Monday, February 16, 2015

What is Media?

ငယ်ငယ်က ဖေဖေက ပြော ခဲ့ ဘူးတယ်။ အာဏာ ရှိတဲ့ သူတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ စတဲ့ လူတွေက  လေးစားတဲ့ သူဖြစ်ချင်လား။ တစ်ကမ္ဘာလုံးကလူတွေ အားကျပြီး ကိုယ့်ရဲ့ စကား တစ်ခွန်းတိုင်းစီက လူတွေ အတွက် အကျိုးပြုတဲ့သူဖြစ်ချင်လားတဲ့။ အဲ့ဒါဆိုရင်  “သတင်းထောက်” လုပ်လို့ ပြောခဲ့ဖူးတယ်။ ဖေဖေကလည်း ဖြစ်စေချင်ခဲ့တယ်။ ဒါပေမဲ့ အာဏာရှင်တွေ သတ်လို့ သေခဲ့ရတဲ့ သတင်းထောက်တွေကို ကြည့်ပြီး သတ္တိမရှိလို့ မလုပ်ခဲ့ပါဘူး။ သတင်းပညာနဲ့ ပါတ်သတ်လို့လည်း ထဲထဲ ၀င်ဝင် မသင်ခဲ့ဖူးပါဘူး။

ဒါပေမဲ့ အခု မြင်နေရတာတွေ ဖတ်နေရတာတွေ က သတင်းဌာန တွေ Ethic မရှိကြလို့ ဘယ်လိုမှ သည်းမခံနိုင်တော့လို့ရေးတာပါ။ ကျွန်မနားလည် သလောက် ဆိုရင် သတင်းဌာန တွေဆိုတာ ဘက်လိုက်မှု ကင်းပြီး အမှန်တရားကို ပြည်သူလူထု သိအောင် တင်ပြပေးတာပါ။ အမှန်ကို အမှန်အတိုင်းချပြ ရမှာပါ။ နောက်ပြီး ကိုယ်ခန့်ထားတဲ့ သတင်းထောက်သည် သတင်းတစ်ခုကို ဘယ်လောက် အတိုင်းအတာ အထိ အဖြစ်မှန် နဲ့ အနီးစပ်ဆုံးဖြစ်အောင် ယူနိုင်သလဲ ဆိုတာ သိရပါ့မယ်။ အဖြစ်မှန် အတိုင်း သိရရင်တော့ ပိုကောင်းတာပေါ့။ နောက်ပြီး သတင်းယူတဲ့နေရာမှာ ဘယ်နေရာ ကနေ မှန်ကန်တဲ့ သတင်းရနိုင်တယ်၊ တိကျတဲ့ သတင်း ရနိုင်တယ် ဆိုတာ ကိုသိသင့်ပါတယ်။ ရုံးခန်းထဲထိုင် ဖုန်းနဲ့ လှမ်းမေး၊ facebook ပေါ်တတ်တဲ့ သတင်းကို ထိုင်ကူး၊ ဒါတောင် တဖက်သတင်းပဲကြည့်တယ် နောက်တဖက်သတင်းကို မကြည့်ဘူး။ အဲ့တော့ ၀ါးလုံးခေါင်းထဲ လသာ ပြီး ငါတို့ရေးတာ အမှန်ပဲ ဆို  သလိုဖြစ်နေတာပေါ့။ မှတ်ထားပါ အခုခေတ်မှာ စာဖတ်ပရိသတ်က နည်းပညာ အကူအညီတွေနဲ့ သတင်းတွေကို ကိုယ်တိုင်ဖတ်လို့ရနေပါပြီ။ ငတုံးတွေ မဟုတ်ပါဘူး။ ဟိုအရင်ကလည်း ငတုံးတွေ မဟုတ်ခဲ့ပေမဲ့ နည်းပညာ အခက်အခဲတွေကြောင့် သတင်းဌာန တွေကိုပဲ အားကိုးခဲ့ရတာပါ။ သူတို့ပြောတာကို အဟုတ်မှတ်ခဲ့ရတာပါ။ အခု RFA (Radio Free Asia) က ဘယ်လောက် ဘက်လိုက်သလဲဆိုရင် အခုဖုန်ကျားရှင်နဲ့ ဖြစ်နေတဲ့ ကိစ္စမှ ဖုန်ကျားရှင်ရဲ့ အတွင်းရေးမှုးကို ပဲ အင်တာဗျူးလှမ်းလုပ်တယ်။ အဲ့တစ်ယောက်ကလည်း သူတို့က အင်အားမရှိပါဘူး။ ကိုယ့်အိမ်ကိုယ်နေတာပါဆိုပြီး ကမ္ဘာကို သတင်းဖြန့်တယ်။ မေးတဲ့ သတင်းထောက်ဆိုတဲ့ လူကလည်း ကျွန်တော်တို့ ကြားနေတာ အဲ့လို မဟုတ်ပါဘူး တစ်ခွန်းပြန်မပြောဘူး။ ဘာပဲပြောပြော အင်တာဗျူးပြီးသွားချိန်မှာ တဖက်ကတော့ အဲ့လို ပြောသွားပေမဲ့ ကျွန်တော်တို့ရထားတဲ့ တခြားတဖက်က သတင်းကတော့ ဒီလိုပါဆိုပြီး ပြောသင့်တာပေါ့။ ကမ္ဘာ မီဒီယာ လည်းဖြစ် နောက်ပြီး မြန်မာပြည် အကျိုးအတွက်ဆိုတဲ့ သတင်းဌာန ကနေ အဲ့လို မလုပ်သင့်ဘူး ထင်ပါတယ်။  

သတင်းဌာန တစ်ခုက ကိုယ့် ပရိသတ်ကို သတင်းတစ်ခု ပေးတော့မယ်ဆိုရင် မှန်ကန်မှု၊ တိကျမှု၊ စောစီးစွာ သတင်းပေးနိုင်မှု အဲ့လို အရည်အသွေးတွေ ရှိသင့်ပါတယ်။ အဲ့လို အရည်အသွေးတွေ ရှိဖို့လိုအပ်လို့လဲ သတင်းထောက် ဆိုတဲ့ အလုပ်အကိုင် တစ်ခု ပေါ်လာတာပေါ့။ ရွှေဝါရောင် တော်လှန်ရေးမှာတုန်းက သေသွားခဲ့တဲ့ ဂျပန်သတင်းထောက် (Kenji Nagai) ကို ကြည့်ပါ သူ့ ရဲ့ APF သတင်းဌာန၊ သူ့ သတင်း၊ သူ့ရဲ့ သတင်းကို စောင့်ပြီး နားထောင်နေတဲ့ ပရိသတ်ကို သစ္စာရှိ စွာ အသက်ကိုစွန့်ပြီး သတင်းယူရင်း သေပြခဲ့တာပါ။ သူ သတင်းအမှန်လိုချင်လို့ ၀င်လာတယ်။ တကယ့်လူအုပ်နဲ့လိုက်တယ်။ စစ်တပ်က ပစ်တယ်။ သူပါ ပြေးခဲ့ရတယ်။ နောက်ဆုံး သတင်းယူရင်းနဲ့ သေခဲ့ရတယ်။ မြန်မာပြည်က ကိုပါကြီးနဲ့ယှဉ်ကြည့်လိုက် ဂျပန်သတင်းထောက်ရဲ့ ခြေဖျားတောင် မမှီဘူး။
နောက်ပြီး သုံးသပ်ချက်တွေ မှန်ကန်ပါစေ။ ဟိုတစ်နေ့ကပဲ The Voice ရဲ့ အယ်ဒီတာ ကိုဇင်မင်းဆွေ ရေးတဲ့ သုံးသပ်ချက် တော်တော် ပညာတတ် မဆန်ဘူးလို့ပဲပြောပရစေ။ အခုတိုက်ပွဲဝင်နေတဲ့ တပ်မတွေရဲ့ လက်မောင်း တံဆိပ်ကို စစ်တပ် အသိုင်းအ၀ိုင်းကတင် မဟုတ်ပဲ facebook သုံးနေတဲ့ လူတော်တော် များများက မိမိရဲ့ Profile Picture အနေနဲ့  ပြောင်းခဲ့ကြပါတယ်။ အဲ့လို Profile Picture တွေပြောင်းတဲ့ လှုပ်ရှားမှုမျိုးက ကျွန်မ မှတ်မိသလောက် ၂၀၀၈(သို့)၂၀၀၉ ဂျပန်မှာ ငလျင်အကြီးအကျယ်လှုပ်ခဲ့တုန်းက စပြီး ကမ္ဘာပေါ်ကလူတွေက ၀မ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ အနက်ရောင် Profile Picture တွေ facebook ပေါ်မှာ ပြောင်းပြီး ၀မ်းနည်းမှုကို ဖော်ပြပေးပြီး အားပေးခဲ့ကြတယ်။ ကိုရီးယားက ကျောင်းသားတွေ ပါတဲ့ သင်္ဘောမှောက်တုန်းကလည်း လုပ်ခဲ့ကြပါတယ်။ မေးချင်တဲ့ သူတွေရှိလိမ့်မယ် အဲ့လိုပြောင်းလိုက်တော့ ဘာထူးခြားတာရှိလဲပေါ့။ ဟုတ်ကဲ့ အဲ့ဒါက စိတ်ဓါတ် အရ အားပေးတဲ့သဘောပါ။ သူတို့နဲ့ တူတူ တသားတည်းရှိနေတယ် သူတို့ တိုက်နေတဲ့ စစ်ကိုအောင်မြင်စေချင်နေတယ်ဆိုတဲ့ သဘောတွေပါပါတယ်။ အဲ့လို အဓိပ္ပါယ်မျိုးနဲ့ လူတော်တော်များများက နေ၀န်းနီ တံဆိပ်ကို ပြောင်းခဲ့ကြပါတယ်။ The Voice က တင်တဲ့ Post တခုက သတင်းက မှားနေတယ်။ အဲ့တော့ ၀ိုင်းပြောကြတာပေါ့။ အဲ့လိုပြောတဲ့ လူတွေက နေ၀န်းနီ တံဆိပ် Profile Picture တွေမလို့ အဲ့လူတွေကို တပ်မတော်သားလို့ ယူဆရသူ အုပ်စုများက သူတို့ The Voice Weekly ကိုပြန်ပြီးတိုက်ခိုက်ပါတယ်ဆိုပြီး ပြန်လည်စွတ်စွဲထားပါတယ်။ မေးချင်တာက အဲ့ နေ၀န်းနီ တံဆိပ်နဲ့လူတွေရဲ့ account တွေကိုရော အားလုံးလိုက်စစ်ခဲ့ပါသလား။ နောက်ပြီး ကိုယ့်ဆီက သတင်းက မမှန်လို့ ပရိသတ်က ထောက်ပြပေးတာကို မှားသွားပါတယ် ၀န်မခံပဲ ဖင်ပိတ်ငြင်းတယ် ပြီး သူ့အမှားကို တဖက်လူရဲ့ အမှားဖြစ်တယ်လို့ ပြောဆိုတာကတော့ သတင်းဌာန တစ်ခုအနေနဲ့ အရှက်မရှိ မျက်နှာပြောင်တိုက်တာပါပဲ။ ငါတို့ရေးတာအမှန်ပဲ မင်းတို့ ဖတ်ဆိုတာကတော့ အဖြစ်သင့်ဘူးထင်ပါတယ်။ ကိုယ့်ပြောတယ်လို့ ထင်ရင် နာကြပါ ရိုင်းရိုင်းလေးပဲ ပြောလိုက်မယ်။ မြန်မာပြည်က အခုလက်ရှိ ထုတ်နေတဲ့ ဂျာနယ်တွေ ကို တတ်လို့မဟုတ်ဘူး ငတ်လို့ လုပ်စားတာ ဆိုပြီး နားလည်ပေးခဲ့တယ်။ အခုဟာကတော့  ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ။ နောက်ပြီး ကိုယ့်ဂျာနယ် ရောင်းအားတတ်ပြီးရောဆိုပြီး အညှီအဟောက် ကိစ္စတွေရေးတာ၊ သူများ လူမှုရေးကိစ္စ အတွင်းရေးတွေကို အလိုက်ကန်းဆိုးမသိ ဇွတ်မေးတာ၊ (ထက်ထက်မိုးဦး ပါးချတာတောင် နည်းပါသေးတယ်) အင်တာဗျူးထားခဲ့တာတွေက တစ်မျိုး၊ ပြန်ရေးတော့ တစ်မျိုးဆိုတာ မျိုးတွေက တော့ အများကြီးပါ။ သိထားသင့်တာတော့ အသရေဖျက်မှုနဲ့ တရားစွဲလို့ရတယ် ဆိုတာပါပဲ။ နောက်ပြီး အညှီအဟောက် ကိစ္စတွေရေးမှ ရောင်းရတယ်ဆိုတဲ့ စာစောင်က စာစောင်လို့တောင် မခေါ်သင့်ပါဘူး။ 

စစ်မှန်တဲ့ သတင်းသမား သတင်းစာ ဆရာတွေက ဘယ်တော့ မှ အဲ့လိုကိစ္စတွေ မထည့်ပါဘူး။ ဥပမာ - လူထု သတင်းစာ နဲ့ ဂျာနယ် ကိုကြည့်ပါ။ နှစ်ပေါင်းများစွာ လူထု ဆိုတဲ့ နာမည်ကို ကျန်ရှိနေစေဖို့ ဘယ်လိုမျိုး ထိန်းသိမ်းခဲ့သလိုဆိုတာ ပြန်ရှာကြည့်ပါ။ ကပိုင်ရွာမှာ နေပြီး သတင်းစာရိုက်ခဲ့တာ။ ဖက်ဆက်တော်လှန်ရေး အတွက် သတင်းတွေကို ပြည်သူတွေ မသိမှာ စိုးလို့ အချိန်နဲ့ အညီ သတင်းပေးခဲ့တာတွေ၊ တိုက်ပွဲတွေ ဖြစ်နေတုန်း လူထု သတင်းထောက်အဖွဲ့က တိုက်ပွဲကြားမှာ သတင်းယူတာကို လူထုဦးလှ ကိုယ်တိုင် အိမ်အပြန်ကို စိတ်မချလို့ လိုက်ပို့ပေးတာ၊ ဂျပန်ပြေးအပြီး စက္ကူအကောင်းစား မရှိလို့ မှိုင်းခံ စက္ကူနဲ့ သတင်းစာ ထုတ်ခဲ့တာတွေ စတဲ့ သမိုင်းကို ပြန်ဖတ်ကြည့်ပါ။ ကွန်မြူနစ် ဆိုပြီး နာမည် အတပ်ခံခဲ့ရတဲ့ လူထု သတင်းစာတိုက်က မြန်မာပြည် အတွက် သတင်းဌာန တာဝန်ကို ဘယ်လောက် ကျေပြွန်ခဲ့သလဲဆိုတာ အခုခေတ် မီဒီယာတွေမှာ ဆရာကြီးတွေ ဖြစ်နေကြတဲ့ လူတွေ သိပါတယ်။ နာမည်ကြီး စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာ ဆရာတွေ က လူထု တိုက်ကနေ မွေးထုတ်ခဲ့တာတွေ အများကြီးပါ။ ဘယ်လို ethic မျိုးထားရမှာတွေကို သင်ပေးခဲ့တယ်ဆိုတာ သူတို့တွေ သိပါတယ်။ စာအုပ်တွေ ထဲမှာ တွေ့နိုင်ပါတယ်။ အခုခေတ်သတင်းထောက်တွေ လူထုဦးလှရေးခဲ့တဲ့ သတင်းစာ ဆရာဘ၀ သတင်းထောက်ဘ၀ တွေ အကြောင်းရေးထားတဲ့ စာအုပ်တွေ ဖတ်ကြည့်ပါ။ ဘယ်လို ethic ရှိရမယ်ဆိုတာ နားလည် လာပါလိမ့်မယ်။ အခုခေတ် သတင်းထောက် ဆိုတဲ့လူတွေရယ် ဂျာနယ်တွေရယ်က ငါတို့မှာ ကလောင် လက်နက်ရှိတယ်။ ငါတို့ကို လာထိရင် ရေးထည့်လိုက်မယ်ဆိုတဲ့ သဘောထားတွေ အများကြီး ရှိနေပါသေးတယ်။

နောက်တစ်ခု က တိုင်းပြည်ချစ်စိတ်နဲ့ ဆိုင်ပါတယ်။ မနက်က The Ladies News Journal ပါ။ တင်တဲ့ “သတင်းက လောက်ကိုင်မှာ အပြစ်မဲ့ အရပ်သားများ ပစ်သတ်ခံရဟုဆို” ဆိုတဲ့ သတင်းပါ။ သူကတော့ သူတွေ့တဲ့ သတင်းက (ယူနန် နေ့စဉ်သတင်းစာ)ပါ။ သူတို့ကတော့ သတင်း(၁)ပုဒ်ဆိုပြီး ကောက်တင်ထားတာပါ။ အဲ့လိုတွေ့တဲ့ သတင်းကို သတင်းအတိုင်း ကောက်တင်တာက သတင်းဌာန တစ်ခုရဲ့ အလုပ်မဟုတ်ပါဘူး။ သတင်းဌာန တိုင်းမှာ အာဘော်ဆိုတာ ရှိသင့်ပါတယ်(ဘက်မလိုက်တဲ့အာဘော် ကိုပြောတာနော်)။ နောက်ပြီး သတင်းဌာနက လူတွေက ဒီသတင်းက ၀ါဒဖြန့်တဲ့ သတင်းလား မဟုတ်တာကို အဟုတ်ရေးထားတာလား တကယ်လား ဆိုတာတွေ စိစစ်သင့်ပါတယ်။ ဘယ်လိုစိစစ်မလဲ။ ထားပါတော့ အခုသတင်း။ အမှန်တရား က ဖုန်ကြားရှင် တပ်တွေ အရပ်ဝတ်တွေနဲ့ အဆောင်အဦးတွေ ပေါ်ကနေ ချောင်းပစ်နေလို့ အဆောက်အဦးတိုင်းကို ၀င်ပြီး စစ်တပ်က ရှင်းနေရတယ်ဆိုတာ။ နောက်ပြီး ဂျနီဗာလော အရ အရပ်ဝတ် ၀တ်ပြီးတိုက်ပွဲ တိုက်လို့မရပါဘူး။ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အဖွဲ့အစည်းဝတ်စုံကို သာ ၀တ်ဆင်ရတာပါ။ နောက်ပြီး စစ်ဖြစ်နေပြီဆိုရင် အဲ့ဒေသ မှာ အရပ်သား နေချင်မလားဆိုတာလေးကို logic ကျကျလေး စဉ်းစားပါ။ အရပ်သားမပြောနဲ့ စစ်သားတောင် မနေချင်ဘူး။ မဖြစ်လို့သာ သွားနေရတာ။ အဲ့လို ဗဟုသုတလေးတွေရှိမယ်ဆိုရင် ဒီသတင်းသည် ဘယ်လို သတင်းဆိုတာကို ခန့်မှန်းလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယူနန် နေ့စဉ်က ဒီလိုရေးထားပါတယ်။ တကယ်က ဒီလိုပါဆိုပြီး ကိုယ့်ပြည်သူလူထုကို သတင်းပေးရမှာပါ။ အဲ့ဒီ အခါကျရင်လည်း ကိုယ့်ဘက်က  သက်သေအထောက်အထား အစုံအလင်နဲ့ဖော်ပြပေးရမှာပါ။

နောက်တာဝန်တစ်ခုက မှားနေပြီ ဒီသတင်းက ကိုယ့် သတင်းဌာန အနေနဲ့ တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်လဲ။ လုပ်ပေးနိုင်တာတွေ သတင်းဌာနတွေ မှာ အများကြီးပါ။  “ တဖက်က ဘယ်လိုရေးထားလဲ သိမှ တန်ပြန်ချေပ နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဆိုတာက သတင်းဌာန တစ်ခုရဲ့ တိုင်းပြည် အတွက် အလုပ် လုပ်ပေးတာမဟုတ်ဘူး။ ကိုယ်တွေက သတင်းအမှန်ကို ကမ္ဘာက လူတွေ သိအောင် ပြောပြပေးနိုင်ရမယ်။ အဲ့လို မလုပ်ပေးနိုင်ရင် တော့ လူတွေကို ဟိုဘက်က သတင်းကို ဒီဘက်ကူးချပြတာပဲရှိပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်ပေးနေတာ မဟုတ်တော့ပါဘူး။ ကိုယ်တွေ လက်ထဲမှာ ကလောင် လက်နက်ရှိပြီးသားပါ အဲ့ဒီလက်နက်တွေက ကိုယ့်လူမျိုးတွေ အချင်းချင်း အမုန်းပွားစေဖို့၊ ရန်များစေဖို့၊ သူများ ကိုယ်ရေး ကိုယ်တာတွေကို ၀င်စွက်ဖက်ပြီး ရေးသားဖို့၊ ဘက်လိုက်ဖို့ အတွက်မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ အကြောင်း မဟုတ်တာ ပြောနေတာတွေကို ကိုယ်က အမှန်တရားက ဒီလိုပါဆိုတာကို ပြန်လည်ချေပပေးဖို့လည်းလိုပါတယ်။ အဲဒါတွေက နိုင်ငံပိုင် သတင်းဌာနတွေ မှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ private သတင်းဌာနတွေမှာလည်း တာဝန်ရှိပါတယ်။ တိုင်းပြည်ချစ်စိတ်နဲ့ အလုပ်လုပ်ကြပါ။ ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်မှ ဖြစ်မှာပါ။ သူများကတော့ သူတို့တိုင်းပြည် အကျိုးပဲကြည့်ကြတာပါ။ စတုထ္ထမဏ္ဏိုတိုင် ဖြစ်ချင်ကြတယ်ဆိုရင်တော့  ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက် အလုပ်လုပ်ပေးသင့်ပါတယ်။ အဲ့ဒါကလည်း တိုင်းပြည်ကိုချစ်ရင် ကျွဲကူးရေပါ ဖြစ်ပြီးသားပါ။ ကိုယ့် စာဖတ်ပရိသတ်နဲ့ အမြင်ချင်းမတူလို့ စကားများကြရင် ငါ့စကားနွားရ၊ ငါးစိမ်းသည် ရန်တွေ့သလို ကတ်ကတ်လန်အောင် ပြန်ပြီး ရန်မတွေ့ပါနဲ့လို့လည်း ပြောချင်ပါသေးတယ်။
နောက်ဆုံးပြောချင်တာကို ကိုယ့်ကို ထမင်းကျွေးနေတဲ့သူတွေနဲ့ ထမင်းကျွေးတဲ့ အလုပ်ပေါ်မှာ သစ္စာရှိပေးပါ။ မီဒီယာက လူတွေ စာဖတ်ကြပါ။ ဗဟုသုတပြည့်စုံကြပါစေ။ ကလောင်လက်နက်ကို တိုင်းပြည်အတွက် အကျိုးရှိရှိ အသုံးချပေးနိုင်ကြပါစေ။ ပရိသတ် အများစု က မှားနေတယ်ဆိုပြီး ထောက်ပြနေရင် သေချာပြန်စိစစ်ပါ။ ကိုယ့်ဘက်က မှန်နေရင် ချက်နဲ့လက်နဲ့ ပြန်ပြောပေးပါ။ မှားနေရင်လည်း အမှားကို ၀န်ခံပါ။ ကျွန်မ ပြောမှားဆိုမှားပါရင်လည်း တောင်းပန်ပါတယ်။


Sunday, April 21, 2013

what i am thinking right now!!!!!!!!!!!!

ဒီနေ့ ဘာရယ် မဟုတ်ဘူး ဟိုးအရင်တုန်းက Blog လေးကို ပြန်ဖွင့်ကြည့်မိတယ်။ ဒိုင်ယာရီ အဟောင်းလေးကို ပြန်ဖတ်ရသလိုပဲ ။ အဲ့အချိန်တုန်းက ရှိခဲ့တဲ့ ပျော်ရွှင်ခြင်းတွေ၊ ၀မ်းနည်းခြင်းတွေ အားလုံးကို ပြန်တွေ့ရတယ်။ အနားမှာ ရှိခဲ့ဖူးတဲ့ တစ်ချို့လူတွေလည်း မရှိတာ့ဘူး။ အသစ်အသစ်သော လူတွေလည်း အနားမှာ တိုးလာတယ်။ အရင်တုန်းက နာမည်မကြီးသေးတဲ့ သူငယ်ချင်းတွေလည်း ခု နာမည်ကြီးတွေဖြစ်ကုန်ပြီ။ အချိန်ကာလ တစ်ခုက တော်တော်များများကိုပြောင်းလဲ စေခဲ့တာပဲနော်။ တစ်ချို့ တစ်ချို့တွေနဲ့ ခင်မင်မှုတွေ ပျောက်ပျက်ကုန်ပေမဲ့ တစ်ချို့တစ်ချို့ နဲ့ကတော့ ပိုပြီး ခိုင်မိုင်လာတယ်။ အရင်တုန်းက နားမလည်ခဲ့တဲ့ အရာတွေလည်း နားလည်လာတယ်။ ခံစားတတ်လာတယ်။
ကျွန်မနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ဘယ်အရာတွေက ပြောင်းလဲ လာလဲ ???? နောက်ထပ် ၆ လ အတွင်း မှာ MBA ဘွဲ့ တစ်ခုထပ်ရတော့မယ်။  Thesis ကိုလည်း အလုပ်နဲ့ဆိုင်တဲ့ Topic ပဲရွေးဖြစ်တယ်။ Tourism Industry in Myanmar တဲ့။ လုပ်ငန်းခွင်ထဲမှာလည်း အထိုက်အသင့်နေရာ ရလာသလို အိမ်မှာလည်း လူကြီး တစ်ယောက် အနေနဲ့ နေနေရပြီ။ အတွေးအခေါ်တွေလည်းပြောင်းလဲ လာတယ်။ လောဘတွေလည်း ပိုကြီးလာတယ်။ အချစ်ဆိုတဲ့ အရာက လိုက်လေဝေးလေလို့ ဖြစ်နေပြီ။ လူတွေကိုလည်း ယုံကြည်ဖို့ ခက်လာတယ်။ သေချာတာကတော့ အရင်တုန်းကလောက် စိတ်ထားမဖြူစင်တော့တာပါပဲ။ နောက်ထပ် တစ်ခုက အလှပြင်တတ်လာတယ်။
၂၀၁၀ ကနေ ခု ၂၀၁၃ (၄)လ ပိုင်းအတွင်းမှာ ကျွန်မချစ်တဲ့ ကျွန်မကိုချစ်တဲ့ လူတွေ လောကကြီးကနေ ထွက်သွားကြတယ်။ ဆရာ နဲ့ ပြည့်စုံပေါ့။ နားလည်မှုတွေရှိခဲ့တယ်လို့ထင်ခဲ့တဲ့ လူတစ်ချို့နဲ့ နားလည်မှုတွေ ပျက်စီး ခဲ့ရတယ်။ လက်တွေ့ကျကျ စဉ်းစားခဲ့တဲ့ကျွန်မနဲ့ စိတ်ကူးယဉ်ဆန်တဲ့ လူတွေနဲ့ ဒဏ်ရာ ကိုယ်စီနဲ့ လမ်းခွဲခဲ့ကြတယ်။
ဆုံးရှုံးမှုတွေရှိခဲ့သလို ပိုင်ဆိုင်ရတာတွေလည်း ရှိခဲ့ပါတယ်။ မိတ်ဆွေစစ်တွေကိုလည်း ရခဲ့ပါတယ်။ မေမေနဲ့ ဖေဖေကို ပိုချစ်လာသလို စွန့်လွှတ်ဖို့လည်း ပိုပြီးကြောက်နေပါတယ်။  အရင်တုန်းက ဟန်မဆောင်တတ်တဲ့ ကျွန်မ ဟန်ဆောင်မှုတွေကြားမှာ ပျော်မွေ့နေပြီ။ အရင်တုန်းကလို ရယ်မောနေတဲ့ ကျွန်မဟာ ခုတော့ ပြုံးရုံသာ ပြုံးတော့တဲ့ လူတစ်ယောက်ဖြစ်နေပါပီ။ အေးစက် မာကြောနေတဲ့ အသည်းနှလုံး တစ်စုံကိုလည်း ပိုင်ဆိုင်ထား ပြီးပါပီ။ စာဖတ်တာ ၀ါသနာပါတဲ့ ကျွန်မ စာဖတ်ပျင်းနေပြီ။
လောကကြီးရဲ့ မာယာတွေကြားမှာ အလိုက်သင့်စီးမျောရင်း နေသားတကျပေါ့။
21.April.2013
9:48pm

Saturday, October 23, 2010

when i'm looking to myself after 7months

Blog ကိုပြန်ပြီး လှည့်မကြည့်ခဲ့တာ ၇ လကျော် ၈လနီးပါး ရှိတော့မယ် ထင်ပါတယ်.... ဒီ ၇ လအတွင်း စာရေးတာရော စာဖတ်တာရော ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ အဲဒီတော့ ဘာတွေ လုပ်နေလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ အကျိုးရှိတာတွေပေါ့ ???? သေချာတာတော့ ဘာမှ မယ်မယ်ရရ မရှိခဲ့ဘူး။ တစ်နှစ်အတွင်းမှာ ဘာတွေ တိုးတက်လာသလဲ။ ပညာရေးနဲ့သက်ဆိုင်တာ,,,,စီးပွားရေး လူမှုရေး ဘာတွေ တိုးတက်လာသလဲ ဆိုရင်တော့ ပညာရေးကတော့ ဒုံရင်းဒုံရင်းပါ,,,, စီးပွားရေးကတော့ အလုပ်လေးတစ်ခု လုပ်ဖူးသွားတယ်ပေါ့ နော်,,,, လူမှုရေးရော (စွာတုန်းပဲလား၊ ဒေါသကြီးတုန်းပဲလား၊ မှန်တယ်ထင်ရင် အားမနာလျှာမကျိုး ပြောသေးလား) ဟုတ်ကဲ့ ကျွန်မ အရင်လိုပါပဲ :D အော် ကျန်သေးတယ် ပေါတုန်းပဲ,,, တစ်ခါတစ်လေ ဘ၀မှာ ထင်မထားတာတွေက ဖြစ်လာတတ်ပါတယ်,,,,, ကျွန်မရဲ့ ဆရာလည်းဖြစ်တဲ့ မိဘလိုလည်းဖြစ်နေတဲ့ ဆရာ့မှာ အသည်းကင်ဆာ ဖြစ်နေတယ်ဆိုတာ လွန်ခဲ့တဲ့ (၂) ပါတ်ကျော်ကမှ ကျွန်မတို့ သိခဲ့ကြပါတယ်။ လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ မို့ အရာ အားလုံးကို ရင်ဆိုင်နိုင်အောင် ကျွန်မတို့ ဆရာ တပည့်(၂) ယောက် ကြိုးစား နေပါတယ်။ ကျွန်မ စိတ်ပျက်လက်ပျက်နဲ့ ကွန်ပျူတာလောကထဲကနေ ထွက်သွားဖို့ပြင်ဆင်တိုင်း အားပေးစကားပြောတတ်တဲ့ ကျွန်မရဲ့ဆရာကို သူလူ့လောကထဲက ထွက်သွားဖို့ ပြင်ဆင်နေချိန်မှာ ကျွန်မ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ကျွန်မကို ကျွန်မ ပြန်မေးနေဆဲပါပဲ.... :(

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့,,,,, ငယ်ငယ်တုန်းက ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကိုလည်း သတိရပါတယ် မနက်ဖြန် အိမ်ကိုဖုန်းဆက်ရဦးမယ် မေမေနဲ့ဖေဖေကို ဖုန်းထဲကနေ ကန်တော့ရမယ်ပေါ့။ ဆရာ့ကိုလည်း မနက်ဖြန် သွားကန်တော့ဦးမယ်။ မန်းလေးမှာလည်း မိုးတွေရွာနေတယ်ကွယ်။ တည်ငြိမ် ရင့်ကျက်လာအောင် ပိုပြီး ကြိုးစားရဦးမယ်... Btw, ဘာတွေ ဘယ်လိုပဲ မကောင်းနေပါစေ ကျွန်မတော့ မြန်မာပြည်ကို ချစ်တယ်။ မြန်မာ တစ်ယောက်အနေနဲ့မွေးဖွားလာရလို့လည်း ဂုဏ်ယူတယ်။ ကျွန်မ အမြဲလည်းပြောခဲ့ဖူးပါတယ် ဘယ်နိုင်ငံပဲရောက်ရောက် ဘယ်သူတွေမေးမေး ကျွန်မ မြန်မာ ပါလို့ အမြဲပြောခဲ့တယ်။ ဟိုနိုင်ငံကလက်မခံဘူး၊ ဒီနိုင်ငံက အိတ်တွေကိုမွေနှောက်ရှာတာခံရတဲ့ဆိုတဲ့ passport အနီရောင်လေးကိုလည်း ကျွန်မ အသက်ထက်ဆုံးပဲ အသုံးပြုသွားမှာပါ။ သေချာတာတစ်ခုက အသက်ရှုရတာချင်း တူပေမဲ့ မြန်မာပြည်က လေက လတ်ဆတ်တယ်၊ အသုံးပြုရတာ ပိုပြီး ၀န်ပေါ့တယ်လို့ ပြောရင် ကျွန်မကိုပိုတယ် ပြောကြမယ်ထင်ပါတယ်။ ဘန်ကောက်မှာ ရှိတုန်းကလည်း Foreigner သူငယ်ချင်းတွေက ပြောကြတယ် boyfriend ကိုတခြား နိုင်ငံသားထားပါလားတဲ့ ဒီရောက်လာတော့လည်း အလုပ်ထဲက လူတွေက Singaporean boyfriend ကို ရှာပါလားတဲ့။ ကျွန်မပြန်ပြောခဲ့တယ် ငါ foreigner တစ်ယောက်ကို ဘယ်တော့မှ မယူဘူးလို့ ငါ သေမတတ်ပဲ သူ့ကိုချစ်ပါစေ ငါမယူနိုင်ဘူးလို့ပြောခဲ့တယ်။ အဖြေမှားသလား မှန်သလားတော့ မသိဘူး။ သေချာတာကတော့ အဲဒီဆုံးဖြတ်ချက်ကို ဒီတသက်မပြင်ဘူးဆိုတာပါပဲ။

နောက်တစ်ခုတွေးမိတာက လောဘ သတ်ဖို့ပါပဲ။ ကိုယ့်လောဘကို ကိုယ်မသတ်နိုင်ရင် လောဘက ကိုယ့်ကိုပြန်သတ် သွားမှာက အသေအချာပါပဲ။ ကျွန်မ အရင်ကထက် လောဘကြီးလာတယ်။ တကိုယ်ကောင်းဆန်လာတယ်။အလုပ်မဟုတ်တာတွေကို အလုပ်ဟုတ်ပြီး ရှုတ်မနေကြပါနဲ့။ သူ့ဒေါသ ကိုယ့်ဒေါသမဖြစ်စေနဲ့ပေါ့နော်။ လူ့လိမ္မာအမျက် အပြင်မထွက်နဲ့တဲ့။ Btw,လူတွေကနော် ရေကြည်ရာ မြက်နုရာကို ရွေ့တယ်ရွေ့တယ်နဲ့ ဘာလို့ အင်္ဂတေကိုင်ထားတဲ့ နေရာကိုပဲ လာကြလဲမသိဘူး ။ :D (just kidding ပါ) သေချာတာကတော့ ဒီနေ့ရေးနေတာ တောင်စဉ်ရေမရ တွေချည်းပါပဲ။

Friday, February 19, 2010

တအုံကျောင်းသားဘ၀(၅)

ဒုတိယ နှစ်ရောက်တဲ့ အချိန်မှာ သူငယ်ချင်းတွေ အခန်းမတူတော့ဘူး။ သူငယ်ချင်း အသစ်(၂) ယောက်လည်းထပ် ရခဲ့တယ် မို့မို့ နဲ့ မောင်မောင် တဲ့ ။ ၀ဏ္ဍ ၊ ရွှေရည် နဲ့ မီးငယ်တို့ (၅)ယောက်က တစ်ခန်း၊ နေတိုး၊ မျိုးမြင့်အောင်နဲ့ မြင့်မာသူ က တစ်ခန်းပေါ့။ ထုံးစံအတိုင်း နေရာဦးတာကတော့ အလွန်အကျွံပဲပေါ့။ စိတ်မကောင်းစရာ တစ်ခုက မြင့်မာသူက နေမကောင်းဖြစ်တယ်။ ကျောင်းလည်း ဆက်မတက်နိုင်တော့ဘူး။ Roll Call ပြည့်အောင်ကတော့ ထုံးစံအတိုင်း ဆေးခွင့်တင်၊ Roll Call ခိုးယူနဲ့ စာမေးပွဲတော့ ဖြေသွားနိုင်သေးတယ်။ သူငယ်ချင်းက တတိယနှစ်ရောက်တော့ ဆုံးသွားတယ်။

အမှတ်တယ ကတော့ ဒုတိယနှစ်မှာ ဘောလုံးပွဲ လုပ်ခွင့်ပေးတယ်။ EC တွေကတော့ ရုံးခန်းမှာ လက်မှတ်ထိုးရတာပေါ့။ အဲဒီတုန်းက ပါချူပ် ဦးစိုးမြင့်က ဘောလုံးပွဲလုပ်တာကို ခွင့်ပြုသေးတယ်။ ယောကျာ်းလေးတွေကလည်း Training ဆင်းတယ်ဆိုပြီး ကျောင်းမတက်ဘူး ရှိသမျှစာအုပ်လဲ ခင်ရာကောင်မလေးတွေဆီအပ်ပီ ဘောလုံးကန် ကျင့်ကြတာပေါ့ ၊ အဲဒါနဲ့ ဘောလုံးပွဲဖြစ်ပြီး ကန်ကြတယ်ပေါ့၊ Final ပွဲလည်းရောက်ရော တအုံ(ဒုတိယနှစ်) အသင်းနဲ့ ဒဟတ္တောအသင်းတွေ့ ပါလေရော။ မီးငယ်တို့လည်း ကိုယ့်အသင်းကို အားပေးတာပေါ့။ နှစ်သင်းလုံးကလည်း Final ထိတက်လာပီးသားဆိုတော့ မခေကြဘူးလေ။ နောက်ဆုံး တအုံဘက်က အချိန်ပို ကစားလည်း မရတော့ ပင်နယ်တီကန်ရော။ ပင်နယ်တီနဲ့ ရှုံးရော ငိုလိုက်ကြတာပြောမနေနဲ့ ။ ငိုတဲ့ အထဲမှာ မီးငယ်လည်းပါတယ်။ အဲတုန်းက ဂိုးသမားက မီးငယ်မွေးစားအကို သီဟလေ။ သူ့စာတွေလည်း ကူးပေးရသေးတယ် စာလည်းရှင်းရသေးတယ် ပြီးတော့မနိုင်ဘူးဆိုတော့ စိတ်ကလည်းတို ၀မ်းလည်းနည်း သီဟက စပြီး ငိုတော့ မီးငယ်ပါလိုက်ငိုရော :D နောက်ရက် ဒဟတ္တောက သူငယ်ချင်းတွေက သူတို့ အခန်းရှေ့မှာ ဒိုင်းကို ထောင်ထားပီးတော့ လိုက်ကြွားထားတာ. မီးငယ်လာတာလဲ မြင်ရော လာစတယ်လေ ငါတို့ အသင်းကနိုင်တာဆိုပြီးတော့ မီးငယ်လည်း စိတ်တိုတာနဲ့ လက်ထဲပါလာတဲ့ SE စာအုပ်နဲ့ ပိတ်ရိုက်လိုက်တာ ဘေးနားကလူတွေ ဟာကနည်း ဖြစ်သွားရော၊ သူငယ်ချင်းကတော့ သူစတာ လွန်မှန်းသိတယ်လေ မနက်ကတည်းက ဖုန်းဆက်ပြီး စနေတာ သူ့ကိုလည်း ငါ့ကိုဖုန်းထဲကနေပဲစ အပြင်မှာလာမစနဲ့လို့ကြိမ်းထားပြီးသား အဲဒါကိုလာစတော့ စော်ပလိုက်တာပေါ့ ဘယ်ရမလဲ :D

ဒုတိယနှစ် မှာထမိန်စ၀တ်ရတယ်။ အစတုန်းက ကွန်ပျူတာ တက္ကသိုလ်မှာ Uniform မရှိဘူးလေ။ နောက်တစ်ခု သတိရဆုံးနဲ့ အမှတ်တယ အဖြစ်ဆုံးက မီးငယ်ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့လေ။ မထင်ထားလောက်အောင်ကို ပျော်ခဲ့ရတယ်။ မွေးနေ့နဲ့ မွေးရက် တစ်ထပ်တည်းကျတဲ့ နှစ်ပေါ့ မေမေက ပိတ်ရက်ကျမှာ အိမ်မှာတစ်ခုခုလုပ်ပေးမယ် ဒီနေ့ ကျောင်းပဲသွားလိုက်ဆိုပြီး ပြောတော့ သိပ်ပီး စိတ်ကမကြည်ဖူးပေါ့။ မနက်ကျတော့ မေမေက Hand Chain လေးလက်ဆောင်ပေးတယ်။ ဖေဖေက ကားပေါ်က ဆင်းခါနီး ဗူးလေးတစ်ဗူးပေးလိုက်တယ်။ ဖွင့်ကြည့်လိုက်တော့ ဖုန်းလေးတစ်လုံးဖြစ်နေတယ်။ ပျော်လိုက်တာကတော့ အရမ်းပဲ ပါးစပ်တောင် ပိတ်မရဘူးလေ :D ဒါပေမဲ့ သူငယ်ချင်းတွေက ဘယ်သူမှ မရောက်သေးဘူး။ ဒါနဲ့ဖေဖေ့ဆီကို ဖုန်းဆက်လိုက်တယ် Thank you ဖေဖေပေါ့ ဟီး။ ခဏနေတော့ ကိုရာဇာ ရောက်လာတယ်။ ထူးထူးဆန်းဆန်း ၇၃ လမ်းမှာ ရွှေမန်းမေ စီးတဲ့လူက ၈၂ လမ်းကိုရောက်လာတယ်ပေါ့။ ကိုရာဇာက သူ့လက်ထဲက အိတ်ကိုပေးလိုက်တယ် ဖွင့်ကြည့်ပါတဲ့ ဒီနှစ်သူ အရင်ဆုံးမွေးနေ့လက်ဆောင်ပေးချင် လို့ပါတဲ့။ ဖွင့်ကြည့်လိုက်တော့ Pooh ရုပ်ပါတဲ့ ပစ္စည်းလေးတွေအစုံပဲ။ မီးငယ်ကိုပေးချင်လို့ စုထားတာတဲ့။ :D ပျော်လိုက်တာ အရမ်းပဲ။ ကျောင်းကားထွက်ခါနီးမှ ကျန်တဲ့လူတွေရောက်လာတယ်။ နေတိုးက ကိတ်မုန့်လေးကိုင်ပြီး တက်လာတယ် ။နောက်မှာ အကို (၅)ယောက်နဲ့ ရွှေရည် ၊ မြင့်မာသူ၊ ၀ဏ္ဍ တို့ပါလာတယ်။ အဲဒါနဲ့ ကားပေးပေါ်မှာ ဆုံးဖြတ်လိုက်တယ် ဒီနေ့ဘယ်သူမှ ကျောင်းမတက်ဘူးဆိုပြီးတော့ ၊ မီးငယ်အချစ်ဆုံး အကိုကတော့ ပါမလာသေးဘူးလေ သူက ဒီနေ့ကို ကျောင်းတက်ချင်မှာ တက်မှာသူသင်တန်းရှိတယ် ဆိုပြီး အစကတည်းကပြောထားတယ်လေ။

အဲဒါနဲ့ကျောင်းရောက်တော့ ကျောင်းလှေကားထိပ်မှာ ကိုသားကြီးတို့ ကိုလင်းတို့ အုပ်စုက စောင့်နေပြန်ရော၊ သူတို့ဆီက နေလည်း ကိတ်မုန့်က (၂)လုံးထပ်ရပြန်ရော ဟိ ။ အဲဒါနဲ့ အားလုံး အတန်းလစ်ပြီးတော့ မွေးနေ့သွားလုပ်ကြတာပေါ့။ ကိုသားကြီးတို့က အရမ်းစေ့စပ်တယ် ကိတ်အပြင် တခြား စားစရာတွေကိုပါ သယ်လာတာ ဆိုတော့ အားလုံး အဆင်ပြေသွားတယ်လေ။ ဒါပေမဲ့ ခုချိန်ထိ အကိုက ရောက်မလာသေးဘူး။ အားလုံးကလည်း မစောင့်ပါနဲ့တော့ ကျောင်းလာမယ်မထင်တော့ဘူးဆိုပြီး ကိတ်ခွဲဖို့ လုပ်နေတုန်းမှာ အကိုရောက်လာတယ်။ ပျော်လိုက်တာ အရမ်းပဲ သူလည်း သင်တန်းကနေခွင့်တိုင်ပြီးမှ ထွက်လာတာတဲ့ နောက်ကျသွားတယ် လို့ပြောပီး လက်ဆောင်ထုတ်လေးပေးတယ်။ အဲဒါနဲ့ မီးငယ်မွေးနေ့ကို အပျော်ရွှင်ဆုံး ဖြတ်သန်းလိုက်ရတာပေါ့။ ဘေးနားမှာ ကိုယ်ချစ်တဲ့သူငယ်ချင်းတွေ ကိုယ့်ကိုချစ်တဲ့သူငယ်ချင်းတွေ အားလုံးနဲ့ ပျော်ပျော်ကြီး ကဲလိုက်ရတယ်။ အဲဒီနှစ်က ရတဲ့လက်ဆောင်တွေအားလုံး Pooh နဲ့ လွတ်တာ တစ်ခုမှ မပါဘူး။ ထပ်လည်း မထပ်ဘူး :D သေချာတာကတော့ အဲလိုနေ့မျိုးကို ပြန်ရဖို့ဆိုတာ ဒီတသက်ဖြစ်နိုင်ပ့မလားမသိဘူး။

ဒုတိယနှစ် စာမေးပွဲတွေဖြေပြီး ကျောင်းပိတ်တော့ IAD စပြီးတက်ရတယ်။ UNFPA မှာ Volunteer ၀င်လုပ်ဖြစ်တယ်။ မိဘမဲ့ကလေးတွေ နဲ့ လမ်းဘေးကလေး တွေအကြောင်းကို လည်း သိလာတယ်။ အော် ငါတော်တော် ကံကောင်းပါလားဆိုတာကိုလည်း စပြီးသိလာတယ်။ နောက်ပီးတော့ ဦးဂိုအင်ကာ တရားစခန်းမှာလည်း Children Course တွေအတွက် Counselor ၀င်လုပ်ဖြစ်တယ်။ မီးငယ်က ၇ တန်းလောက်ကတည်းက အဲဒီရိပ်သာမှာ Children Course တွေကို ၀င်ဖြစ်နေတော့ ကလေးတွေအတွက် Counselor လိုတယ်ဆိုတော့ မီးငယ်ကို recommend ၀ိုင်းပေး လို့ လုပ်ဖြစ်သွားတာပါ။ တကယ်တော့ တရားအကြောင်းကို အရမ်းသိလို့ မဟုတ်ပါဘူး။ ဆယ်တန်းအောင်ပြီး တော့ ဖေဖေက 10 Days Course ၀င်ရမယ်လို့ ပြောတုန်းက ဖေဖေစိတ်ချမ်းသာအောင် လူကြီး တရားပါတ်ကို ၀င်ခဲ့ဖူးတယ်လေ။ ပုံမှန်ဆိုရင် အသက်(၁၈)နှစ်ကျော်မှ လူကြီးတရားပါတ်ကို ၀င်ခွင့်ပေး ပေမဲ့ မီးငယ်ကိုတော့ ကလေးပါတ်တွေထိုင်နေတာ ကြာပီဆိုတော့ (၁၆)နှစ်နဲ့ တရားထိုင်ခွင့်ပေးခဲ့တယ်လေ။ Children Course Counselor က နည်းနည်းတော့တာဝန်ကြီးပါတယ်။ ဘာလို့လဲဆိုတော့ တစ်အုပ်စုမှာ Counselor တစ်ယောက်နဲ့ ကလေး က အနည်းဆုံး (၁၀)ယောက်ကနေ အယောက် (၂၀)လောက်အထိ ရှိပါတယ်။ ကိုယ်တာဝန်ယူရတဲ့ကလေးတွေကို တရားပါတ် (၁) ရက်အတွင်း ကောင်းကောင်းထိန်းပေးရတာပါ။ ကလေးတွေဆိုတော့ သူ့တို့ကို အာနာပါန (၅)မိနစ်လောက်မှတ်ခိုင်းပေမဲ့ တစ်နာရီလောက်ကြာတယ် ထင်ကြတာလေ။ တရားခန်းမပေါ် မသွားခင် မီးငယ်တို့က တရားခန်းမပေါ်မှာ ဘယ်လိုနေရမယ်၊ ၀င်လေထွက်လေကို ဘယ်လိုလိုက်မှတ်ရမယ်၊ စိတ်ကဘယ်လိုလွင့်သွားတတ်တယ် ဆိုပြီး ပြောပြပေးရတယ်။ အဲလိုလွင့်သွားတယ် ဆိုရင်လည်း ဘယ်လိုပြန်ထိန်းပေးရတယ်ဆိုတာတွေလည်း ပြောပြပေးရတယ်။ တစ်ချို့ကလေးတွေဆို မိဘတွေက တရားထိုင်စေချင်လို့ လာပို့တယ် သူတို့က မထိုင်ချင်ဘူး အဲဒီအခါကျရင် အိမ်ကိုခိုးပြန်တာတွေဘာတွေရှိ တတ်တယ်။ ကိုယ့်အုပ်စုထဲက ကလေးတွေ အဲလိုမပြန်အောင်လည်း ထိန်းရတာပေါ့။

မီးငယ်က Children Course Counselor တွေထဲမှာ နာမည်ကောင်းရတယ်။ ဘာလို့လဲဆိုတော့ မီးငယ်အဖွဲ့ထဲက ကလေးတွေက ဘယ်တော့မှ အဲလိုခိုးပြန်တယ်ဆိုတာတွေမဖြစ်ဘူး။ ဟိ ထိန်းနည်းသိချင်လား နောက်တော့မှ ပြောပြမယ်နော်။ တကယ်တော့ ကလေးက ကလေးကိုပြန်ထိန်းတာပါ ဟီး။ ကလေးထောင်တို့ မိဘမဲ့ကျောင်းတို့ မှာလည်း ရိပ်သာကနေ ကလေးတရားပါတ်တွေ ဖွင့်ဖြစ်တယ်။ မီးငယ်လည်း လိုက်သွားဖြစ်ပါတယ်။ ကလေးထောင်က ကလေးတွေဆိုရင် အရမ်းသနားဖို့ကောင်းတာပဲ။ သူ့တို့ ထမင်းစားခန်းထဲကို ၀င်သွားတာ မီးငယ်ဆိုရင်လေ အန်တောင် အန်ဖြစ်တယ်။ ထမင်းပန်းကန်တွေကလည်း စားပီးရင် ဆပ်ပြာနဲ့ဘာနဲ့ကောင်းကောင်းမဆေးဘူး ရေနဲ့ဒီအတိုင်းဆေးတာ သနားပါတယ်ကလေးတွေ။ အဲဒါတွေမြင်တော့ နောက်တစ်နှစ်မွေးနေ့ကျတော့ ကလေးထောင်မှာ သွားလှူဖြစ်တယ်။ နောက်တစ်ခုက မိဘမဲ့ မိန်းကလေးကျောင်းပေါ့နော်။ ထုံးစံအတိုင်း မီးငယ်က ၀တ်သွားတာက ထမိန်နဲ့ဆိုပေမဲ့ အကျီကလည်း cute ဖြစ်တဲပုံ၊ နာရီကလည်း pooh ရုပ်နဲ့ ၀တ်ထားတာတွေက ကလေးကြိုက်တွေပဲဆိုပါတော့ :D (အဲတုန်းက မီးငယ်လည်း ကလေးပဲဟာ နော့လေ) ကလေးလေးတွေကလေ မီးငယ်ဝတ်ထားတာတွေကို လိုချင်တယ်ထင်ပါတယ် ကိုင်ကြည့်ကြတယ်လေ။ စိတ်မကောင်းလိုက်တာ ချွတ်ပေးရအောင်ကလည်း ကိုယ်တန်ဖိုးထားတဲ့ နာရီ(အကိုပေးထားတာမွေးနေ့လက်ဆောင်) နဲ့ ပစ္စည်းတွေဖြစ်နေပြန်ရော။း( အဲဒီနေ့က မီးငယ်ရတဲ့ ကလေးတွေထဲမှာ ပိုလီယိုဖြစ်နေတဲ့ကလေးတစ်ယောက်ပါတယ်။ မှတ်မှတ်ယယ အဲဒီနေ့ကကျွေးတာ ကြာဇံကြော်၊ အဲဒီကလေးလေးက ကြာဇံကြော် ကြိုက်တယ်တဲ့ သူကသူ့ဘာသာ စားရင် လက်ကမသန်တော့ ကြာဇံကြော်က သူ့ပါးစပ်ထဲမရောက်ပဲဖိတ်ကျနေရော။ ကလေးလေး မျက်နှာမှာ စားချင်တဲ့ ပုံတွေကလည်းပေါ်နေရော အဲဒါနဲ့ ကလေးတစ်ယောက်ကို ပထမဆုံးမခွံ့တတ် ခွံ့တတ်နဲ့ ကြာဇံကြော် ကျွေးဖူးတယ်။ မီးငယ်တို့ပြန်ခါနီးကျတော့ ကလေးတွေက မမနောက်တစ်ခါပြန်လာကြည့်ပါနော်ဆိုတော့လေ ဘယ်လိုမှ စိတ်မထိန်းနိုင်ဘူး ငိုတော့တာပဲ။ အဲဒီနောက်က စလို့ မီးငယ်ကို counselor အဖြစ်ခေါ်တော့မယ်ဆိုရင် အဲလိုနေရာတွေကို မခေါ်တော့ဘူး :D မန်းလေးမှာ နာမည်ကြီးတဲ့ (၁၆) တို့ (၂၂)ကျောင်းတွေမှာလုပ်တဲ့ ကလေးပါတ်တွေကိုပဲခေါ်တော့တယ်။

အောင်စာရင်းထွက်တော့ မီးငယ်က Digital နဲ့ Eng ဂုဏ်ထူးပါတယ်။ ၀ဏ္ဍက Eng ဂုဏ်ထူးပါတယ်။ အဲတုန်းကသာ Eng ဂုဏ်ထူးထွက်တာ ခုများ ချာတူးကိုလန်နေတာပဲ :D အဲဒါနဲ့ကျောင်းပြန်ဖွင့်ခါနီးတော့ တတိယနှစ်တို့ ထုံးစံအတိုင်း CS နဲ့ CT ခွဲရော။ CS ဆိုတာက Software သမားတွေပေါ့ Programmer ဖြစ်ချင်တဲ့လူတွေက CS ကိုယူကြတယ်လေ။ မီးငယ်ကတော့ အပြင်မှာလည်း Software ပိုင်းက သင်လို့ရတယ်ဆိုပြီး CT(Hardware) ယူရော။ (အဓိက ကတော့ စာမကျက်ချင်တာပါ ဟိ) ကွန်ပျူတာ တက္ကသိုလ်တို့ ရဲ့ ထုံးစံအတိုင်း CT သမားတွေက လူမိုက်တွေပေါ့ CS သမားတွေက လူလိမ္မာ စာဂျပိုးတွေပေါ့။ မီးငယ်တို့ အုပ်စုမှာလည်း မီးငယ်တစ်ယောက်တည်း CT ယူမယ်ပေါ့။ ကျန်တဲ့လူအားလုံးက CS ပဲယူတယ်။ နောက်တော့ မျိုးမြင့်အောင်က သူလည်း CT ယူမယ်တဲ့ ဖြစ်ရော ဘာလို့လဲဆိုတော့ မီးငယ်တစ်ယောက်တည်း တစ်ခန်းဖြစ်နေမှာဆိုးလို့တဲ့။ နောက်တစ်ခုက မီးငယ်တို့ နှစ်ကအထိ GCCE ပေါင်းကူးတန်းကလူတွေက CT ယူလို့မရဘူး။ ဘာလို့လဲတော့ မသိဘူး။ အဲတုန်းကလဲ ကလေးစိတ်တွေဆိုတော့ ပေါင်းကူးတန်းကလူတွေ ကိုမမြင်ချင်ဘူး ဟိ။ အဲဒါကလည်း CT ယူဖြစ်တဲ့အထဲမှာ တစ်ချက်ပါတယ်ပေါ့နော်။ :D

Saturday, November 14, 2009

လတ်တလောအခြေအနေ

ဘလော့လည်း ဖုန်တက်နေတာကြာပြီ…လူကစာရေးဖို့တော်တော်အပျင်းထူနေတယ်.. ကိုမင်းကျန်စစ်က Tag ထားတာကြာနေပီ.. ၃ လလောက်တောင်ရှိနေပီထင်တာပဲ.. ဒီနေ့စာရေးချင်စိတ်ရှိတာနဲ့ ပြန်ရေးလိုက်တာပါ….

တွေးမိနေတာက – Bangkok ကိုပြန်ဖို့…

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက – လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်။

ကျန်းမာရေး – ခါးနာတယ်.. ဗိုက်အောင့်တယ်… ခေါင်းမူးတယ်… သွားနာနေတယ်။

ဖတ်ဖြစ်တဲ့စာအုပ်က – ဦးနေ၀င်း၏ ပြာတစ်ဆုပ်နှင့် …(ကြေးမုံဦးသောင်း)

ရောက်ဖြစ်နေတာက – Singapore ကျွန်းအနှံ…& Power House

ရေးဖြစ်နေတာက – Visual C# Program တွေ….

နားထောင်ဖြစ်တာက – Daniel Powter ရဲ့ Bad Day

ဖြစ်ချင်နေတာက – အလုပ်တစ်ခု မြန်မြန်ရဖို့

စားဖြစ်နေတာက – Fried Chicken Seaweed

သနားနေမိတာက – အိမ်နဲ့ခွဲနေရတဲ့ ကိုယ့်ကိုကိုယ်….

လွမ်းမိနေတာက – AIT ကကျောင်းသားဘ၀….

မေ့လျော့ပစ်နေတာက – စိတ်ညစ်စရာကောင်းတဲ့ အတိတ်ကအကြောင်းတွေ….

ခါးသက်နေမိတာက – တွေဝေ တတ်တဲ့ကိုယ့်ကိုကိုယ်….

တမ်းတနေမိတာက – ပျော်ခဲ့ရတဲ့ ကျောင်းသားဘ၀….

ကျိတ်ပြီးချီးကျူးနေမိတာက – ခွင့်လွတ်တတ်တဲ့လူမှန်သမျှ….

ကျိတ်ပြီးအထင်သေးနေတာက – သူများအပြစ်ကိုမြင်ပြီး….ကိုယ့်အပြစ်ကို မမြင်တတ်တဲ့သူတွေ…

ဆန္ဒမရှိတဲ့နေရာ – စလုံးကျွန်း…

ဆန္ဒရှိနေတဲ့ကိစ္စ – သူငယ်ချင်းတွေနဲ့ မြန်မာပြည်အနှံလျှောက်လည်ချင်တယ်….

မုန်းတီးနေမိတာက – တကိုယ်ကောင်းဆန်တဲ့ ကိုယ့်ကိုကိုယ်…

ချစ်နေတာက – နားလည်မှုပေးတတ်တဲ့ မေမေ

စိတ်ပျက်နေမိတာက – ကိုယ့်ကိုကိုယ်

လိုအပ်နေတာက – ရင့်ကျက်မှု

ဝန်ခံချင်တာက – စာရေးဖို့အတွက်ပျင်းနေတယ်….

Thursday, June 25, 2009

မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲ :P


ဒီနေ့တော့ ဘာရယ် မဟုတ်ပါဘူး။ မန်းလေးက စားစရာတွေကို သတိရနေမိတယ်။

အကိုနဲ့ ပထဆုံးရောက်ဖူးတဲ့ ဗထူးကွင်းနားက မြှီးရှည်ဆိုင်။ ရတနာပုံဈေး အရှေ့ပေါက်နားက မြှီးရှည်ဆိုင် ကလည်း ၂၀၀၂ ခုနှစ်က တည်းက စားလာ ခုချိန်ထိပဲ။ မီးငယ်တို့က အဲဒီဆိုင်မှာ ဆိုရင် မုန့်စားရုံတင်မကဘူး ပုဂံတွေပါ ခွဲတာ။

(၁၆)ကျောင်းနားက မြင့်လွင် ၀က်သားဒုတ်ထိုး။ နောက်ပြီး လမ်း(၈၀)တရုတ်တန်းအဟောင်းနားက ၀က်သားဒုတ်ထိုး။ အဲဒီဆိုင်က ဈေးကြီးတယ်။ ဒါပေမဲ့ ဆိုင်က သန့်တယ် စားလို့လည်းကောင်းတယ်။ ထမင်းလည်းရတယ်။ မီးငယ်တို့ အုပ်စု(၄ယောက်) သွားရင် တစ်ခါတစ်ခါရှင်းရင် ၂-၃သောင်းကြားအမြဲရှင်းရတယ်။ ဟီး ၀က်သား သိပ်မကြိုက်ကြဘူးနော်။

(၈၂)လမ်း ဒေါ်ရှိ ထမနဲ့ နားက အာပူလျှာပူဆိုင်။ အဲဒီဆိုင်က အာပူလျှာပူအပြင် ထမင်းသုပ်၊ မုန့်ဟင်းခါးသုပ်၊ သဘောင်္သီးသုပ်၊ လက်ဖက်သုပ်၊ ဒညင်းသီးသုပ်၊ အသုပ်စုံ၊ ရှောက်သီးသုပ်၊ မုန့်တီသုပ်၊ ငါးဖယ်သုပ် အစုံရတယ်။ နေ့လည် (၁၁)နာရီလောက် ကနေညနေ (၅)နာရီလောက်ထိရတယ်။ ဖေဖေနဲ့ မေမေက အဲဒီဆိုင်က ထမင်းသုပ်ကို စားတယ်။ ကျန်တဲ့ ဆိုင်က ဟာတွေကို မစားဘူး။ အချိုမှုန့်ပါလို့တဲ့။ အဲဒီဆိုင်ကတော့ ကိုယ်ပြောသလို ဖြစ်နေတဲ့ဆိုင် ဆိုတော့ သူတို့စားရတာ အဆင်ပြေတယ်။ အဲဒီဆိုင်မှာ ဘယ်လောက်စားတယ် မစားတယ် မီးငယ် ထိုင်လိုက်တာနဲ့ ငါးဖယ်သုပ် နဲ့ အာပူတစ်ပွဲ နံနံပင်မထည့် ဆိုပြီး တမ်းအော်တော့တာပဲ။ဟိ

ပြီးရင် လမ်း(၈၀)ပေါ်က ဖောင်တော်သီ အအေးဆိုင်။ ဆန်ပြားလိပ် နဲ့ အအေးသောက်ရတာလဲ စည်းစိမ်တစ်မျိုးပဲလေနော်။ မီးငယ်ကတော့ စတော်ဘယ်ရီ၊ သံပရာရေနဲ့ ဆန်ပြားလိပ် အမြဲလိုလိုစားဖြစ်တယ်။ သွားစရာရှိရင်လည်း သူငယ်ချင်းတွေအဲဒီမှာတွေ့ဖို့ ချိန်းကြတာများတယ်။

နောက်ပြီးတော့ လမ်း(၈၀)ပေါ်ကပဲ ဒေါ်ရွှေကြက်ပေါင်းခေါက်ဆွဲဆိုင်။ အဲဒီဆိုင်က မီးငယ်တို့ ဟိုးငယ်ငယ်ကလေးတည်းက ဖွင့်ထားတာ။ သူ့ဆိုင်က ကြက်ပေါင်းက မီးငယ် နှာခေါင်းထဲတော့ မညှီဘူး။ တခြားဆိုင်တွေက အနံက ညှီတယ်လို့ခံစားရတယ်။

တစ်ခါတစ်လေ ညနေပိုင်း လမ်း(၃၀)နားက လိပ်ခုတ်ဆိုင်။ လိပ်ခုတ်ဆိုလို့လန့်သွားလား။ ပလာတာကို ပဲထည့်ပြီးလိပ်ထား ပြီးတော့ ခုတ်ထားလို့ လိပ်ခုတ်လို့ ခေါ်တာ။

မနက်ပိုင်း Oriental House က Dim Sum ။ ဒါပေမဲ့ စားတာနည်းနည်းများလာရင် ညှီလာရော။ အဲဒါကြောင့် သိပ်မစားဖြစ်ဘူး။ Dim Sum ဆိုရင် Shadow လက်ဖက်ရည်ဆိုင်က ဟာကိုစားတာများတယ်။ နောက်ပိုင်း Skywalk ဖွင့်လာတော့ အဲဒီအပေါ်မှာလည်း ဆိုင်ရှိတယ်လေ။

နောက်ပြီး စားဖြစ်တာက ရွှေတောင်တန်းက ကြေးအိုး။ (၆၂)လမ်းဆိုင်မှာ သွားစားဖြစ်သလို Skywalkပေါ်မှာလည်းစားဖြစ်တယ်။ Mr.Brown နဲ့ Ginza Pan ကလည်းဖောက်သယ်တွေပဲ။

နောက်ပြီး (၇၃)လမ်း JJ café မှာလည်းစားတယ်။ အဲဒီမှာ အမြဲလိုလိုစားဖြစ်တာက ငါးအသားချောင်းကြော်နဲ့ ကော်ဖီ နဲ့ JJ ထမင်းကြော် စားတာများတယ်။ နောက်ပိုင်းကျတော့ အတွဲတွေ များလာတော့ စိတ်ညစ်ရတယ်။း(

ဘာဂါ စားကြမယ်ဆိုရင်တော့ B သုံးလုံးကိုသွားကြတယ်။ အဲဒီမှာကတော့ European Food တော်တော်စုံစုံရတယ်။ နိုင်ငံခြားသားတွေကလည်း အဲဒီမှာစားတာများတယ်။ JJ ကိုသိပ်မသွားကျဘူး။

(၇၃)လမ်းက ရှမ်းခေါက်ဆွဲဆိုင်လည်းကောင်းတယ်။ ဆိုင်နာမည်တော့ မမှတ်မိတော့ဘူး။ သွားစားကြရင်လည်း လူက အယောက်(၂၀)လောက်။ ပြီးလို့ ပိုက်ဆံရှင်းရင် ဘယ်တော့မှ စုမရှင်းဘူး။ တစ်ယောက်ချင်းစီရှင်းကြတာ။ မျက်နှာငယ်လေးနဲ့ ပိုက်ဆံတွက်ရတဲ့ ဆိုင်ရှင်တွေကိုလည်း သတိရပါရဲ့။

မန်းလေးကန်တော်ကြီးက နာမည်ကြီးတဲ့ မိုးကောင်း အသုပ်ဆိုင်လည်းသွားကြတယ်။ ဆေးဘဲဥ သုပ်ကတော့ မီးငယ်က ပုံမှန်စားဖြစ်တယ်။ ကြိုက်လည်းကြိုက်တယ်။ ချိုချိုဖြူ ဆိုင်က ကြာဇံချက် နဲ့ရွှေတောင်ခေါက်ဆွဲ သုပ်ကလည်း စားကောင်းတာပဲ။

အိမ်ကလူကြီးတွေနဲ့ ဆိုရင်တော့ 12 ပန်းနားဆိုတဲ့ ရှမ်းဆိုင်ကိုသွားစားဖြစ်တယ်။ ခုနောက်ပိုင်း စီချွမ်းဟော့ပေါ့ရတဲ့ ဆိုင်လည်း သွားတယ်။ ဟော့ပေါ့အရည်က ရန်ကုန်က ရွှေကောင်းဟော့ပေါ့လောက် မကြိုက်ဘူး။ အိမ်ကလူကြီးတွေနဲ့ သွားစားရင် ဈေှးနှုန်းကိုခေါက်ချိုးပြောဖို့သာ ပြင်ထား။ နို့မိုရင်တော့ မစားဘူးချည်းပဲ ပြောတာ ခံရမယ်မှတ်။

လမ်း(၈၀)နဲ့(၃၈)လမ်းထောင့်က ကော်ပြန့်ကြော်လည်း စားကောင်းတယ်။ ရိုးရိုးကော်ပြန့်၊ ငါးဖယ်ကော်ပြန့် နဲ့ ငုံးဥကော်ပြန့်ဆိုပြီးရှိတယ်။ ငါးဖယ်နဲ့ ငုံးဥကော်ပြန့်က တစ်ထုပ်ကို (၁၅၀) ဆယ်ခုပါတယ်။ ခုတော့ ဈေးမသိတော့ဘူး။ မေမေက ငါးဖယ်ကော်ပြန့် အ၇မ်းကြိုက်တယ်။ အဲဒီဆိုင်ရဲ့ အနောက်ဘက် ကောက်ညှင်းပေါင်းနဲ့ အကြော်ဆိုင်လည်း သတိရတယ်။

(၃၅)လမ်း န၀ရတ်ရိပ်သားနားက မာလာဟင်းဆိုင်တွေလည်း သတိရတယ်။အကင်စုံစား မာလာဟင်း၊ မာလာငါးစားနဲ့ ပျော်စရာကြီး။

သောက်ကျမယ်ဆိုရင်တော့ ကန်တော်ကြီး ကုက္ကိုလ်ကျွန်းထဲက ဆိုင်ကကောင်းတယ်။ မိသားစု၊ သူငယ်ချင်းတွေ ချည်းပဲဆိုရင် နေရာလည်းကျယ်တယ်။ ရတဲ့အစားအသောက်ကလည်း မဆိုးဘူး။ ဈေးနည်းနည်းကြီးတာကလွဲလို့။ မီးငယ်တို့ သူငယ်ချင်းကောင်လေးတွေ သောက်မယ်ဆိုရင် အဲဒီသွားတာများတယ်။ အဲဒီမှာက အရက်နဲ့ ပါတ်သတ်တာမျိုးစုံရတယ်။ ဘီယာဆိုင်လိုလည်း မဟုတ်တော့ သူငယ်ချင်းတွေအုပ်စုလိုက်သွားရင် လူအမြင်တင့်တယ် တယ်လို့ထင်ပါတယ်။

နောက်ပြီး သွားစားတတ်တဲ့နေရာ တစ်ခုကတော့ တောင်သမန်အင်းက ပုဇွန်ကြော်၊ ငါးကြော်ပါပဲ။ လှေလည်းစီး၊ မုန့်လည်းစား အတွဲလည်းချောင်းရင်းပေါ့။ တစ်ခါတစ်လေ ရတနာပုံတက္ကသိုလ် ထဲထိ သွားပြီး မုန့်စားကြပါသေးတယ်။

ဈေးချိုထဲမှာလည်း မြန်မာမုန့်တွေက စုံတယ်နော်။ မုန့်စိမ်းပေါင်း၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ ကြာဇံချက်၊ မုန့်လိပ်ပြာ၊ ကြိတ်မုန့်၊ မုန့်ဘိုင်းတောင့်၊ မုန့်လင်မယား၊ မုန့်ပစလတ်၊ တို့ဟူးသုတ် အစုံပါပဲ။ မီးငယ်တို့ အုပ်စုကတော့ ဗိုက်ဆံသမျှ အကုန်ထည့်တာပါပဲ။ ကြိတ်မုန့်ဆိုရင် ဗန်းလိုက်ဝယ်လိုက်တယ် အေးရော။ :D

အမှတ်(၈) မုန့်ဈေးတန်းကလည်း မီးငယ်တို့ မုန့်သွားစားနေကျနေရာပါ။ ခုချိန်ထိလည်း ပြန်ရင် သူငယ်ချင်းတွေစုပြီး ဆရာမတွေသွားတွေ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းထဲဝင်ပြီး မုန့်စားတုန်းပါ။ ကျောင်းပြီးပြီးချင်းတုန်းကတော့ အိမ်နားက ကလေးတွေက ဘာဝယ်ခဲ့ပေးပါဆိုပြီး မှာစားတာ။ ခုနောက်ပိုင်း အဲကလေးတွေလည်းကျောင်းပြီးရော။ အုပ်စုလိုက်ကျောင်းသွားပြီး မုန့်စားတော့တာပါပဲ။ သေချာတာကတော့ အဲဒီနေ့ ဗိုက်လည်းပြည့်တယ်။ ပိုက်ပိုက်လည်း သိပ်မကုန်ဘူး။ ဆရာမတွေက သူတို့ သမီးတွေက သူတို့ကို အမှတ်တယ နဲ့လာတွေ့တယ်ဆိုပြီး မုန့်တွေ ၀ယ်ကျွေးတယ်လေ။ ဟီး ကျောင်းက လက်ဖက်သုပ်က ဘယ်ဆိုင်နဲ့မှကို မတူဘူး အရမ်းစားလို့ကောင်းတယ်။ ကျောင်းဆင်းရင်ကျောင်းရှေ့ပေါက်က ကြက်ဥခေါက်မုန့် ၀ယ်ပြန်တယ်။

နောက်ပြီးတော့ စစ်ကိုင်းကောင်းမှုတော်က အကြော်ကလည်းစားလို့ကောင်းတယ်နော်။ မီးငယ်တို့ကတော့ ကျောင်းလစ်ပြီးကို သွားစားကြတယ်။ မင်းကွန်းခေါင်းလောင်းကြီးနားမှာ ရောင်းတဲ့ အကြော်ဆိုင်လည်းကောင်းတယ်။ မြစ်ငယ်တံတားနားက ရွှေကျွန်းပင် လက်ဖက်ရည်ဆိုင်က ကြံရည်လည်းကောင်းတယ်။

ပြန်ရင်တော့ အဲဒီဆိုင်တွေမှာ သွားစားဦးမယ်။

Tuesday, June 9, 2009

တအုံကျောင်းသားဘ၀(၄)


တအုံ ပထမနှစ် စာမေးပွဲတွေပြီးတော့ ကျောင်းပိတ်ထားတဲ့အချိန်မှာ မန်းလေး MCC မှာသင်တန်းတွေ တက်ဖြစ်ပါတယ်။ (၁၀)တန်းအောင်ခါစ ကလည်း MCC မှာသင်တန်းတွေ တက်ဖူးတော့ MCC မှာ မီးငယ်ကကျောင်းသားဟောင်းပေါ့။ ဆရာတုံ(မောင်လှ) နဲ့ ဆရာSteven က မီးငယ်ရဲ့ ဆရာတွေပါ။ သင်တန်းကလူတွေက မီးငယ်ကို အေးတယ်၊ စာလုပ်တယ်၊ မဆော့ဘူး အရမ်းလိမ္မာတယ်ပေါ့ ထင်ထားကြတာလေ။ (၁၀)အောင်ခါစ ICT Level 1လာတတ်တုန်းက သူငယ်ချင်းတွေနဲ့ မဟုတ်ဘူးလေ။ တစ်ယောက်တည်း ဆိုတော့ အေးတာပေါ့၊ သိတယ်မဟုတ်လား။ အုပ်စုလိုက်လည်း သင်တန်းလာတတ်ရော သောင်းကျန်းလိုက်တာ MCC ကြီးဂျွမ်းပြန်မလောက်ပဲ။ မီးငယ်တို့ တက်တဲ့ အတန်းက ICT Level 2 ပါ။ အတန်းပိုင် ဆရာက ဦးဝင်းနောင်။ သင်တဲ့ဆရာတွေက ဆရာSteven ၊ဆရာဝင်းနောင်၊ ဆရာ ဇော်ဇ်ာအောင်၊ ဆရာတုံက IDCS တို့ IAD တို့ကို အဓိကထားသင်တာ ဆိုတော့ မီးငယ်တို့လို ကလေးတန်းတွေကို တစ်ခါတစ်လေမှ သင်တာ။ နောက်ပြီး သင်တဲ့ဆရာ(၃)ယောက်လောက်ရှိသေးတယ်။ နာမည်တွေတော့ မမှတ်မိတော့ဘူး။

ICT Level 2 မှာ Section (၁) ခု ကို လူ(၂၀) ပဲလက်ခံတယ်။ မီးငယ်တို့အုပ်စုက စုစုပေါင်း(၁၁) ယောက်။ ကျန်တဲ့ (၉)ယောက်ကလည်း (၁)ပါတ်ပဲ ရှိသေးတယ် ကိုယ့်လူဖြစ်ကုန်ရော(အဟဲ အဲသလို ပိုင်တာ)အဲဒီအတန်းမှာမီးငယ်ကို အကြောက်ဆုံးက ဆရာဇော်ဇော်အောင်၊ ဆရာက စကားအရမ်းတတ်တယ်။ အစတုံးက မီးငယ် ဆရာနဲ့ ပြိုင်ငြင်း၊ စကားနိုင်လုရင် ရှုံးတာများတယ်။ နောက်ပိုင်း ဆရာကတောင် ညည်းနဲ့ငါ ပြိုင်မပြောတော့ဘူး ဆိုတဲ့အထိ ဖြစ်ကုန်ရော။ အဲဒီထဲက မှတ်မှတ်ရရ ငြင်းတဲ့ အကြောင်းတစ်ခုကို မှတ်မိသေးတယ်။ ကွန်ပျူတာတွေမှာ AI (Artificial Intelligence) အရမ်းတိုးတက်လာမယ် ဆိုရင် နောက်ပိုင်း ကွန်ပျူတာတွေက လူတွေကို ပြန်ပြီး ထိန်းချူပ်လာနိုင် မလားဆိုတဲ့ Topic ကိုငြင်းတာ။ ဆရာက ဖြစ်လာနိုင်တယ်ပေါ့။ မီးငယ်က ဖြစ်မလာ နိုင်ဘူး။ အဲဒီတုန်းကတော့ စာဖတ်ပြီး အချက်နဲ့အလက်နဲ့ ငြင်းတာထက် ဆရာ့ကို နိုင်ချင်လို့ မျက်စိမှိတ်ပြီး ငြင်းတာပါ။ ဆရာက Game တွေမှာဆိုရင်တောင် လူတွေက ကွန်ပျူတာကို မနိုင်ဘူးဆိုပြီး နောက်ဆုံးပြောလိုက်တယ်။ မီးငယ်က တစ်ခွန်းပဲ ပြန်ပြောလိုက်တယ် လွယ်လွယ်လေး Power ခလုတ်သာ ပိတ်ချလိုက် အဲဒီကွန်ပျူတာဘာမှ ထမလုပ်နိုင်ဘူးလို့။ ဆရာတော်တော် စိတ်လေ သွားပုံရတယ်။ ဆက်မငြင်းတော့ဘူး။

အဲဒီအတန်းမှာ မီးငယ်တို့ Project လုပ်ရတယ်။ Project လုပ်ရတော့ နောက်ဆုံးမှာ Presentation လုပ်ရတယ်ပေါ့။ အဲဒီမှာပြဖို့ Power Point Slide တွေဘာတွေလုပ်ရတယ်။ နောက်တစ်ခုက ကိုယ့်အဖွဲ့ကိုနာမည်ပေးရတဲ့ အပြင် အဖွဲ့ရဲ့ Logo ပါလုပ်ရတယ်။ အဓိက ကတော့ Design ဆွဲတတ်ဖို့နဲ့ Photoshop ကောင်းကောင်းသုံးတတ်ဖို့ပေါ့။ မီးငယ်တို့ အုပ်စုကတော့ လာထား ကိုဖိုးချမ်း ဆွဲပေးပေါ့။ အဲဒီတုန်းက ကိုချမ်းက IAD တက်နေတာဆိုတော့ မီးငယ်တို့ Senior ပေါ့။ အစက ကိုချမ်းက ဆွဲမပေးပါဘူး။ နောက်ငိုတစ်မျိုး၊ ဂျီကျပြီးတစ်မျိုးနဲ့ဆိုတော့ နောက်ဆုံး ကိုချမ်းအလျော့ပေးပြီး ဆွဲပေးပါတယ်။

နောက်တစ်ခုက သင်တန်းမှာ မီးငယ်ရဲ့ချစ်လှစွာသောအကိုက အချိန်ပိုင်းဆရာ ပြန်လုပ်နေပါတယ်။ မှတ်မိသေးတယ် သင်တန်းစ စတက်ချင်းနေ့က အကို့ကိုတွေ့တော့ အရမ်းပျော်ပြီး သွားခေါ်တာ သူက မီးငယ်ကို ညည်းနဲ့ငါနဲ့ သိလို့လားဆိုပြီး လှည့်ပြောတာ။ ဘေးနားမှာလည်း ဆရာတုံ၊ ဆရာမိုး နဲ့ဆရာထက်ကလည်း ရှိနေတယ်။ ဆရာတွေကလည်း ၀ိုင်းကြည့်တာဆိုတော့ စိတ်ကတော်တော်တိုသွားတာပေါ့။ တကယ်မသိဘူးနော် မှတ်ထားလိုက် ဆိုပြီး လှည့်ထွက်လာခဲ့တာ နောက်ကနေပြေးလိုက်လာပြီး ခေါ်ပါတယ်။ မီးငယ်လည်းလုံးဝ မခေါ်ပဲနဲ့ အတန်းထဲဝင်လာတော့ အတန်းထဲထိလိုက်လာတယ်။ လာမခေါ်ရဲဘူး။ နောက်ကနေထိုင်ပြီး ၀ဏ္ဍတို့ကို အကိုက စလိုက်တာ ကောက်သွားတယ် ၊ ကူချော့ပေးပါ ဆိုပြီး အတန်းထဲကနေမထွက်ဘူး။ နောက်ဆုံး Respect ion က အစ်မတစ်ယောက်က ကိုရဲခဏ ဆိုမှထွက်သွားတယ်။ နောက်ပြီးတော်တော်ကြာမှ ဆရာဝင်းနောင် ၀င်လာတယ်။သူက ဒီ Courseရဲ့ Manager ပါဆိုပြီးလာမိတ်ဆက်တယ်လေ။ ဆရာ့လည်း ဘယ်ကြောက်မလဲ တအုံမှာကတည်းက သူငယ်ချင်းလိုဖြစ်နေတာကိုး။ နောက်မှ သိတယ် မီးငယ်တို့အတန်းရဲ့ Course Manager ကို အကို့ ကိုလုပ်ခိုင်းတာ မီးငယ်ပါနေလို့ သူမလုပ်ပရစေနဲ့ အတန်းကို ထိန်းမနိုင်ဖြစ်မှာ စိုးလို့ဆိုပြီး ဆရာဝင်းနောင်ကလုပ်ပေးတာတဲ့။ တော်တော်ဆိုးတယ်နော် :D

သင်တန်းက ညနေ(၅)နာရီကနေ (၇)နာရီပါ။ မီးငယ်တို့အတန်းကနောက်ဆုံး အတန်းလေ။ အပြန်တိုင်း အကိုနဲ့တူတူပြန်ဖြစ်တယ်။ မီးငယ်အိမ် လမ်းတ၀က်မှာ အကို့အိမ်ပါ။ ဒါပေမဲ့ အကိုက မီးငယ်ကို အရင်ဆုံးအိမ်ပြန်ပို့တယ်။ ပြီးမှ သူ့အိမ်သူပြန်တယ်။ တစ်ခါတစ်လေ ၃၈လမ်းနဲ့ လမ်း ၈၀ ထောင့်မှာ ကော်ပြန့်ဝင်စားတယ်။ မီးငယ်တို့ သင်တန်းတက်တဲ့ အချိန်ကဆောင်းတွင်းထဲမှာ အဲဒီတော့ အနွေးထည်ဝတ်ရတာပေါ့နော့။ မီးငယ် ၀တ်တာကိုလည်း ပြောပြဦးမယ်။ အပေါ်ကတော့ အနွေးထည် လည်ပင်းထောင်နဲ့ အကျီလေးတွေဝတ်တယ်။ အောက်ကတော့ စကပ်အတို၊ ဘောင်းဘီအတို တွေဝတ်တာများတယ်။ အကိုက အမြဲဆူတယ်။ သူက အတိုတွေ ၀တ်တာမကြိုက်ဘူးလေ။ တစ်ခါတစ်လေ သူ့တပည့်တွေက ဆရာ ယောက်ဖ တော်လို့ချင်လို့ ဆိုပြီးစရင် အရမ်းစိတ်ဆိုးတယ်။ သူစာသင်တဲ့အခန်းဘက်ကိုလည်း မလာရဘူး။ ပြန်ခါနီးရင် Locker ထားတဲ့ အခန်းနားကနေစောင့်ရတယ်။ စိတ်မရှည်လို့ အတန်းနားမှာ လာစောင့်မိရင် အဲဒီနေ့ မျက်နှာကြီးက ပုတ်သိုးနေတာ။ သင်တန်းလာရင်လည်း မိနစ်(၃၀)ထက်စောပြီးမလာရဘူး။ လာမိရင်လည်း သူ့နားပဲနေရတယ်။ ဘယ်မှ သွားလို့မရဘူး။ သူငယ်ချင်းတွေနဲ့ မုန့်ဆင်းစားမယ်ပြောရင် ဘာစားချင်လဲပြော ခုသွားဝယ်ပေးမယ် ဆိုပြီးဖြစ်တာပဲ။ တစ်ရက်လည်း သူ့စာသင်တဲ့အတန်းက မပြီး မပြီးနဲ့ သွားတော့ စက်ခန်းထဲမှာ ရောက်နေတယ်။ သူ့တပည့်တစ်ယောက် Program Error တက်နေတာ ပြင်နေတာတဲ့။ တက်နေတဲ့ Error ကလည်းသောက်သောက်လဲပဲတဲ့။ ဆရာ၊တပည့်နှစ်ယောက် Error ကိုရှာမရလို့တဲ့။ အဲဒါနဲ့ ကူရှာပေးတာ Programကို void main() function မပါပဲနဲ့ Run ထားတယ်လေ။ Program တစ်ပုဒ်မှာ void main() function မပါပဲနဲ့ Run လို့မရဘူးလေ။

အဲဒီလိုနဲ့ နေလိုက်တာ တအုံက အောင်စာရင်းတွေထွက်ရော။ မီးငယ်က ဂုဏ်ထူးတစ်ခုပါတယ်။ အကိုက Roll နံပါတ်က ကျသွားတယ်။ မှတ်မှတ်ရရ အကိုနဲ့စကားများပြီး တသက်လုံးမခေါ်ဘူးဆိုပြီး ဖြစ်ထားတာပေါ့(အဲလိုဖြစ်တာလည်း မောင်နှမ(၂)ယောက်က ခဏခဏပဲ)။ အောင်စာရင်းထွက်တော့ အကို့မျက်နှာက တော်တော်ကို ညှိုးနေတာ၊ ဘယ်သူ့ကိုမှလည်း စကားမပြောတော့ သူငယ်ချင်းတွေက နင်တစ်ယောက်ပဲ သူ့ကိုစကားပြောလို့ရမှာ ဆိုတာနဲ့ စကားသွားပြောတာ့ Roll နံပါတ်ကျလို့ မဟုတ်ဘူး။ ညည်းငါ့ကို တသက်လုံးမခေါ်ဘူးပြောလို့တဲ့။ ပြောစရာကိုဖြစ်ရော။ အဲလိုနဲ့ ကျောင်းပြန်တတ်ရတယ်ပေါ့။

တအုံကျောင်းသားဘ၀ (၁)
တအုံကျောင်းသားဘ၀(၂)
တအုံကျောင်းသားဘ၀(၃) ကိုဖတ်လို့ရပါတယ်ရှင်။