ တစ်ခုကတော့ တောင်သမန်အင်းက ပုဇွန်ကြော်၊ ငါးကြော်ပါပဲ။ လှေလည်းစီး၊ မုန့်လည်းစား အတွဲလည်းချောင်းရင်းပေါ့။ တစ်ခါတစ်လေ ရတနာပုံတက္ကသိုလ် ထဲထိ သွားပြီး မုန့်စားကြပါသေးတယ်။

ဈေးချိုထဲမှာလည်း မြန်မာမုန့်တွေက စုံတယ်နော်။ မုန့်စိမ်းပေါင်း၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ ကြာဇံချက်၊ မုန့်လိပ်ပြာ၊ ကြိတ်မုန့်၊ မုန့်ဘိုင်းတောင့်၊ မုန့်လင်မယား၊ မုန့်ပစလတ်၊ တို့ဟူးသုတ် အစုံပါပဲ။ မီးငယ်တို့ အုပ်စုကတော့ ဗိုက်ဆံသမျှ အကုန်ထည့်တာပါပဲ။ ကြိတ်မုန့်ဆိုရင် ဗန်းလိုက်ဝယ်လိုက်တယ် အေးရော။ :D

အမှတ်(၈) မုန့်ဈေးတန်းကလည်း မီးငယ်တို့ မုန့်သွားစားနေကျနေရာပါ။ ခုချိန်ထိလည်း ပြန်ရင် သူငယ်ချင်းတွေစုပြီး ဆရာမတွေသွားတွေ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းထဲဝင်ပြီး မုန့်စားတုန်းပါ။ ကျောင်းပြီးပြီးချင်းတုန်းကတော့ အိမ်နားက ကလေးတွေက ဘာဝယ်ခဲ့ပေးပါဆိုပြီး မှာစားတာ။ ခုနောက်ပိုင်း အဲကလေးတွေလည်းကျောင်းပြီးရော။ အုပ်စုလိုက်ကျောင်းသွားပြီး မုန့်စားတော့တာပါပဲ။ သေချာတာကတော့ အဲဒီနေ့ ဗိုက်လည်းပြည့်တယ်။ ပိုက်ပိုက်လည်း သိပ်မကုန်ဘူး။ ဆရာမတွေက သူတို့ သမီးတွေက သူတို့ကို အမှတ်တယ နဲ့လာတွေ့တယ်ဆိုပြီး မုန့်တွေ ၀ယ်ကျွေးတယ်လေ။ ဟီး ကျောင်းက လက်ဖက်သုပ်က ဘယ်ဆိုင်နဲ့မှကို မတူဘူး အရမ်းစားလို့ကောင်းတယ်။ ကျောင်းဆင်းရင်ကျောင်းရှေ့ပေါက်က ကြက်ဥခေါက်မုန့် ၀ယ်ပြန်တယ်။

နောက်ပြီးတော့ စစ်ကိုင်းကောင်းမှုတော်က အကြော်ကလည်းစားလို့ကောင်းတယ်နော်။ မီးငယ်တို့ကတော့ ကျောင်းလစ်ပြီးကို သွားစားကြတယ်။ မင်းကွန်းခေါင်းလောင်းကြီးနားမှာ ရောင်းတဲ့ အကြော်ဆိုင်လည်းကောင်းတယ်။ မြစ်ငယ်တံတားနားက ရွှေကျွန်းပင် လက်ဖက်ရည်ဆိုင်က ကြံရည်လည်းကောင်းတယ်။

ပြန်ရင်တော့ အဲဒီဆိုင်တွေမှာ သွားစားဦးမယ်။

Tuesday, June 9, 2009

တအုံကျောင်းသားဘ၀(၄)


တအုံ ပထမနှစ် စာမေးပွဲတွေပြီးတော့ ကျောင်းပိတ်ထားတဲ့အချိန်မှာ မန်းလေး MCC မှာသင်တန်းတွေ တက်ဖြစ်ပါတယ်။ (၁၀)တန်းအောင်ခါစ ကလည်း MCC မှာသင်တန်းတွေ တက်ဖူးတော့ MCC မှာ မီးငယ်ကကျောင်းသားဟောင်းပေါ့။ ဆရာတုံ(မောင်လှ) နဲ့ ဆရာSteven က မီးငယ်ရဲ့ ဆရာတွေပါ။ သင်တန်းကလူတွေက မီးငယ်ကို အေးတယ်၊ စာလုပ်တယ်၊ မဆော့ဘူး အရမ်းလိမ္မာတယ်ပေါ့ ထင်ထားကြတာလေ။ (၁၀)အောင်ခါစ ICT Level 1လာတတ်တုန်းက သူငယ်ချင်းတွေနဲ့ မဟုတ်ဘူးလေ။ တစ်ယောက်တည်း ဆိုတော့ အေးတာပေါ့၊ သိတယ်မဟုတ်လား။ အုပ်စုလိုက်လည်း သင်တန်းလာတတ်ရော သောင်းကျန်းလိုက်တာ MCC ကြီးဂျွမ်းပြန်မလောက်ပဲ။ မီးငယ်တို့ တက်တဲ့ အတန်းက ICT Level 2 ပါ။ အတန်းပိုင် ဆရာက ဦးဝင်းနောင်။ သင်တဲ့ဆရာတွေက ဆရာSteven ၊ဆရာဝင်းနောင်၊ ဆရာ ဇော်ဇ်ာအောင်၊ ဆရာတုံက IDCS တို့ IAD တို့ကို အဓိကထားသင်တာ ဆိုတော့ မီးငယ်တို့လို ကလေးတန်းတွေကို တစ်ခါတစ်လေမှ သင်တာ။ နောက်ပြီး သင်တဲ့ဆရာ(၃)ယောက်လောက်ရှိသေးတယ်။ နာမည်တွေတော့ မမှတ်မိတော့ဘူး။

ICT Level 2 မှာ Section (၁) ခု ကို လူ(၂၀) ပဲလက်ခံတယ်။ မီးငယ်တို့အုပ်စုက စုစုပေါင်း(၁၁) ယောက်။ ကျန်တဲ့ (၉)ယောက်ကလည်း (၁)ပါတ်ပဲ ရှိသေးတယ် ကိုယ့်လူဖြစ်ကုန်ရော(အဟဲ အဲသလို ပိုင်တာ)အဲဒီအတန်းမှာမီးငယ်ကို အကြောက်ဆုံးက ဆရာဇော်ဇော်အောင်၊ ဆရာက စကားအရမ်းတတ်တယ်။ အစတုံးက မီးငယ် ဆရာနဲ့ ပြိုင်ငြင်း၊ စကားနိုင်လုရင် ရှုံးတာများတယ်။ နောက်ပိုင်း ဆရာကတောင် ညည်းနဲ့ငါ ပြိုင်မပြောတော့ဘူး ဆိုတဲ့အထိ ဖြစ်ကုန်ရော။ အဲဒီထဲက မှတ်မှတ်ရရ ငြင်းတဲ့ အကြောင်းတစ်ခုကို မှတ်မိသေးတယ်။ ကွန်ပျူတာတွေမှာ AI (Artificial Intelligence) အရမ်းတိုးတက်လာမယ် ဆိုရင် နောက်ပိုင်း ကွန်ပျူတာတွေက လူတွေကို ပြန်ပြီး ထိန်းချူပ်လာနိုင် မလားဆိုတဲ့ Topic ကိုငြင်းတာ။ ဆရာက ဖြစ်လာနိုင်တယ်ပေါ့။ မီးငယ်က ဖြစ်မလာ နိုင်ဘူး။ အဲဒီတုန်းကတော့ စာဖတ်ပြီး အချက်နဲ့အလက်နဲ့ ငြင်းတာထက် ဆရာ့ကို နိုင်ချင်လို့ မျက်စိမှိတ်ပြီး ငြင်းတာပါ။ ဆရာက Game တွေမှာဆိုရင်တောင် လူတွေက ကွန်ပျူတာကို မနိုင်ဘူးဆိုပြီး နောက်ဆုံးပြောလိုက်တယ်။ မီးငယ်က တစ်ခွန်းပဲ ပြန်ပြောလိုက်တယ် လွယ်လွယ်လေး Power ခလုတ်သာ ပိတ်ချလိုက် အဲဒီကွန်ပျူတာဘာမှ ထမလုပ်နိုင်ဘူးလို့။ ဆရာတော်တော် စိတ်လေ သွားပုံရတယ်။ ဆက်မငြင်းတော့ဘူး။

အဲဒီအတန်းမှာ မီးငယ်တို့ Project လုပ်ရတယ်။ Project လုပ်ရတော့ နောက်ဆုံးမှာ Presentation လုပ်ရတယ်ပေါ့။ အဲဒီမှာပြဖို့ Power Point Slide တွေဘာတွေလုပ်ရတယ်။ နောက်တစ်ခုက ကိုယ့်အဖွဲ့ကိုနာမည်ပေးရတဲ့ အပြင် အဖွဲ့ရဲ့ Logo ပါလုပ်ရတယ်။ အဓိက ကတော့ Design ဆွဲတတ်ဖို့နဲ့ Photoshop ကောင်းကောင်းသုံးတတ်ဖို့ပေါ့။ မီးငယ်တို့ အုပ်စုကတော့ လာထား ကိုဖိုးချမ်း ဆွဲပေးပေါ့။ အဲဒီတုန်းက ကိုချမ်းက IAD တက်နေတာဆိုတော့ မီးငယ်တို့ Senior ပေါ့။ အစက ကိုချမ်းက ဆွဲမပေးပါဘူး။ နောက်ငိုတစ်မျိုး၊ ဂျီကျပြီးတစ်မျိုးနဲ့ဆိုတော့ နောက်ဆုံး ကိုချမ်းအလျော့ပေးပြီး ဆွဲပေးပါတယ်။

နောက်တစ်ခုက သင်တန်းမှာ မီးငယ်ရဲ့ချစ်လှစွာသောအကိုက အချိန်ပိုင်းဆရာ ပြန်လုပ်နေပါတယ်။ မှတ်မိသေးတယ် သင်တန်းစ စတက်ချင်းနေ့က အကို့ကိုတွေ့တော့ အရမ်းပျော်ပြီး သွားခေါ်တာ သူက မီးငယ်ကို ညည်းနဲ့ငါနဲ့ သိလို့လားဆိုပြီး လှည့်ပြောတာ။ ဘေးနားမှာလည်း ဆရာတုံ၊ ဆရာမိုး နဲ့ဆရာထက်ကလည်း ရှိနေတယ်။ ဆရာတွေကလည်း ၀ိုင်းကြည့်တာဆိုတော့ စိတ်ကတော်တော်တိုသွားတာပေါ့။ တကယ်မသိဘူးနော် မှတ်ထားလိုက် ဆိုပြီး လှည့်ထွက်လာခဲ့တာ နောက်ကနေပြေးလိုက်လာပြီး ခေါ်ပါတယ်။ မီးငယ်လည်းလုံးဝ မခေါ်ပဲနဲ့ အတန်းထဲဝင်လာတော့ အတန်းထဲထိလိုက်လာတယ်။ လာမခေါ်ရဲဘူး။ နောက်ကနေထိုင်ပြီး ၀ဏ္ဍတို့ကို အကိုက စလိုက်တာ ကောက်သွားတယ် ၊ ကူချော့ပေးပါ ဆိုပြီး အတန်းထဲကနေမထွက်ဘူး။ နောက်ဆုံး Respect ion က အစ်မတစ်ယောက်က ကိုရဲခဏ ဆိုမှထွက်သွားတယ်။ နောက်ပြီးတော်တော်ကြာမှ ဆရာဝင်းနောင် ၀င်လာတယ်။သူက ဒီ Courseရဲ့ Manager ပါဆိုပြီးလာမိတ်ဆက်တယ်လေ။ ဆရာ့လည်း ဘယ်ကြောက်မလဲ တအုံမှာကတည်းက သူငယ်ချင်းလိုဖြစ်နေတာကိုး။ နောက်မှ သိတယ် မီးငယ်တို့အတန်းရဲ့ Course Manager ကို အကို့ ကိုလုပ်ခိုင်းတာ မီးငယ်ပါနေလို့ သူမလုပ်ပရစေနဲ့ အတန်းကို ထိန်းမနိုင်ဖြစ်မှာ စိုးလို့ဆိုပြီး ဆရာဝင်းနောင်ကလုပ်ပေးတာတဲ့။ တော်တော်ဆိုးတယ်နော် :D

သင်တန်းက ညနေ(၅)နာရီကနေ (၇)နာရီပါ။ မီးငယ်တို့အတန်းကနောက်ဆုံး အတန်းလေ။ အပြန်တိုင်း အကိုနဲ့တူတူပြန်ဖြစ်တယ်။ မီးငယ်အိမ် လမ်းတ၀က်မှာ အကို့အိမ်ပါ။ ဒါပေမဲ့ အကိုက မီးငယ်ကို အရင်ဆုံးအိမ်ပြန်ပို့တယ်။ ပြီးမှ သူ့အိမ်သူပြန်တယ်။ တစ်ခါတစ်လေ ၃၈လမ်းနဲ့ လမ်း ၈၀ ထောင့်မှာ ကော်ပြန့်ဝင်စားတယ်။ မီးငယ်တို့ သင်တန်းတက်တဲ့ အချိန်ကဆောင်းတွင်းထဲမှာ အဲဒီတော့ အနွေးထည်ဝတ်ရတာပေါ့နော့။ မီးငယ် ၀တ်တာကိုလည်း ပြောပြဦးမယ်။ အပေါ်ကတော့ အနွေးထည် လည်ပင်းထောင်နဲ့ အကျီလေးတွေဝတ်တယ်။ အောက်ကတော့ စကပ်အတို၊ ဘောင်းဘီအတို တွေဝတ်တာများတယ်။ အကိုက အမြဲဆူတယ်။ သူက အတိုတွေ ၀တ်တာမကြိုက်ဘူးလေ။ တစ်ခါတစ်လေ သူ့တပည့်တွေက ဆရာ ယောက်ဖ တော်လို့ချင်လို့ ဆိုပြီးစရင် အရမ်းစိတ်ဆိုးတယ်။ သူစာသင်တဲ့အခန်းဘက်ကိုလည်း မလာရဘူး။ ပြန်ခါနီးရင် Locker ထားတဲ့ အခန်းနားကနေစောင့်ရတယ်။ စိတ်မရှည်လို့ အတန်းနားမှာ လာစောင့်မိရင် အဲဒီနေ့ မျက်နှာကြီးက ပုတ်သိုးနေတာ။ သင်တန်းလာရင်လည်း မိနစ်(၃၀)ထက်စောပြီးမလာရဘူး။ လာမိရင်လည်း သူ့နားပဲနေရတယ်။ ဘယ်မှ သွားလို့မရဘူး။ သူငယ်ချင်းတွေနဲ့ မုန့်ဆင်းစားမယ်ပြောရင် ဘာစားချင်လဲပြော ခုသွားဝယ်ပေးမယ် ဆိုပြီးဖြစ်တာပဲ။ တစ်ရက်လည်း သူ့စာသင်တဲ့အတန်းက မပြီး မပြီးနဲ့ သွားတော့ စက်ခန်းထဲမှာ ရောက်နေတယ်။ သူ့တပည့်တစ်ယောက် Program Error တက်နေတာ ပြင်နေတာတဲ့။ တက်နေတဲ့ Error ကလည်းသောက်သောက်လဲပဲတဲ့။ ဆရာ၊တပည့်နှစ်ယောက် Error ကိုရှာမရလို့တဲ့။ အဲဒါနဲ့ ကူရှာပေးတာ Programကို void main() function မပါပဲနဲ့ Run ထားတယ်လေ။ Program တစ်ပုဒ်မှာ void main() function မပါပဲနဲ့ Run လို့မရဘူးလေ။

အဲဒီလိုနဲ့ နေလိုက်တာ တအုံက အောင်စာရင်းတွေထွက်ရော။ မီးငယ်က ဂုဏ်ထူးတစ်ခုပါတယ်။ အကိုက Roll နံပါတ်က ကျသွားတယ်။ မှတ်မှတ်ရရ အကိုနဲ့စကားများပြီး တသက်လုံးမခေါ်ဘူးဆိုပြီး ဖြစ်ထားတာပေါ့(အဲလိုဖြစ်တာလည်း မောင်နှမ(၂)ယောက်က ခဏခဏပဲ)။ အောင်စာရင်းထွက်တော့ အကို့မျက်နှာက တော်တော်ကို ညှိုးနေတာ၊ ဘယ်သူ့ကိုမှလည်း စကားမပြောတော့ သူငယ်ချင်းတွေက နင်တစ်ယောက်ပဲ သူ့ကိုစကားပြောလို့ရမှာ ဆိုတာနဲ့ စကားသွားပြောတာ့ Roll နံပါတ်ကျလို့ မဟုတ်ဘူး။ ညည်းငါ့ကို တသက်လုံးမခေါ်ဘူးပြောလို့တဲ့။ ပြောစရာကိုဖြစ်ရော။ အဲလိုနဲ့ ကျောင်းပြန်တတ်ရတယ်ပေါ့။

တအုံကျောင်းသားဘ၀ (၁)
တအုံကျောင်းသားဘ၀(၂)
တအုံကျောင်းသားဘ၀(၃) ကိုဖတ်လို့ရပါတယ်ရှင်။

Wednesday, June 3, 2009

My Note for 23rd Birthday


လူတိုင်းမှာ အမှတ်တယ တစ်ခုစီတော့ ရှိတတ်စမြဲပါ။ ကျွန်မမှာရော.. အများကြီးပဲပေါ့။
ပျော်ရွှင်ခဲ့တဲ့ အမှတ်တယတွေ၊ ၀မ်းနည်းခဲ့တဲ့ အမှတ်တယတွေ၊ ကျရှူံးခဲ့တဲ့ အမှတ်တယတွေ၊ အောင်မြင်ခဲ့တဲ့ အမှတ်တယတွေ ပေါ့။ အဲဒီ အမှတ်တယတွေကို ဘယ်လိုမှတ်ထားခဲ့လဲ။ ဒိုင်ယာရီ ရေးပြီး မှတ်ထားခဲ့လား။ ဟင့်အင်… မရေးခဲ့ပါဘူး။ ချပြီးရေးမှတ်ထားတာက တိကျသေချာတဲ့ အလုပ်တစ်ခုဖြစ်ပေမဲ့ ကျွန်မ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မဘ၀ အတွက် အရေးကြီးတဲ့၊ အရေးပါတဲ့၊ တန်ဖိုးထားတဲ့ အရာတွေအားလုံးကို ခေါင်းထဲမှာ သေချာမှတ်မိနေတယ်။

လူတစ်ယောက်ကပြောတယ်… အရမ်းမှတ်ထားနိုင်တယ်တဲ့။ ဟုတ်တယ် စိတ်ထဲကနေ အလေးထားရင် အားလုံးကိုမှတ်မိနေတယ်။ လွန်ခဲ့တဲ့ ၉ လလောက်ကတော့ စိတ်ကူးထဲကနေ ဖြစ်ချင်တာတွေအားလုံးကို ချရေးထားဖူးတယ်။ စုစုပေါင်း အခု(၂၀)ရှိတယ်။ အဲဒီထဲကနေ (၅) ခုတော့ ဖြစ်ပြီးသွားပြီ။ ဒါပေမဲ့ စိတ်ကူး (၂)ခုကတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘာပဲပြောပြော ၄ ပုံ ၁ ပုံတော့ ဖြစ်ပြီးသွားပြီး ကျန်တာတွေဖြစ်လာအောင် ကြိုးစားရမယ်။

ဘ၀မှ အရေးကြီးတဲ့ နေ့ရက်တွေ
- ၂.၇.၂၀၀၂ (၁၀ တန်းအောင်စာရင်းထွက်တဲ့နေ့)
- ၂၃.၂.၂၀၀၇(B.C.Tech (Hons) ရတဲ့နေ့)
- ၁၁.၈.၂၀၀၇(AITကိုစရောက်တဲ့နေ့)
- ၆.၅.၂၀၀၉( Deference ပြီးတဲ့နေ့)
- ၂၇.၅.၂၀၀၉ (M.Sc(Computer Science) ရတဲ့နေ့)

အောင်မြင်ခဲ့တာဘယ်နှစ်ကြိမ်၊ ကျရှူံးခဲ့တာ ဘယ်နှစ်ကြိမ်ဆိုတာတော့ မှတ်မထားမိဘူး။ အချိန်တိုင်းမှာ အောင်မြင်တယ်၊ ကျရှူံးတယ်လို့ မမှတ်ပဲ ကိုယ့်အတွက်သင်ခန်းစာတစ်ခု ရတယ်လို့ ပဲမှတ်ထားလိုက်တယ်။ သေချာတာကတော့ ရှေ့လျှောက်သင်ယူစရာတွေ အများကြီးရှိသေးတယ် ဆိုတာပါပဲ။ (၂၃)နှစ်ပြည့်တဲ့ ဒီနေ့ထိ မှန်တာတွေလုပ်ခဲ့သလို အမှားတွေလည်း အများကြီးရှိခဲ့တယ်။ တစ်ချို့အမှားတွေကပြင်လို့ရသလိုပဲ ပြင်လို့မရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီအမှားတွေထဲကနေ မသိသေတဲ့ အရာတွေကိုလည်း သိလိုက်ရတယ်။ အထူးသဖြင့် လောကကြီးက ထင်သလောက်မဖြူစင်ကြဘူး ဆိုတာပါပဲ။ သေချာတာကတော့ ရှေ့လျှောက်အမှားနည်းဖို့နဲ့ စိတ်ကို အလိုမလိုက်ဖို့ပဲ လိုတယ်။ ဘ၀မှာတောင်းတဲ့ဆုတိုင်းသာပြည့်ရမယ်ဆိုရင်… မေမေနဲ့ဖေဖေကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့ သမီးဖြစ်ရပါစေလိုဧ။်လို့ ပဲဆုတောင်းမိမယ်။

ဒီနေ့ ဒီအချိန် ဒီနေရာမှာရပ်တည် နိုင်အောင် တွန်းအားအများဆုံးပေးခဲ့တဲ့၊ ထောက်ပံမှုတွေပေးခဲ့တဲ့ ၊ လမ်းညွန်မှုတွေပေးခဲ့တဲ့ မေမေနဲ့ဖေဖေ။

တပည့်တစ်ယောက်လိုသာမကပဲ သမီးတစ်ယောက်လိုပါ သဘောထားပြီး ပညာသင်ပေးခဲ့တဲ့ ဆရာ ၀င်းနောင်၊ ဆရာ စော။

မွေးနေ့တူပြီး AIT မှာနေတဲ့ ကာလတစ်လျှောက်လုံး ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေး၊ စာရှင်း၊ နေမကောင်းလည်း ဆေးတိုက်၊ ထမင်းလည်းချက်ကျွေးခဲ့တဲ့ အကို ကိုဟန်ဝင်း

ဗိုက်ဆာတိုင်း မညီးမညူ စားစရာလုပ်ပေးတဲ့ မမငယ်နဲ့ Markiu

တစ်နိုင်ငံဆီမှာနေပေမဲ့… ညီမအရင်းတစ်ယောက်လို ဆုံးမခဲ့သွန်သင်ခဲ့တဲ့၊ စိတ်ပျက်စရာတွေ့တိုင်းအားပေးခဲ့တဲ့ ကိုကြီးမိုးမြင့်တိမ်မမလဲ့

အကူအညီလိုတိုင်း နှိပ်စက်ရတဲ့ ကိုကြီး ကိုကျော်မြတ်သူ

ငါ့ညီမ ညည်းလူ့လောကအကြောင်းကိုဘာမှ မသိသေးဘူးဆိုတဲ့ ကိုBlack နဲ့ ကိုဖြိုးငယ် နဲ့ ကိုငြိမ်းချမ်းမင်း

နှိပ်စက်သမျှကို သည်းခံကျတဲ့ သူငယ်ချင်း သီရိစိုး၊ ကျော်ဇင်၊သာယာ၊

မွေးနေ့တူတဲ့ သူငယ်ချင်း ဆန်းထွန်း နဲ့ ဥာဏ်လင်းစိုး တို့အားလုံးကို ဒီနေ့ ဒီအချိန်ထိ အနားမှာရှိနေပေးလို့ ကျေးဇူးတင်ပါတယ်။

ပြီးတော့ ကျွန်မရေးသမျှစာတွေကို သည်းခံပြီးဖတ်ပေးခဲ့ကျတဲ့ အကို၊အမတွေနဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

So Lonely Birthday! :(

Wednesday, May 27, 2009

Congratulation by Myself


(၂)နှစ်ဆိုတဲ့ အချိန်လေးက ပြန်ကြည့်မယ်ဆိုရင် တကယ်တော့ ဘယ်လောက်မှ မကြာသလိုပါပဲ။
ဘာလိုလိုနဲ့ ကျောင်းပြီးသွားပြီ။ ပထမဆုံး Semester မှာတော့ အလူးအလဲကို စာပိပြီး ဘာ Activities မှ မလုပ်နိုင်ခဲ့ဘူး။ ဒုတိယနဲ့ တတိယ semester ပိုတောင်ဆိုးလာသေးတယ်။ နောက်ဆုံး Semester မှ ဖေဖေပြောထားတဲ့အတိုင်း Student Union မှာ Volunteer ၀င်လုပ်ဖြစ်ခဲ့တယ်။ AIT မှာ စိတ်ချမ်းသာစရာထက်၊ စိတ်ညစ်စရာက ပိုများခဲ့တယ်ဆိုတာတော့ သေချာတယ်။ လူတွေရဲ့အကြောင်းကိုလည်း ပိုသိလာတယ်။ ထင်ထားသလောက် လူတွေရဲ့စိတ်က မဖြူစင်ဘူးဆိုတာလည်း သိလာတယ်။ ကျန်နေသေးတဲ့ ဘ၀မှာ ကိုယ့်ကိုကိုယ် ဆက်လက်ရှင်သန်နိုင်အောင် ဘယ်လိုရပ်တည်ရမယ်ဆိုတာလည်း နည်းနည်းတော့ နားလည်လာတယ်။ ဘာပဲပြောပြော နောက်ထပ်ဘွဲ့တစ်ခုကတော့ ရခဲ့ပြီ။ အဲဒါကို ဘယ်လိုရှေ့ဆက်အသုံးချနိုင်မလဲဆိုတာပဲ ကိုယ့်ကိုကိုယ့် စောင့်ကြည့်ရမယ်။ နောက်ထပ်ဘာတွေ တိုးတက်ပြောင်းလဲလာ မလဲပေါ့။ AIT မှာ ကျောင်းတက်နေတုန်း Blog တစ်ခုလည်း လုပ်ဖြစ်ခဲ့တယ်။ အဘွားလည်း မရှိတော့ဘူး။ (၂)နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကောင်းတာတွေရော ဆိုးတာတွေပါ ဖြစ်ခဲ့တယ်။ မှားတာတွေ မှန်တာတွေလည်း ရှိခဲ့တယ်။ သင်ခန်းစာယူလိမ့် မယ်လို့ ကိုယ့်ကိုကိုယ် မျှော်လင့်မိတယ်။ ဘာပဲပြောပြော လူကြီးတစ်ယောက်ဖြစ်လာအောင် ကြိုးစားရမယ်။ Anyway, Congratulation By Myself. မိသားစု (၃)ယောက်တည်းရှိတဲ့ အခြေအနေမှာတောင် ဘွဲ့ယူတာကိုမေမေလိုက်မလာနိုင်ဘူး။

AIT ကိုရောက်လာအောင် တွန်းအားပေးခဲ့တဲ့ ၊ အစစအရာရာ လိုအပ်မှုမရှိအောင် ထားပေးခဲ့တဲ့ ဖေဖေနဲ့မေမေ။ စရောက်ကတည်းက ခုချိန်ထိ ထမင်းလည်းချက်ကျွေး၊ စာလည်းရှင်း၊ နေမကောင်းလည်း ဆေးတိုက်တဲ့ အကို၊ ပြသနာရှိလည်း ဒီအကိုပဲပြေးပြော နဲ့ နေလာတာ အကို (ကိုဟန်ဝင်း) ညဘက်ကို ဗိုက်ဆာတိုင်း မညည်းမညူနဲ့ စားစရာလုပ်ပေးပြီး စီနီယာတစ်ယောက်လိုရော အစ်မအရင်းတစ်ယောက်လိုပါ ဆုံးမပြီး အနားမှာနေပေးခဲ့တဲ့မမငယ်။ စာမရတိုင်း ရှင်းပြပါဆိုပြီး ဂျီကျခဲ့ရ သူပြောတဲ့ အင်္ဂလိပ် အသံထွက်ကိုနားမလည်မှာ စိုးလို့ ဖြေးဖြေးခြင်းပြော ပေးတဲ့ စီနီယာ Mariku ။ နှိပ်စက်သမျှကို နင်ကငါ့ကိုသိပ်နိုင်စားတာပဲ လို့ ပြောပြီး အားလုံးလိုက်လုပ်ပေးတဲ့ သူငယ်ချင်းပြည့်စုံ။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ အောင်မြင်မှု၊ ကျဆုံးမှုတွေကို အတူတူခံစားပေးတဲ့ သူ။

ဒီနေ့ရတဲ့ဘွဲ့က မေမေနဲ့ဖေဖေရဲ့ကျေးဇူးက (၈၀%) ပါတယ်ဆိုတာ လုံးဝကိုသေချာပါတယ်။ မေမေနဲ့ဖေဖေရဲ့ ထောက်ပံမှုမပါပဲနဲ့ ဒီနေ့ဒီအခြေအနေကိုရောက်မလာတာကတော့ သေချာတယ်။
အရာအားလုံးအတွက် ကျေးဇူးပါ မေမေနဲ့ဖေဖေ။

Tuesday, April 14, 2009

AIT သင်္ကြန် (April 2009)

မီးငယ်တို့ကျောင်းမှာ သင်္ကြန်လုပ်ပါတယ်...မနေ့က ကြာဇံကြော်နဲ့အုန်းနို့ကျောက်ကျောကျွေးပါတယ်.... ဒီနေ့ရွှေရင်အေးနဲ့ ဆီချက်ခေါက်ဆွဲကျွေးမယ်လို့ သတင်းအတိအကျရထားပါတယ်။ မြန်မာတွေကိုပေးမသုံးတဲ့ မီးသတ်ပိုက်လည်း ဒီနှစ်ပေးသုံးပါတယ်.... သင်္ကြန်တွင်းလည်း ထိုင်းစစ်တပ်က ဆော်တယ်တဲ့။ သူတို့တွေက ပြောတယ်.. ကြမ်းနေပီတဲ့... အဲဒီစကားပြောတဲ့နေ့က စစ်တပ်ကပစ်တောင်မပစ်သေးဘူး။ သံချပ်ကာ ကားတွေ မြို့ထဲရောက်နေရုံပဲရှိသေးတယ်။ မီးငယ်လည်းပြောလိုက်တယ်.. ငါတို့ဆီက တပ်မ တစ်ခုလောက်သာခေါ်လိုက် နင်တို့ဆီမှာ နောက်ထပ်ဒါမျိုး မဖြစ်စေရဘူးလို့ :D သူတို့ကထပ်ပြောသေးတယ်.. မြို့ထဲမှာ ရဲနေတာပဲတဲ့ သွေးတွေလားဆိုတော့ မဟုတ်ဘူး။ အကျီအနီဝတ်ထားတဲ့သူတွေတဲ့။ ပြန်ပြောလိုက်တယ်။ အဲဒါရဲတယ်မခေါ်သေးဘူးလို့။ ငါတို့ဆီမှာ လမ်းမပေါ်မှာ ရဲရုံတင်မကပူး အိုင်ပါထွန်းနေတာလို့....(တိန် မဆိုင်တာတွေပြောမိပြန်ပီ) အဓိကပြောချင်တာကတော့......အကိုတစ်ယောက်က ကဗျာရေးထားတယ်..ဖတ်ကြည့်ကြပါဦးနော်..
သင်္ကြန်လက်ဆောင် တဲ့
'မကောင်းမှုတွေမှန်သမျှ
နှစ်ဟောင်းတွင်သာချန်ခဲ့ကြ။ ''

''စိတ်သစ်လူသစ်မွေးကြပါ
နှစ်သစ်ရောက်တော့မှာ''

''ကောင်းမှုအရာပြည့်စုံဖို့
ဒို့တတွေကြိုးစားစို့။''

''လောဘ၊ဒေါသ၊မောဟတွေ
ဒို့ကိုအမြဲနှိပ်စက်နေ..''

''ပူလောင်မှုတွေကင်းဝေးဖို့
အတာရေနှင့်ပက်ဖျန်းစို့။''

''မလိုမုန်းထားရန်တရား
ဖယ်ရှားကြပါဒီချိန်ခါ''

''ရင်းနှီးခင်မင်ချစ်ကြည်ဖို့
ပျော်ပျော်ရွှင်ရွှင်ရေကစားစို့။''

AIT ရောက်မြန်မာတွေ
ရိုးရာဓလေ့ပြစို့လေ..

ပျော်စေရွှင်စေသင်္ကြန်ပွဲ
စည်းကမ်းရှိစွာဒို့ဆင်နွှဲ

တွေ့ကြုံဆုံကွဲဓမ္မတာ
လူတိုင်းတွေ့ရမှာ
တွေ့ကြုံဆုံကြတခဏ
ဖော်ဖော်ရွေရွေဆက်ဆံကြ
အဲဒါမြန်မာ့ရိုးရာဓလေ့ဗျ။

Best regards,
Supercountryman


P.S >> နောက်ဆုံးအခြေအနေအရ... ထိုင်းလူမျိုးများ သင်္ကြန်နှင့် သီတင်းကျွတ်မှားသွား၍ ဗျောက်အိုးများ တဒိုင်းဒိုင်းဖေါက်သည့်အလား ပစ်ဖေါက်နေကြသည်...(သတင်းများကိုကြော်ငြာလို့ပီးပါပီ)....
ရွှေရင်အေးသွားသောက်လိုက်ပါဦးမယ်ကွယ်....

Tuesday, April 7, 2009

Unforgetable Day

ဒီနေ့ ဘွားဘွားဆုံးတာ တစ်နှစ်ပြည့်ပြန်ပီ။ မန်းလေးမှာတော့ ဆွမ်းကျွေးလုပ်ကြတယ်ပြောတယ်။ မီးငယ်တော့ ဘာမှ မလုပ်ဖြစ်ပြန်ဘူး။ အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ။ ရင်ထဲမှာတော့ အမြဲတမ်းရှိနေပါတယ်။ လွမ်းတယ် အဘွားရယ်....