Friday, February 19, 2010

တအုံကျောင်းသားဘ၀(၅)

ဒုတိယ နှစ်ရောက်တဲ့ အချိန်မှာ သူငယ်ချင်းတွေ အခန်းမတူတော့ဘူး။ သူငယ်ချင်း အသစ်(၂) ယောက်လည်းထပ် ရခဲ့တယ် မို့မို့ နဲ့ မောင်မောင် တဲ့ ။ ၀ဏ္ဍ ၊ ရွှေရည် နဲ့ မီးငယ်တို့ (၅)ယောက်က တစ်ခန်း၊ နေတိုး၊ မျိုးမြင့်အောင်နဲ့ မြင့်မာသူ က တစ်ခန်းပေါ့။ ထုံးစံအတိုင်း နေရာဦးတာကတော့ အလွန်အကျွံပဲပေါ့။ စိတ်မကောင်းစရာ တစ်ခုက မြင့်မာသူက နေမကောင်းဖြစ်တယ်။ ကျောင်းလည်း ဆက်မတက်နိုင်တော့ဘူး။ Roll Call ပြည့်အောင်ကတော့ ထုံးစံအတိုင်း ဆေးခွင့်တင်၊ Roll Call ခိုးယူနဲ့ စာမေးပွဲတော့ ဖြေသွားနိုင်သေးတယ်။ သူငယ်ချင်းက တတိယနှစ်ရောက်တော့ ဆုံးသွားတယ်။

အမှတ်တယ ကတော့ ဒုတိယနှစ်မှာ ဘောလုံးပွဲ လုပ်ခွင့်ပေးတယ်။ EC တွေကတော့ ရုံးခန်းမှာ လက်မှတ်ထိုးရတာပေါ့။ အဲဒီတုန်းက ပါချူပ် ဦးစိုးမြင့်က ဘောလုံးပွဲလုပ်တာကို ခွင့်ပြုသေးတယ်။ ယောကျာ်းလေးတွေကလည်း Training ဆင်းတယ်ဆိုပြီး ကျောင်းမတက်ဘူး ရှိသမျှစာအုပ်လဲ ခင်ရာကောင်မလေးတွေဆီအပ်ပီ ဘောလုံးကန် ကျင့်ကြတာပေါ့ ၊ အဲဒါနဲ့ ဘောလုံးပွဲဖြစ်ပြီး ကန်ကြတယ်ပေါ့၊ Final ပွဲလည်းရောက်ရော တအုံ(ဒုတိယနှစ်) အသင်းနဲ့ ဒဟတ္တောအသင်းတွေ့ ပါလေရော။ မီးငယ်တို့လည်း ကိုယ့်အသင်းကို အားပေးတာပေါ့။ နှစ်သင်းလုံးကလည်း Final ထိတက်လာပီးသားဆိုတော့ မခေကြဘူးလေ။ နောက်ဆုံး တအုံဘက်က အချိန်ပို ကစားလည်း မရတော့ ပင်နယ်တီကန်ရော။ ပင်နယ်တီနဲ့ ရှုံးရော ငိုလိုက်ကြတာပြောမနေနဲ့ ။ ငိုတဲ့ အထဲမှာ မီးငယ်လည်းပါတယ်။ အဲတုန်းက ဂိုးသမားက မီးငယ်မွေးစားအကို သီဟလေ။ သူ့စာတွေလည်း ကူးပေးရသေးတယ် စာလည်းရှင်းရသေးတယ် ပြီးတော့မနိုင်ဘူးဆိုတော့ စိတ်ကလည်းတို ၀မ်းလည်းနည်း သီဟက စပြီး ငိုတော့ မီးငယ်ပါလိုက်ငိုရော :D နောက်ရက် ဒဟတ္တောက သူငယ်ချင်းတွေက သူတို့ အခန်းရှေ့မှာ ဒိုင်းကို ထောင်ထားပီးတော့ လိုက်ကြွားထားတာ. မီးငယ်လာတာလဲ မြင်ရော လာစတယ်လေ ငါတို့ အသင်းကနိုင်တာဆိုပြီးတော့ မီးငယ်လည်း စိတ်တိုတာနဲ့ လက်ထဲပါလာတဲ့ SE စာအုပ်နဲ့ ပိတ်ရိုက်လိုက်တာ ဘေးနားကလူတွေ ဟာကနည်း ဖြစ်သွားရော၊ သူငယ်ချင်းကတော့ သူစတာ လွန်မှန်းသိတယ်လေ မနက်ကတည်းက ဖုန်းဆက်ပြီး စနေတာ သူ့ကိုလည်း ငါ့ကိုဖုန်းထဲကနေပဲစ အပြင်မှာလာမစနဲ့လို့ကြိမ်းထားပြီးသား အဲဒါကိုလာစတော့ စော်ပလိုက်တာပေါ့ ဘယ်ရမလဲ :D

ဒုတိယနှစ် မှာထမိန်စ၀တ်ရတယ်။ အစတုန်းက ကွန်ပျူတာ တက္ကသိုလ်မှာ Uniform မရှိဘူးလေ။ နောက်တစ်ခု သတိရဆုံးနဲ့ အမှတ်တယ အဖြစ်ဆုံးက မီးငယ်ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့လေ။ မထင်ထားလောက်အောင်ကို ပျော်ခဲ့ရတယ်။ မွေးနေ့နဲ့ မွေးရက် တစ်ထပ်တည်းကျတဲ့ နှစ်ပေါ့ မေမေက ပိတ်ရက်ကျမှာ အိမ်မှာတစ်ခုခုလုပ်ပေးမယ် ဒီနေ့ ကျောင်းပဲသွားလိုက်ဆိုပြီး ပြောတော့ သိပ်ပီး စိတ်ကမကြည်ဖူးပေါ့။ မနက်ကျတော့ မေမေက Hand Chain လေးလက်ဆောင်ပေးတယ်။ ဖေဖေက ကားပေါ်က ဆင်းခါနီး ဗူးလေးတစ်ဗူးပေးလိုက်တယ်။ ဖွင့်ကြည့်လိုက်တော့ ဖုန်းလေးတစ်လုံးဖြစ်နေတယ်။ ပျော်လိုက်တာကတော့ အရမ်းပဲ ပါးစပ်တောင် ပိတ်မရဘူးလေ :D ဒါပေမဲ့ သူငယ်ချင်းတွေက ဘယ်သူမှ မရောက်သေးဘူး။ ဒါနဲ့ဖေဖေ့ဆီကို ဖုန်းဆက်လိုက်တယ် Thank you ဖေဖေပေါ့ ဟီး။ ခဏနေတော့ ကိုရာဇာ ရောက်လာတယ်။ ထူးထူးဆန်းဆန်း ၇၃ လမ်းမှာ ရွှေမန်းမေ စီးတဲ့လူက ၈၂ လမ်းကိုရောက်လာတယ်ပေါ့။ ကိုရာဇာက သူ့လက်ထဲက အိတ်ကိုပေးလိုက်တယ် ဖွင့်ကြည့်ပါတဲ့ ဒီနှစ်သူ အရင်ဆုံးမွေးနေ့လက်ဆောင်ပေးချင် လို့ပါတဲ့။ ဖွင့်ကြည့်လိုက်တော့ Pooh ရုပ်ပါတဲ့ ပစ္စည်းလေးတွေအစုံပဲ။ မီးငယ်ကိုပေးချင်လို့ စုထားတာတဲ့။ :D ပျော်လိုက်တာ အရမ်းပဲ။ ကျောင်းကားထွက်ခါနီးမှ ကျန်တဲ့လူတွေရောက်လာတယ်။ နေတိုးက ကိတ်မုန့်လေးကိုင်ပြီး တက်လာတယ် ။နောက်မှာ အကို (၅)ယောက်နဲ့ ရွှေရည် ၊ မြင့်မာသူ၊ ၀ဏ္ဍ တို့ပါလာတယ်။ အဲဒါနဲ့ ကားပေးပေါ်မှာ ဆုံးဖြတ်လိုက်တယ် ဒီနေ့ဘယ်သူမှ ကျောင်းမတက်ဘူးဆိုပြီးတော့ ၊ မီးငယ်အချစ်ဆုံး အကိုကတော့ ပါမလာသေးဘူးလေ သူက ဒီနေ့ကို ကျောင်းတက်ချင်မှာ တက်မှာသူသင်တန်းရှိတယ် ဆိုပြီး အစကတည်းကပြောထားတယ်လေ။

အဲဒါနဲ့ကျောင်းရောက်တော့ ကျောင်းလှေကားထိပ်မှာ ကိုသားကြီးတို့ ကိုလင်းတို့ အုပ်စုက စောင့်နေပြန်ရော၊ သူတို့ဆီက နေလည်း ကိတ်မုန့်က (၂)လုံးထပ်ရပြန်ရော ဟိ ။ အဲဒါနဲ့ အားလုံး အတန်းလစ်ပြီးတော့ မွေးနေ့သွားလုပ်ကြတာပေါ့။ ကိုသားကြီးတို့က အရမ်းစေ့စပ်တယ် ကိတ်အပြင် တခြား စားစရာတွေကိုပါ သယ်လာတာ ဆိုတော့ အားလုံး အဆင်ပြေသွားတယ်လေ။ ဒါပေမဲ့ ခုချိန်ထိ အကိုက ရောက်မလာသေးဘူး။ အားလုံးကလည်း မစောင့်ပါနဲ့တော့ ကျောင်းလာမယ်မထင်တော့ဘူးဆိုပြီး ကိတ်ခွဲဖို့ လုပ်နေတုန်းမှာ အကိုရောက်လာတယ်။ ပျော်လိုက်တာ အရမ်းပဲ သူလည်း သင်တန်းကနေခွင့်တိုင်ပြီးမှ ထွက်လာတာတဲ့ နောက်ကျသွားတယ် လို့ပြောပီး လက်ဆောင်ထုတ်လေးပေးတယ်။ အဲဒါနဲ့ မီးငယ်မွေးနေ့ကို အပျော်ရွှင်ဆုံး ဖြတ်သန်းလိုက်ရတာပေါ့။ ဘေးနားမှာ ကိုယ်ချစ်တဲ့သူငယ်ချင်းတွေ ကိုယ့်ကိုချစ်တဲ့သူငယ်ချင်းတွေ အားလုံးနဲ့ ပျော်ပျော်ကြီး ကဲလိုက်ရတယ်။ အဲဒီနှစ်က ရတဲ့လက်ဆောင်တွေအားလုံး Pooh နဲ့ လွတ်တာ တစ်ခုမှ မပါဘူး။ ထပ်လည်း မထပ်ဘူး :D သေချာတာကတော့ အဲလိုနေ့မျိုးကို ပြန်ရဖို့ဆိုတာ ဒီတသက်ဖြစ်နိုင်ပ့မလားမသိဘူး။

ဒုတိယနှစ် စာမေးပွဲတွေဖြေပြီး ကျောင်းပိတ်တော့ IAD စပြီးတက်ရတယ်။ UNFPA မှာ Volunteer ၀င်လုပ်ဖြစ်တယ်။ မိဘမဲ့ကလေးတွေ နဲ့ လမ်းဘေးကလေး တွေအကြောင်းကို လည်း သိလာတယ်။ အော် ငါတော်တော် ကံကောင်းပါလားဆိုတာကိုလည်း စပြီးသိလာတယ်။ နောက်ပီးတော့ ဦးဂိုအင်ကာ တရားစခန်းမှာလည်း Children Course တွေအတွက် Counselor ၀င်လုပ်ဖြစ်တယ်။ မီးငယ်က ၇ တန်းလောက်ကတည်းက အဲဒီရိပ်သာမှာ Children Course တွေကို ၀င်ဖြစ်နေတော့ ကလေးတွေအတွက် Counselor လိုတယ်ဆိုတော့ မီးငယ်ကို recommend ၀ိုင်းပေး လို့ လုပ်ဖြစ်သွားတာပါ။ တကယ်တော့ တရားအကြောင်းကို အရမ်းသိလို့ မဟုတ်ပါဘူး။ ဆယ်တန်းအောင်ပြီး တော့ ဖေဖေက 10 Days Course ၀င်ရမယ်လို့ ပြောတုန်းက ဖေဖေစိတ်ချမ်းသာအောင် လူကြီး တရားပါတ်ကို ၀င်ခဲ့ဖူးတယ်လေ။ ပုံမှန်ဆိုရင် အသက်(၁၈)နှစ်ကျော်မှ လူကြီးတရားပါတ်ကို ၀င်ခွင့်ပေး ပေမဲ့ မီးငယ်ကိုတော့ ကလေးပါတ်တွေထိုင်နေတာ ကြာပီဆိုတော့ (၁၆)နှစ်နဲ့ တရားထိုင်ခွင့်ပေးခဲ့တယ်လေ။ Children Course Counselor က နည်းနည်းတော့တာဝန်ကြီးပါတယ်။ ဘာလို့လဲဆိုတော့ တစ်အုပ်စုမှာ Counselor တစ်ယောက်နဲ့ ကလေး က အနည်းဆုံး (၁၀)ယောက်ကနေ အယောက် (၂၀)လောက်အထိ ရှိပါတယ်။ ကိုယ်တာဝန်ယူရတဲ့ကလေးတွေကို တရားပါတ် (၁) ရက်အတွင်း ကောင်းကောင်းထိန်းပေးရတာပါ။ ကလေးတွေဆိုတော့ သူ့တို့ကို အာနာပါန (၅)မိနစ်လောက်မှတ်ခိုင်းပေမဲ့ တစ်နာရီလောက်ကြာတယ် ထင်ကြတာလေ။ တရားခန်းမပေါ် မသွားခင် မီးငယ်တို့က တရားခန်းမပေါ်မှာ ဘယ်လိုနေရမယ်၊ ၀င်လေထွက်လေကို ဘယ်လိုလိုက်မှတ်ရမယ်၊ စိတ်ကဘယ်လိုလွင့်သွားတတ်တယ် ဆိုပြီး ပြောပြပေးရတယ်။ အဲလိုလွင့်သွားတယ် ဆိုရင်လည်း ဘယ်လိုပြန်ထိန်းပေးရတယ်ဆိုတာတွေလည်း ပြောပြပေးရတယ်။ တစ်ချို့ကလေးတွေဆို မိဘတွေက တရားထိုင်စေချင်လို့ လာပို့တယ် သူတို့က မထိုင်ချင်ဘူး အဲဒီအခါကျရင် အိမ်ကိုခိုးပြန်တာတွေဘာတွေရှိ တတ်တယ်။ ကိုယ့်အုပ်စုထဲက ကလေးတွေ အဲလိုမပြန်အောင်လည်း ထိန်းရတာပေါ့။

မီးငယ်က Children Course Counselor တွေထဲမှာ နာမည်ကောင်းရတယ်။ ဘာလို့လဲဆိုတော့ မီးငယ်အဖွဲ့ထဲက ကလေးတွေက ဘယ်တော့မှ အဲလိုခိုးပြန်တယ်ဆိုတာတွေမဖြစ်ဘူး။ ဟိ ထိန်းနည်းသိချင်လား နောက်တော့မှ ပြောပြမယ်နော်။ တကယ်တော့ ကလေးက ကလေးကိုပြန်ထိန်းတာပါ ဟီး။ ကလေးထောင်တို့ မိဘမဲ့ကျောင်းတို့ မှာလည်း ရိပ်သာကနေ ကလေးတရားပါတ်တွေ ဖွင့်ဖြစ်တယ်။ မီးငယ်လည်း လိုက်သွားဖြစ်ပါတယ်။ ကလေးထောင်က ကလေးတွေဆိုရင် အရမ်းသနားဖို့ကောင်းတာပဲ။ သူ့တို့ ထမင်းစားခန်းထဲကို ၀င်သွားတာ မီးငယ်ဆိုရင်လေ အန်တောင် အန်ဖြစ်တယ်။ ထမင်းပန်းကန်တွေကလည်း စားပီးရင် ဆပ်ပြာနဲ့ဘာနဲ့ကောင်းကောင်းမဆေးဘူး ရေနဲ့ဒီအတိုင်းဆေးတာ သနားပါတယ်ကလေးတွေ။ အဲဒါတွေမြင်တော့ နောက်တစ်နှစ်မွေးနေ့ကျတော့ ကလေးထောင်မှာ သွားလှူဖြစ်တယ်။ နောက်တစ်ခုက မိဘမဲ့ မိန်းကလေးကျောင်းပေါ့နော်။ ထုံးစံအတိုင်း မီးငယ်က ၀တ်သွားတာက ထမိန်နဲ့ဆိုပေမဲ့ အကျီကလည်း cute ဖြစ်တဲပုံ၊ နာရီကလည်း pooh ရုပ်နဲ့ ၀တ်ထားတာတွေက ကလေးကြိုက်တွေပဲဆိုပါတော့ :D (အဲတုန်းက မီးငယ်လည်း ကလေးပဲဟာ နော့လေ) ကလေးလေးတွေကလေ မီးငယ်ဝတ်ထားတာတွေကို လိုချင်တယ်ထင်ပါတယ် ကိုင်ကြည့်ကြတယ်လေ။ စိတ်မကောင်းလိုက်တာ ချွတ်ပေးရအောင်ကလည်း ကိုယ်တန်ဖိုးထားတဲ့ နာရီ(အကိုပေးထားတာမွေးနေ့လက်ဆောင်) နဲ့ ပစ္စည်းတွေဖြစ်နေပြန်ရော။း( အဲဒီနေ့က မီးငယ်ရတဲ့ ကလေးတွေထဲမှာ ပိုလီယိုဖြစ်နေတဲ့ကလေးတစ်ယောက်ပါတယ်။ မှတ်မှတ်ယယ အဲဒီနေ့ကကျွေးတာ ကြာဇံကြော်၊ အဲဒီကလေးလေးက ကြာဇံကြော် ကြိုက်တယ်တဲ့ သူကသူ့ဘာသာ စားရင် လက်ကမသန်တော့ ကြာဇံကြော်က သူ့ပါးစပ်ထဲမရောက်ပဲဖိတ်ကျနေရော။ ကလေးလေး မျက်နှာမှာ စားချင်တဲ့ ပုံတွေကလည်းပေါ်နေရော အဲဒါနဲ့ ကလေးတစ်ယောက်ကို ပထမဆုံးမခွံ့တတ် ခွံ့တတ်နဲ့ ကြာဇံကြော် ကျွေးဖူးတယ်။ မီးငယ်တို့ပြန်ခါနီးကျတော့ ကလေးတွေက မမနောက်တစ်ခါပြန်လာကြည့်ပါနော်ဆိုတော့လေ ဘယ်လိုမှ စိတ်မထိန်းနိုင်ဘူး ငိုတော့တာပဲ။ အဲဒီနောက်က စလို့ မီးငယ်ကို counselor အဖြစ်ခေါ်တော့မယ်ဆိုရင် အဲလိုနေရာတွေကို မခေါ်တော့ဘူး :D မန်းလေးမှာ နာမည်ကြီးတဲ့ (၁၆) တို့ (၂၂)ကျောင်းတွေမှာလုပ်တဲ့ ကလေးပါတ်တွေကိုပဲခေါ်တော့တယ်။

အောင်စာရင်းထွက်တော့ မီးငယ်က Digital နဲ့ Eng ဂုဏ်ထူးပါတယ်။ ၀ဏ္ဍက Eng ဂုဏ်ထူးပါတယ်။ အဲတုန်းကသာ Eng ဂုဏ်ထူးထွက်တာ ခုများ ချာတူးကိုလန်နေတာပဲ :D အဲဒါနဲ့ကျောင်းပြန်ဖွင့်ခါနီးတော့ တတိယနှစ်တို့ ထုံးစံအတိုင်း CS နဲ့ CT ခွဲရော။ CS ဆိုတာက Software သမားတွေပေါ့ Programmer ဖြစ်ချင်တဲ့လူတွေက CS ကိုယူကြတယ်လေ။ မီးငယ်ကတော့ အပြင်မှာလည်း Software ပိုင်းက သင်လို့ရတယ်ဆိုပြီး CT(Hardware) ယူရော။ (အဓိက ကတော့ စာမကျက်ချင်တာပါ ဟိ) ကွန်ပျူတာ တက္ကသိုလ်တို့ ရဲ့ ထုံးစံအတိုင်း CT သမားတွေက လူမိုက်တွေပေါ့ CS သမားတွေက လူလိမ္မာ စာဂျပိုးတွေပေါ့။ မီးငယ်တို့ အုပ်စုမှာလည်း မီးငယ်တစ်ယောက်တည်း CT ယူမယ်ပေါ့။ ကျန်တဲ့လူအားလုံးက CS ပဲယူတယ်။ နောက်တော့ မျိုးမြင့်အောင်က သူလည်း CT ယူမယ်တဲ့ ဖြစ်ရော ဘာလို့လဲဆိုတော့ မီးငယ်တစ်ယောက်တည်း တစ်ခန်းဖြစ်နေမှာဆိုးလို့တဲ့။ နောက်တစ်ခုက မီးငယ်တို့ နှစ်ကအထိ GCCE ပေါင်းကူးတန်းကလူတွေက CT ယူလို့မရဘူး။ ဘာလို့လဲတော့ မသိဘူး။ အဲတုန်းကလဲ ကလေးစိတ်တွေဆိုတော့ ပေါင်းကူးတန်းကလူတွေ ကိုမမြင်ချင်ဘူး ဟိ။ အဲဒါကလည်း CT ယူဖြစ်တဲ့အထဲမှာ တစ်ချက်ပါတယ်ပေါ့နော်။ :D

3 comments:

လွမ်းသုရင် said...

ဟိုက်ရှားပါး... ဒီကလေးမက Counselor လည်းလုပ်သေးတာကိုး။ အစ်မကတော့ ရိပ်သာမှာ တရားပဲထိုင်ဖူးတယ်။ Counselor တော့တစ်ခါမှ မလုပ်ဖူးဘူး။ ငါ့ညီမ တော်တယ် :)

မင်းကျန်စစ်။ said...

မွေးနေ့တွေအကြောင်းအများကြီးဖတ်ရပီး တခါမှ မစားရသေးဘူး ကြုံလို့ကတော့ ဟင်းဟင်း....

ယုန်ကလေး said...

မီးငယ်ရေ စာတွေလာဖတ်သွားတယ်နော်