Saturday, November 14, 2009

လတ်တလောအခြေအနေ

ဘလော့လည်း ဖုန်တက်နေတာကြာပြီ…လူကစာရေးဖို့တော်တော်အပျင်းထူနေတယ်.. ကိုမင်းကျန်စစ်က Tag ထားတာကြာနေပီ.. ၃ လလောက်တောင်ရှိနေပီထင်တာပဲ.. ဒီနေ့စာရေးချင်စိတ်ရှိတာနဲ့ ပြန်ရေးလိုက်တာပါ….

တွေးမိနေတာက – Bangkok ကိုပြန်ဖို့…

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက – လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်။

ကျန်းမာရေး – ခါးနာတယ်.. ဗိုက်အောင့်တယ်… ခေါင်းမူးတယ်… သွားနာနေတယ်။

ဖတ်ဖြစ်တဲ့စာအုပ်က – ဦးနေ၀င်း၏ ပြာတစ်ဆုပ်နှင့် …(ကြေးမုံဦးသောင်း)

ရောက်ဖြစ်နေတာက – Singapore ကျွန်းအနှံ…& Power House

ရေးဖြစ်နေတာက – Visual C# Program တွေ….

နားထောင်ဖြစ်တာက – Daniel Powter ရဲ့ Bad Day

ဖြစ်ချင်နေတာက – အလုပ်တစ်ခု မြန်မြန်ရဖို့

စားဖြစ်နေတာက – Fried Chicken Seaweed

သနားနေမိတာက – အိမ်နဲ့ခွဲနေရတဲ့ ကိုယ့်ကိုကိုယ်….

လွမ်းမိနေတာက – AIT ကကျောင်းသားဘ၀….

မေ့လျော့ပစ်နေတာက – စိတ်ညစ်စရာကောင်းတဲ့ အတိတ်ကအကြောင်းတွေ….

ခါးသက်နေမိတာက – တွေဝေ တတ်တဲ့ကိုယ့်ကိုကိုယ်….

တမ်းတနေမိတာက – ပျော်ခဲ့ရတဲ့ ကျောင်းသားဘ၀….

ကျိတ်ပြီးချီးကျူးနေမိတာက – ခွင့်လွတ်တတ်တဲ့လူမှန်သမျှ….

ကျိတ်ပြီးအထင်သေးနေတာက – သူများအပြစ်ကိုမြင်ပြီး….ကိုယ့်အပြစ်ကို မမြင်တတ်တဲ့သူတွေ…

ဆန္ဒမရှိတဲ့နေရာ – စလုံးကျွန်း…

ဆန္ဒရှိနေတဲ့ကိစ္စ – သူငယ်ချင်းတွေနဲ့ မြန်မာပြည်အနှံလျှောက်လည်ချင်တယ်….

မုန်းတီးနေမိတာက – တကိုယ်ကောင်းဆန်တဲ့ ကိုယ့်ကိုကိုယ်…

ချစ်နေတာက – နားလည်မှုပေးတတ်တဲ့ မေမေ

စိတ်ပျက်နေမိတာက – ကိုယ့်ကိုကိုယ်

လိုအပ်နေတာက – ရင့်ကျက်မှု

ဝန်ခံချင်တာက – စာရေးဖို့အတွက်ပျင်းနေတယ်….

Thursday, June 25, 2009

မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲ :P


ဒီနေ့တော့ ဘာရယ် မဟုတ်ပါဘူး။ မန်းလေးက စားစရာတွေကို သတိရနေမိတယ်။

အကိုနဲ့ ပထဆုံးရောက်ဖူးတဲ့ ဗထူးကွင်းနားက မြှီးရှည်ဆိုင်။ ရတနာပုံဈေး အရှေ့ပေါက်နားက မြှီးရှည်ဆိုင် ကလည်း ၂၀၀၂ ခုနှစ်က တည်းက စားလာ ခုချိန်ထိပဲ။ မီးငယ်တို့က အဲဒီဆိုင်မှာ ဆိုရင် မုန့်စားရုံတင်မကဘူး ပုဂံတွေပါ ခွဲတာ။

(၁၆)ကျောင်းနားက မြင့်လွင် ၀က်သားဒုတ်ထိုး။ နောက်ပြီး လမ်း(၈၀)တရုတ်တန်းအဟောင်းနားက ၀က်သားဒုတ်ထိုး။ အဲဒီဆိုင်က ဈေးကြီးတယ်။ ဒါပေမဲ့ ဆိုင်က သန့်တယ် စားလို့လည်းကောင်းတယ်။ ထမင်းလည်းရတယ်။ မီးငယ်တို့ အုပ်စု(၄ယောက်) သွားရင် တစ်ခါတစ်ခါရှင်းရင် ၂-၃သောင်းကြားအမြဲရှင်းရတယ်။ ဟီး ၀က်သား သိပ်မကြိုက်ကြဘူးနော်။

(၈၂)လမ်း ဒေါ်ရှိ ထမနဲ့ နားက အာပူလျှာပူဆိုင်။ အဲဒီဆိုင်က အာပူလျှာပူအပြင် ထမင်းသုပ်၊ မုန့်ဟင်းခါးသုပ်၊ သဘောင်္သီးသုပ်၊ လက်ဖက်သုပ်၊ ဒညင်းသီးသုပ်၊ အသုပ်စုံ၊ ရှောက်သီးသုပ်၊ မုန့်တီသုပ်၊ ငါးဖယ်သုပ် အစုံရတယ်။ နေ့လည် (၁၁)နာရီလောက် ကနေညနေ (၅)နာရီလောက်ထိရတယ်။ ဖေဖေနဲ့ မေမေက အဲဒီဆိုင်က ထမင်းသုပ်ကို စားတယ်။ ကျန်တဲ့ ဆိုင်က ဟာတွေကို မစားဘူး။ အချိုမှုန့်ပါလို့တဲ့။ အဲဒီဆိုင်ကတော့ ကိုယ်ပြောသလို ဖြစ်နေတဲ့ဆိုင် ဆိုတော့ သူတို့စားရတာ အဆင်ပြေတယ်။ အဲဒီဆိုင်မှာ ဘယ်လောက်စားတယ် မစားတယ် မီးငယ် ထိုင်လိုက်တာနဲ့ ငါးဖယ်သုပ် နဲ့ အာပူတစ်ပွဲ နံနံပင်မထည့် ဆိုပြီး တမ်းအော်တော့တာပဲ။ဟိ

ပြီးရင် လမ်း(၈၀)ပေါ်က ဖောင်တော်သီ အအေးဆိုင်။ ဆန်ပြားလိပ် နဲ့ အအေးသောက်ရတာလဲ စည်းစိမ်တစ်မျိုးပဲလေနော်။ မီးငယ်ကတော့ စတော်ဘယ်ရီ၊ သံပရာရေနဲ့ ဆန်ပြားလိပ် အမြဲလိုလိုစားဖြစ်တယ်။ သွားစရာရှိရင်လည်း သူငယ်ချင်းတွေအဲဒီမှာတွေ့ဖို့ ချိန်းကြတာများတယ်။

နောက်ပြီးတော့ လမ်း(၈၀)ပေါ်ကပဲ ဒေါ်ရွှေကြက်ပေါင်းခေါက်ဆွဲဆိုင်။ အဲဒီဆိုင်က မီးငယ်တို့ ဟိုးငယ်ငယ်ကလေးတည်းက ဖွင့်ထားတာ။ သူ့ဆိုင်က ကြက်ပေါင်းက မီးငယ် နှာခေါင်းထဲတော့ မညှီဘူး။ တခြားဆိုင်တွေက အနံက ညှီတယ်လို့ခံစားရတယ်။

တစ်ခါတစ်လေ ညနေပိုင်း လမ်း(၃၀)နားက လိပ်ခုတ်ဆိုင်။ လိပ်ခုတ်ဆိုလို့လန့်သွားလား။ ပလာတာကို ပဲထည့်ပြီးလိပ်ထား ပြီးတော့ ခုတ်ထားလို့ လိပ်ခုတ်လို့ ခေါ်တာ။

မနက်ပိုင်း Oriental House က Dim Sum ။ ဒါပေမဲ့ စားတာနည်းနည်းများလာရင် ညှီလာရော။ အဲဒါကြောင့် သိပ်မစားဖြစ်ဘူး။ Dim Sum ဆိုရင် Shadow လက်ဖက်ရည်ဆိုင်က ဟာကိုစားတာများတယ်။ နောက်ပိုင်း Skywalk ဖွင့်လာတော့ အဲဒီအပေါ်မှာလည်း ဆိုင်ရှိတယ်လေ။

နောက်ပြီး စားဖြစ်တာက ရွှေတောင်တန်းက ကြေးအိုး။ (၆၂)လမ်းဆိုင်မှာ သွားစားဖြစ်သလို Skywalkပေါ်မှာလည်းစားဖြစ်တယ်။ Mr.Brown နဲ့ Ginza Pan ကလည်းဖောက်သယ်တွေပဲ။

နောက်ပြီး (၇၃)လမ်း JJ café မှာလည်းစားတယ်။ အဲဒီမှာ အမြဲလိုလိုစားဖြစ်တာက ငါးအသားချောင်းကြော်နဲ့ ကော်ဖီ နဲ့ JJ ထမင်းကြော် စားတာများတယ်။ နောက်ပိုင်းကျတော့ အတွဲတွေ များလာတော့ စိတ်ညစ်ရတယ်။း(

ဘာဂါ စားကြမယ်ဆိုရင်တော့ B သုံးလုံးကိုသွားကြတယ်။ အဲဒီမှာကတော့ European Food တော်တော်စုံစုံရတယ်။ နိုင်ငံခြားသားတွေကလည်း အဲဒီမှာစားတာများတယ်။ JJ ကိုသိပ်မသွားကျဘူး။

(၇၃)လမ်းက ရှမ်းခေါက်ဆွဲဆိုင်လည်းကောင်းတယ်။ ဆိုင်နာမည်တော့ မမှတ်မိတော့ဘူး။ သွားစားကြရင်လည်း လူက အယောက်(၂၀)လောက်။ ပြီးလို့ ပိုက်ဆံရှင်းရင် ဘယ်တော့မှ စုမရှင်းဘူး။ တစ်ယောက်ချင်းစီရှင်းကြတာ။ မျက်နှာငယ်လေးနဲ့ ပိုက်ဆံတွက်ရတဲ့ ဆိုင်ရှင်တွေကိုလည်း သတိရပါရဲ့။

မန်းလေးကန်တော်ကြီးက နာမည်ကြီးတဲ့ မိုးကောင်း အသုပ်ဆိုင်လည်းသွားကြတယ်။ ဆေးဘဲဥ သုပ်ကတော့ မီးငယ်က ပုံမှန်စားဖြစ်တယ်။ ကြိုက်လည်းကြိုက်တယ်။ ချိုချိုဖြူ ဆိုင်က ကြာဇံချက် နဲ့ရွှေတောင်ခေါက်ဆွဲ သုပ်ကလည်း စားကောင်းတာပဲ။

အိမ်ကလူကြီးတွေနဲ့ ဆိုရင်တော့ 12 ပန်းနားဆိုတဲ့ ရှမ်းဆိုင်ကိုသွားစားဖြစ်တယ်။ ခုနောက်ပိုင်း စီချွမ်းဟော့ပေါ့ရတဲ့ ဆိုင်လည်း သွားတယ်။ ဟော့ပေါ့အရည်က ရန်ကုန်က ရွှေကောင်းဟော့ပေါ့လောက် မကြိုက်ဘူး။ အိမ်ကလူကြီးတွေနဲ့ သွားစားရင် ဈေှးနှုန်းကိုခေါက်ချိုးပြောဖို့သာ ပြင်ထား။ နို့မိုရင်တော့ မစားဘူးချည်းပဲ ပြောတာ ခံရမယ်မှတ်။

လမ်း(၈၀)နဲ့(၃၈)လမ်းထောင့်က ကော်ပြန့်ကြော်လည်း စားကောင်းတယ်။ ရိုးရိုးကော်ပြန့်၊ ငါးဖယ်ကော်ပြန့် နဲ့ ငုံးဥကော်ပြန့်ဆိုပြီးရှိတယ်။ ငါးဖယ်နဲ့ ငုံးဥကော်ပြန့်က တစ်ထုပ်ကို (၁၅၀) ဆယ်ခုပါတယ်။ ခုတော့ ဈေးမသိတော့ဘူး။ မေမေက ငါးဖယ်ကော်ပြန့် အ၇မ်းကြိုက်တယ်။ အဲဒီဆိုင်ရဲ့ အနောက်ဘက် ကောက်ညှင်းပေါင်းနဲ့ အကြော်ဆိုင်လည်း သတိရတယ်။

(၃၅)လမ်း န၀ရတ်ရိပ်သားနားက မာလာဟင်းဆိုင်တွေလည်း သတိရတယ်။အကင်စုံစား မာလာဟင်း၊ မာလာငါးစားနဲ့ ပျော်စရာကြီး။

သောက်ကျမယ်ဆိုရင်တော့ ကန်တော်ကြီး ကုက္ကိုလ်ကျွန်းထဲက ဆိုင်ကကောင်းတယ်။ မိသားစု၊ သူငယ်ချင်းတွေ ချည်းပဲဆိုရင် နေရာလည်းကျယ်တယ်။ ရတဲ့အစားအသောက်ကလည်း မဆိုးဘူး။ ဈေးနည်းနည်းကြီးတာကလွဲလို့။ မီးငယ်တို့ သူငယ်ချင်းကောင်လေးတွေ သောက်မယ်ဆိုရင် အဲဒီသွားတာများတယ်။ အဲဒီမှာက အရက်နဲ့ ပါတ်သတ်တာမျိုးစုံရတယ်။ ဘီယာဆိုင်လိုလည်း မဟုတ်တော့ သူငယ်ချင်းတွေအုပ်စုလိုက်သွားရင် လူအမြင်တင့်တယ် တယ်လို့ထင်ပါတယ်။

နောက်ပြီး သွားစားတတ်တဲ့နေရာ တစ်ခုကတော့ တောင်သမန်အင်းက ပုဇွန်ကြော်၊ ငါးကြော်ပါပဲ။ လှေလည်းစီး၊ မုန့်လည်းစား အတွဲလည်းချောင်းရင်းပေါ့။ တစ်ခါတစ်လေ ရတနာပုံတက္ကသိုလ် ထဲထိ သွားပြီး မုန့်စားကြပါသေးတယ်။

ဈေးချိုထဲမှာလည်း မြန်မာမုန့်တွေက စုံတယ်နော်။ မုန့်စိမ်းပေါင်း၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ ကြာဇံချက်၊ မုန့်လိပ်ပြာ၊ ကြိတ်မုန့်၊ မုန့်ဘိုင်းတောင့်၊ မုန့်လင်မယား၊ မုန့်ပစလတ်၊ တို့ဟူးသုတ် အစုံပါပဲ။ မီးငယ်တို့ အုပ်စုကတော့ ဗိုက်ဆံသမျှ အကုန်ထည့်တာပါပဲ။ ကြိတ်မုန့်ဆိုရင် ဗန်းလိုက်ဝယ်လိုက်တယ် အေးရော။ :D

အမှတ်(၈) မုန့်ဈေးတန်းကလည်း မီးငယ်တို့ မုန့်သွားစားနေကျနေရာပါ။ ခုချိန်ထိလည်း ပြန်ရင် သူငယ်ချင်းတွေစုပြီး ဆရာမတွေသွားတွေ့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းထဲဝင်ပြီး မုန့်စားတုန်းပါ။ ကျောင်းပြီးပြီးချင်းတုန်းကတော့ အိမ်နားက ကလေးတွေက ဘာဝယ်ခဲ့ပေးပါဆိုပြီး မှာစားတာ။ ခုနောက်ပိုင်း အဲကလေးတွေလည်းကျောင်းပြီးရော။ အုပ်စုလိုက်ကျောင်းသွားပြီး မုန့်စားတော့တာပါပဲ။ သေချာတာကတော့ အဲဒီနေ့ ဗိုက်လည်းပြည့်တယ်။ ပိုက်ပိုက်လည်း သိပ်မကုန်ဘူး။ ဆရာမတွေက သူတို့ သမီးတွေက သူတို့ကို အမှတ်တယ နဲ့လာတွေ့တယ်ဆိုပြီး မုန့်တွေ ၀ယ်ကျွေးတယ်လေ။ ဟီး ကျောင်းက လက်ဖက်သုပ်က ဘယ်ဆိုင်နဲ့မှကို မတူဘူး အရမ်းစားလို့ကောင်းတယ်။ ကျောင်းဆင်းရင်ကျောင်းရှေ့ပေါက်က ကြက်ဥခေါက်မုန့် ၀ယ်ပြန်တယ်။

နောက်ပြီးတော့ စစ်ကိုင်းကောင်းမှုတော်က အကြော်ကလည်းစားလို့ကောင်းတယ်နော်။ မီးငယ်တို့ကတော့ ကျောင်းလစ်ပြီးကို သွားစားကြတယ်။ မင်းကွန်းခေါင်းလောင်းကြီးနားမှာ ရောင်းတဲ့ အကြော်ဆိုင်လည်းကောင်းတယ်။ မြစ်ငယ်တံတားနားက ရွှေကျွန်းပင် လက်ဖက်ရည်ဆိုင်က ကြံရည်လည်းကောင်းတယ်။

ပြန်ရင်တော့ အဲဒီဆိုင်တွေမှာ သွားစားဦးမယ်။

Tuesday, June 9, 2009

တအုံကျောင်းသားဘ၀(၄)


တအုံ ပထမနှစ် စာမေးပွဲတွေပြီးတော့ ကျောင်းပိတ်ထားတဲ့အချိန်မှာ မန်းလေး MCC မှာသင်တန်းတွေ တက်ဖြစ်ပါတယ်။ (၁၀)တန်းအောင်ခါစ ကလည်း MCC မှာသင်တန်းတွေ တက်ဖူးတော့ MCC မှာ မီးငယ်ကကျောင်းသားဟောင်းပေါ့။ ဆရာတုံ(မောင်လှ) နဲ့ ဆရာSteven က မီးငယ်ရဲ့ ဆရာတွေပါ။ သင်တန်းကလူတွေက မီးငယ်ကို အေးတယ်၊ စာလုပ်တယ်၊ မဆော့ဘူး အရမ်းလိမ္မာတယ်ပေါ့ ထင်ထားကြတာလေ။ (၁၀)အောင်ခါစ ICT Level 1လာတတ်တုန်းက သူငယ်ချင်းတွေနဲ့ မဟုတ်ဘူးလေ။ တစ်ယောက်တည်း ဆိုတော့ အေးတာပေါ့၊ သိတယ်မဟုတ်လား။ အုပ်စုလိုက်လည်း သင်တန်းလာတတ်ရော သောင်းကျန်းလိုက်တာ MCC ကြီးဂျွမ်းပြန်မလောက်ပဲ။ မီးငယ်တို့ တက်တဲ့ အတန်းက ICT Level 2 ပါ။ အတန်းပိုင် ဆရာက ဦးဝင်းနောင်။ သင်တဲ့ဆရာတွေက ဆရာSteven ၊ဆရာဝင်းနောင်၊ ဆရာ ဇော်ဇ်ာအောင်၊ ဆရာတုံက IDCS တို့ IAD တို့ကို အဓိကထားသင်တာ ဆိုတော့ မီးငယ်တို့လို ကလေးတန်းတွေကို တစ်ခါတစ်လေမှ သင်တာ။ နောက်ပြီး သင်တဲ့ဆရာ(၃)ယောက်လောက်ရှိသေးတယ်။ နာမည်တွေတော့ မမှတ်မိတော့ဘူး။

ICT Level 2 မှာ Section (၁) ခု ကို လူ(၂၀) ပဲလက်ခံတယ်။ မီးငယ်တို့အုပ်စုက စုစုပေါင်း(၁၁) ယောက်။ ကျန်တဲ့ (၉)ယောက်ကလည်း (၁)ပါတ်ပဲ ရှိသေးတယ် ကိုယ့်လူဖြစ်ကုန်ရော(အဟဲ အဲသလို ပိုင်တာ)အဲဒီအတန်းမှာမီးငယ်ကို အကြောက်ဆုံးက ဆရာဇော်ဇော်အောင်၊ ဆရာက စကားအရမ်းတတ်တယ်။ အစတုံးက မီးငယ် ဆရာနဲ့ ပြိုင်ငြင်း၊ စကားနိုင်လုရင် ရှုံးတာများတယ်။ နောက်ပိုင်း ဆရာကတောင် ညည်းနဲ့ငါ ပြိုင်မပြောတော့ဘူး ဆိုတဲ့အထိ ဖြစ်ကုန်ရော။ အဲဒီထဲက မှတ်မှတ်ရရ ငြင်းတဲ့ အကြောင်းတစ်ခုကို မှတ်မိသေးတယ်။ ကွန်ပျူတာတွေမှာ AI (Artificial Intelligence) အရမ်းတိုးတက်လာမယ် ဆိုရင် နောက်ပိုင်း ကွန်ပျူတာတွေက လူတွေကို ပြန်ပြီး ထိန်းချူပ်လာနိုင် မလားဆိုတဲ့ Topic ကိုငြင်းတာ။ ဆရာက ဖြစ်လာနိုင်တယ်ပေါ့။ မီးငယ်က ဖြစ်မလာ နိုင်ဘူး။ အဲဒီတုန်းကတော့ စာဖတ်ပြီး အချက်နဲ့အလက်နဲ့ ငြင်းတာထက် ဆရာ့ကို နိုင်ချင်လို့ မျက်စိမှိတ်ပြီး ငြင်းတာပါ။ ဆရာက Game တွေမှာဆိုရင်တောင် လူတွေက ကွန်ပျူတာကို မနိုင်ဘူးဆိုပြီး နောက်ဆုံးပြောလိုက်တယ်။ မီးငယ်က တစ်ခွန်းပဲ ပြန်ပြောလိုက်တယ် လွယ်လွယ်လေး Power ခလုတ်သာ ပိတ်ချလိုက် အဲဒီကွန်ပျူတာဘာမှ ထမလုပ်နိုင်ဘူးလို့။ ဆရာတော်တော် စိတ်လေ သွားပုံရတယ်။ ဆက်မငြင်းတော့ဘူး။

အဲဒီအတန်းမှာ မီးငယ်တို့ Project လုပ်ရတယ်။ Project လုပ်ရတော့ နောက်ဆုံးမှာ Presentation လုပ်ရတယ်ပေါ့။ အဲဒီမှာပြဖို့ Power Point Slide တွေဘာတွေလုပ်ရတယ်။ နောက်တစ်ခုက ကိုယ့်အဖွဲ့ကိုနာမည်ပေးရတဲ့ အပြင် အဖွဲ့ရဲ့ Logo ပါလုပ်ရတယ်။ အဓိက ကတော့ Design ဆွဲတတ်ဖို့နဲ့ Photoshop ကောင်းကောင်းသုံးတတ်ဖို့ပေါ့။ မီးငယ်တို့ အုပ်စုကတော့ လာထား ကိုဖိုးချမ်း ဆွဲပေးပေါ့။ အဲဒီတုန်းက ကိုချမ်းက IAD တက်နေတာဆိုတော့ မီးငယ်တို့ Senior ပေါ့။ အစက ကိုချမ်းက ဆွဲမပေးပါဘူး။ နောက်ငိုတစ်မျိုး၊ ဂျီကျပြီးတစ်မျိုးနဲ့ဆိုတော့ နောက်ဆုံး ကိုချမ်းအလျော့ပေးပြီး ဆွဲပေးပါတယ်။

နောက်တစ်ခုက သင်တန်းမှာ မီးငယ်ရဲ့ချစ်လှစွာသောအကိုက အချိန်ပိုင်းဆရာ ပြန်လုပ်နေပါတယ်။ မှတ်မိသေးတယ် သင်တန်းစ စတက်ချင်းနေ့က အကို့ကိုတွေ့တော့ အရမ်းပျော်ပြီး သွားခေါ်တာ သူက မီးငယ်ကို ညည်းနဲ့ငါနဲ့ သိလို့လားဆိုပြီး လှည့်ပြောတာ။ ဘေးနားမှာလည်း ဆရာတုံ၊ ဆရာမိုး နဲ့ဆရာထက်ကလည်း ရှိနေတယ်။ ဆရာတွေကလည်း ၀ိုင်းကြည့်တာဆိုတော့ စိတ်ကတော်တော်တိုသွားတာပေါ့။ တကယ်မသိဘူးနော် မှတ်ထားလိုက် ဆိုပြီး လှည့်ထွက်လာခဲ့တာ နောက်ကနေပြေးလိုက်လာပြီး ခေါ်ပါတယ်။ မီးငယ်လည်းလုံးဝ မခေါ်ပဲနဲ့ အတန်းထဲဝင်လာတော့ အတန်းထဲထိလိုက်လာတယ်။ လာမခေါ်ရဲဘူး။ နောက်ကနေထိုင်ပြီး ၀ဏ္ဍတို့ကို အကိုက စလိုက်တာ ကောက်သွားတယ် ၊ ကူချော့ပေးပါ ဆိုပြီး အတန်းထဲကနေမထွက်ဘူး။ နောက်ဆုံး Respect ion က အစ်မတစ်ယောက်က ကိုရဲခဏ ဆိုမှထွက်သွားတယ်။ နောက်ပြီးတော်တော်ကြာမှ ဆရာဝင်းနောင် ၀င်လာတယ်။သူက ဒီ Courseရဲ့ Manager ပါဆိုပြီးလာမိတ်ဆက်တယ်လေ။ ဆရာ့လည်း ဘယ်ကြောက်မလဲ တအုံမှာကတည်းက သူငယ်ချင်းလိုဖြစ်နေတာကိုး။ နောက်မှ သိတယ် မီးငယ်တို့အတန်းရဲ့ Course Manager ကို အကို့ ကိုလုပ်ခိုင်းတာ မီးငယ်ပါနေလို့ သူမလုပ်ပရစေနဲ့ အတန်းကို ထိန်းမနိုင်ဖြစ်မှာ စိုးလို့ဆိုပြီး ဆရာဝင်းနောင်ကလုပ်ပေးတာတဲ့။ တော်တော်ဆိုးတယ်နော် :D

သင်တန်းက ညနေ(၅)နာရီကနေ (၇)နာရီပါ။ မီးငယ်တို့အတန်းကနောက်ဆုံး အတန်းလေ။ အပြန်တိုင်း အကိုနဲ့တူတူပြန်ဖြစ်တယ်။ မီးငယ်အိမ် လမ်းတ၀က်မှာ အကို့အိမ်ပါ။ ဒါပေမဲ့ အကိုက မီးငယ်ကို အရင်ဆုံးအိမ်ပြန်ပို့တယ်။ ပြီးမှ သူ့အိမ်သူပြန်တယ်။ တစ်ခါတစ်လေ ၃၈လမ်းနဲ့ လမ်း ၈၀ ထောင့်မှာ ကော်ပြန့်ဝင်စားတယ်။ မီးငယ်တို့ သင်တန်းတက်တဲ့ အချိန်ကဆောင်းတွင်းထဲမှာ အဲဒီတော့ အနွေးထည်ဝတ်ရတာပေါ့နော့။ မီးငယ် ၀တ်တာကိုလည်း ပြောပြဦးမယ်။ အပေါ်ကတော့ အနွေးထည် လည်ပင်းထောင်နဲ့ အကျီလေးတွေဝတ်တယ်။ အောက်ကတော့ စကပ်အတို၊ ဘောင်းဘီအတို တွေဝတ်တာများတယ်။ အကိုက အမြဲဆူတယ်။ သူက အတိုတွေ ၀တ်တာမကြိုက်ဘူးလေ။ တစ်ခါတစ်လေ သူ့တပည့်တွေက ဆရာ ယောက်ဖ တော်လို့ချင်လို့ ဆိုပြီးစရင် အရမ်းစိတ်ဆိုးတယ်။ သူစာသင်တဲ့အခန်းဘက်ကိုလည်း မလာရဘူး။ ပြန်ခါနီးရင် Locker ထားတဲ့ အခန်းနားကနေစောင့်ရတယ်။ စိတ်မရှည်လို့ အတန်းနားမှာ လာစောင့်မိရင် အဲဒီနေ့ မျက်နှာကြီးက ပုတ်သိုးနေတာ။ သင်တန်းလာရင်လည်း မိနစ်(၃၀)ထက်စောပြီးမလာရဘူး။ လာမိရင်လည်း သူ့နားပဲနေရတယ်။ ဘယ်မှ သွားလို့မရဘူး။ သူငယ်ချင်းတွေနဲ့ မုန့်ဆင်းစားမယ်ပြောရင် ဘာစားချင်လဲပြော ခုသွားဝယ်ပေးမယ် ဆိုပြီးဖြစ်တာပဲ။ တစ်ရက်လည်း သူ့စာသင်တဲ့အတန်းက မပြီး မပြီးနဲ့ သွားတော့ စက်ခန်းထဲမှာ ရောက်နေတယ်။ သူ့တပည့်တစ်ယောက် Program Error တက်နေတာ ပြင်နေတာတဲ့။ တက်နေတဲ့ Error ကလည်းသောက်သောက်လဲပဲတဲ့။ ဆရာ၊တပည့်နှစ်ယောက် Error ကိုရှာမရလို့တဲ့။ အဲဒါနဲ့ ကူရှာပေးတာ Programကို void main() function မပါပဲနဲ့ Run ထားတယ်လေ။ Program တစ်ပုဒ်မှာ void main() function မပါပဲနဲ့ Run လို့မရဘူးလေ။

အဲဒီလိုနဲ့ နေလိုက်တာ တအုံက အောင်စာရင်းတွေထွက်ရော။ မီးငယ်က ဂုဏ်ထူးတစ်ခုပါတယ်။ အကိုက Roll နံပါတ်က ကျသွားတယ်။ မှတ်မှတ်ရရ အကိုနဲ့စကားများပြီး တသက်လုံးမခေါ်ဘူးဆိုပြီး ဖြစ်ထားတာပေါ့(အဲလိုဖြစ်တာလည်း မောင်နှမ(၂)ယောက်က ခဏခဏပဲ)။ အောင်စာရင်းထွက်တော့ အကို့မျက်နှာက တော်တော်ကို ညှိုးနေတာ၊ ဘယ်သူ့ကိုမှလည်း စကားမပြောတော့ သူငယ်ချင်းတွေက နင်တစ်ယောက်ပဲ သူ့ကိုစကားပြောလို့ရမှာ ဆိုတာနဲ့ စကားသွားပြောတာ့ Roll နံပါတ်ကျလို့ မဟုတ်ဘူး။ ညည်းငါ့ကို တသက်လုံးမခေါ်ဘူးပြောလို့တဲ့။ ပြောစရာကိုဖြစ်ရော။ အဲလိုနဲ့ ကျောင်းပြန်တတ်ရတယ်ပေါ့။

တအုံကျောင်းသားဘ၀ (၁)
တအုံကျောင်းသားဘ၀(၂)
တအုံကျောင်းသားဘ၀(၃) ကိုဖတ်လို့ရပါတယ်ရှင်။

Wednesday, June 3, 2009

My Note for 23rd Birthday


လူတိုင်းမှာ အမှတ်တယ တစ်ခုစီတော့ ရှိတတ်စမြဲပါ။ ကျွန်မမှာရော.. အများကြီးပဲပေါ့။
ပျော်ရွှင်ခဲ့တဲ့ အမှတ်တယတွေ၊ ၀မ်းနည်းခဲ့တဲ့ အမှတ်တယတွေ၊ ကျရှူံးခဲ့တဲ့ အမှတ်တယတွေ၊ အောင်မြင်ခဲ့တဲ့ အမှတ်တယတွေ ပေါ့။ အဲဒီ အမှတ်တယတွေကို ဘယ်လိုမှတ်ထားခဲ့လဲ။ ဒိုင်ယာရီ ရေးပြီး မှတ်ထားခဲ့လား။ ဟင့်အင်… မရေးခဲ့ပါဘူး။ ချပြီးရေးမှတ်ထားတာက တိကျသေချာတဲ့ အလုပ်တစ်ခုဖြစ်ပေမဲ့ ကျွန်မ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မဘ၀ အတွက် အရေးကြီးတဲ့၊ အရေးပါတဲ့၊ တန်ဖိုးထားတဲ့ အရာတွေအားလုံးကို ခေါင်းထဲမှာ သေချာမှတ်မိနေတယ်။

လူတစ်ယောက်ကပြောတယ်… အရမ်းမှတ်ထားနိုင်တယ်တဲ့။ ဟုတ်တယ် စိတ်ထဲကနေ အလေးထားရင် အားလုံးကိုမှတ်မိနေတယ်။ လွန်ခဲ့တဲ့ ၉ လလောက်ကတော့ စိတ်ကူးထဲကနေ ဖြစ်ချင်တာတွေအားလုံးကို ချရေးထားဖူးတယ်။ စုစုပေါင်း အခု(၂၀)ရှိတယ်။ အဲဒီထဲကနေ (၅) ခုတော့ ဖြစ်ပြီးသွားပြီ။ ဒါပေမဲ့ စိတ်ကူး (၂)ခုကတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘာပဲပြောပြော ၄ ပုံ ၁ ပုံတော့ ဖြစ်ပြီးသွားပြီး ကျန်တာတွေဖြစ်လာအောင် ကြိုးစားရမယ်။

ဘ၀မှ အရေးကြီးတဲ့ နေ့ရက်တွေ
- ၂.၇.၂၀၀၂ (၁၀ တန်းအောင်စာရင်းထွက်တဲ့နေ့)
- ၂၃.၂.၂၀၀၇(B.C.Tech (Hons) ရတဲ့နေ့)
- ၁၁.၈.၂၀၀၇(AITကိုစရောက်တဲ့နေ့)
- ၆.၅.၂၀၀၉( Deference ပြီးတဲ့နေ့)
- ၂၇.၅.၂၀၀၉ (M.Sc(Computer Science) ရတဲ့နေ့)

အောင်မြင်ခဲ့တာဘယ်နှစ်ကြိမ်၊ ကျရှူံးခဲ့တာ ဘယ်နှစ်ကြိမ်ဆိုတာတော့ မှတ်မထားမိဘူး။ အချိန်တိုင်းမှာ အောင်မြင်တယ်၊ ကျရှူံးတယ်လို့ မမှတ်ပဲ ကိုယ့်အတွက်သင်ခန်းစာတစ်ခု ရတယ်လို့ ပဲမှတ်ထားလိုက်တယ်။ သေချာတာကတော့ ရှေ့လျှောက်သင်ယူစရာတွေ အများကြီးရှိသေးတယ် ဆိုတာပါပဲ။ (၂၃)နှစ်ပြည့်တဲ့ ဒီနေ့ထိ မှန်တာတွေလုပ်ခဲ့သလို အမှားတွေလည်း အများကြီးရှိခဲ့တယ်။ တစ်ချို့အမှားတွေကပြင်လို့ရသလိုပဲ ပြင်လို့မရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီအမှားတွေထဲကနေ မသိသေတဲ့ အရာတွေကိုလည်း သိလိုက်ရတယ်။ အထူးသဖြင့် လောကကြီးက ထင်သလောက်မဖြူစင်ကြဘူး ဆိုတာပါပဲ။ သေချာတာကတော့ ရှေ့လျှောက်အမှားနည်းဖို့နဲ့ စိတ်ကို အလိုမလိုက်ဖို့ပဲ လိုတယ်။ ဘ၀မှာတောင်းတဲ့ဆုတိုင်းသာပြည့်ရမယ်ဆိုရင်… မေမေနဲ့ဖေဖေကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့ သမီးဖြစ်ရပါစေလိုဧ။်လို့ ပဲဆုတောင်းမိမယ်။

ဒီနေ့ ဒီအချိန် ဒီနေရာမှာရပ်တည် နိုင်အောင် တွန်းအားအများဆုံးပေးခဲ့တဲ့၊ ထောက်ပံမှုတွေပေးခဲ့တဲ့ ၊ လမ်းညွန်မှုတွေပေးခဲ့တဲ့ မေမေနဲ့ဖေဖေ။

တပည့်တစ်ယောက်လိုသာမကပဲ သမီးတစ်ယောက်လိုပါ သဘောထားပြီး ပညာသင်ပေးခဲ့တဲ့ ဆရာ ၀င်းနောင်၊ ဆရာ စော။

မွေးနေ့တူပြီး AIT မှာနေတဲ့ ကာလတစ်လျှောက်လုံး ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေး၊ စာရှင်း၊ နေမကောင်းလည်း ဆေးတိုက်၊ ထမင်းလည်းချက်ကျွေးခဲ့တဲ့ အကို ကိုဟန်ဝင်း

ဗိုက်ဆာတိုင်း မညီးမညူ စားစရာလုပ်ပေးတဲ့ မမငယ်နဲ့ Markiu

တစ်နိုင်ငံဆီမှာနေပေမဲ့… ညီမအရင်းတစ်ယောက်လို ဆုံးမခဲ့သွန်သင်ခဲ့တဲ့၊ စိတ်ပျက်စရာတွေ့တိုင်းအားပေးခဲ့တဲ့ ကိုကြီးမိုးမြင့်တိမ်မမလဲ့

အကူအညီလိုတိုင်း နှိပ်စက်ရတဲ့ ကိုကြီး ကိုကျော်မြတ်သူ

ငါ့ညီမ ညည်းလူ့လောကအကြောင်းကိုဘာမှ မသိသေးဘူးဆိုတဲ့ ကိုBlack နဲ့ ကိုဖြိုးငယ် နဲ့ ကိုငြိမ်းချမ်းမင်း

နှိပ်စက်သမျှကို သည်းခံကျတဲ့ သူငယ်ချင်း သီရိစိုး၊ ကျော်ဇင်၊သာယာ၊

မွေးနေ့တူတဲ့ သူငယ်ချင်း ဆန်းထွန်း နဲ့ ဥာဏ်လင်းစိုး တို့အားလုံးကို ဒီနေ့ ဒီအချိန်ထိ အနားမှာရှိနေပေးလို့ ကျေးဇူးတင်ပါတယ်။

ပြီးတော့ ကျွန်မရေးသမျှစာတွေကို သည်းခံပြီးဖတ်ပေးခဲ့ကျတဲ့ အကို၊အမတွေနဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

So Lonely Birthday! :(

Wednesday, May 27, 2009

Congratulation by Myself


(၂)နှစ်ဆိုတဲ့ အချိန်လေးက ပြန်ကြည့်မယ်ဆိုရင် တကယ်တော့ ဘယ်လောက်မှ မကြာသလိုပါပဲ။
ဘာလိုလိုနဲ့ ကျောင်းပြီးသွားပြီ။ ပထမဆုံး Semester မှာတော့ အလူးအလဲကို စာပိပြီး ဘာ Activities မှ မလုပ်နိုင်ခဲ့ဘူး။ ဒုတိယနဲ့ တတိယ semester ပိုတောင်ဆိုးလာသေးတယ်။ နောက်ဆုံး Semester မှ ဖေဖေပြောထားတဲ့အတိုင်း Student Union မှာ Volunteer ၀င်လုပ်ဖြစ်ခဲ့တယ်။ AIT မှာ စိတ်ချမ်းသာစရာထက်၊ စိတ်ညစ်စရာက ပိုများခဲ့တယ်ဆိုတာတော့ သေချာတယ်။ လူတွေရဲ့အကြောင်းကိုလည်း ပိုသိလာတယ်။ ထင်ထားသလောက် လူတွေရဲ့စိတ်က မဖြူစင်ဘူးဆိုတာလည်း သိလာတယ်။ ကျန်နေသေးတဲ့ ဘ၀မှာ ကိုယ့်ကိုကိုယ် ဆက်လက်ရှင်သန်နိုင်အောင် ဘယ်လိုရပ်တည်ရမယ်ဆိုတာလည်း နည်းနည်းတော့ နားလည်လာတယ်။ ဘာပဲပြောပြော နောက်ထပ်ဘွဲ့တစ်ခုကတော့ ရခဲ့ပြီ။ အဲဒါကို ဘယ်လိုရှေ့ဆက်အသုံးချနိုင်မလဲဆိုတာပဲ ကိုယ့်ကိုကိုယ့် စောင့်ကြည့်ရမယ်။ နောက်ထပ်ဘာတွေ တိုးတက်ပြောင်းလဲလာ မလဲပေါ့။ AIT မှာ ကျောင်းတက်နေတုန်း Blog တစ်ခုလည်း လုပ်ဖြစ်ခဲ့တယ်။ အဘွားလည်း မရှိတော့ဘူး။ (၂)နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကောင်းတာတွေရော ဆိုးတာတွေပါ ဖြစ်ခဲ့တယ်။ မှားတာတွေ မှန်တာတွေလည်း ရှိခဲ့တယ်။ သင်ခန်းစာယူလိမ့် မယ်လို့ ကိုယ့်ကိုကိုယ် မျှော်လင့်မိတယ်။ ဘာပဲပြောပြော လူကြီးတစ်ယောက်ဖြစ်လာအောင် ကြိုးစားရမယ်။ Anyway, Congratulation By Myself. မိသားစု (၃)ယောက်တည်းရှိတဲ့ အခြေအနေမှာတောင် ဘွဲ့ယူတာကိုမေမေလိုက်မလာနိုင်ဘူး။

AIT ကိုရောက်လာအောင် တွန်းအားပေးခဲ့တဲ့ ၊ အစစအရာရာ လိုအပ်မှုမရှိအောင် ထားပေးခဲ့တဲ့ ဖေဖေနဲ့မေမေ။ စရောက်ကတည်းက ခုချိန်ထိ ထမင်းလည်းချက်ကျွေး၊ စာလည်းရှင်း၊ နေမကောင်းလည်း ဆေးတိုက်တဲ့ အကို၊ ပြသနာရှိလည်း ဒီအကိုပဲပြေးပြော နဲ့ နေလာတာ အကို (ကိုဟန်ဝင်း) ညဘက်ကို ဗိုက်ဆာတိုင်း မညည်းမညူနဲ့ စားစရာလုပ်ပေးပြီး စီနီယာတစ်ယောက်လိုရော အစ်မအရင်းတစ်ယောက်လိုပါ ဆုံးမပြီး အနားမှာနေပေးခဲ့တဲ့မမငယ်။ စာမရတိုင်း ရှင်းပြပါဆိုပြီး ဂျီကျခဲ့ရ သူပြောတဲ့ အင်္ဂလိပ် အသံထွက်ကိုနားမလည်မှာ စိုးလို့ ဖြေးဖြေးခြင်းပြော ပေးတဲ့ စီနီယာ Mariku ။ နှိပ်စက်သမျှကို နင်ကငါ့ကိုသိပ်နိုင်စားတာပဲ လို့ ပြောပြီး အားလုံးလိုက်လုပ်ပေးတဲ့ သူငယ်ချင်းပြည့်စုံ။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ အောင်မြင်မှု၊ ကျဆုံးမှုတွေကို အတူတူခံစားပေးတဲ့ သူ။

ဒီနေ့ရတဲ့ဘွဲ့က မေမေနဲ့ဖေဖေရဲ့ကျေးဇူးက (၈၀%) ပါတယ်ဆိုတာ လုံးဝကိုသေချာပါတယ်။ မေမေနဲ့ဖေဖေရဲ့ ထောက်ပံမှုမပါပဲနဲ့ ဒီနေ့ဒီအခြေအနေကိုရောက်မလာတာကတော့ သေချာတယ်။
အရာအားလုံးအတွက် ကျေးဇူးပါ မေမေနဲ့ဖေဖေ။

Tuesday, April 14, 2009

AIT သင်္ကြန် (April 2009)

မီးငယ်တို့ကျောင်းမှာ သင်္ကြန်လုပ်ပါတယ်...မနေ့က ကြာဇံကြော်နဲ့အုန်းနို့ကျောက်ကျောကျွေးပါတယ်.... ဒီနေ့ရွှေရင်အေးနဲ့ ဆီချက်ခေါက်ဆွဲကျွေးမယ်လို့ သတင်းအတိအကျရထားပါတယ်။ မြန်မာတွေကိုပေးမသုံးတဲ့ မီးသတ်ပိုက်လည်း ဒီနှစ်ပေးသုံးပါတယ်.... သင်္ကြန်တွင်းလည်း ထိုင်းစစ်တပ်က ဆော်တယ်တဲ့။ သူတို့တွေက ပြောတယ်.. ကြမ်းနေပီတဲ့... အဲဒီစကားပြောတဲ့နေ့က စစ်တပ်ကပစ်တောင်မပစ်သေးဘူး။ သံချပ်ကာ ကားတွေ မြို့ထဲရောက်နေရုံပဲရှိသေးတယ်။ မီးငယ်လည်းပြောလိုက်တယ်.. ငါတို့ဆီက တပ်မ တစ်ခုလောက်သာခေါ်လိုက် နင်တို့ဆီမှာ နောက်ထပ်ဒါမျိုး မဖြစ်စေရဘူးလို့ :D သူတို့ကထပ်ပြောသေးတယ်.. မြို့ထဲမှာ ရဲနေတာပဲတဲ့ သွေးတွေလားဆိုတော့ မဟုတ်ဘူး။ အကျီအနီဝတ်ထားတဲ့သူတွေတဲ့။ ပြန်ပြောလိုက်တယ်။ အဲဒါရဲတယ်မခေါ်သေးဘူးလို့။ ငါတို့ဆီမှာ လမ်းမပေါ်မှာ ရဲရုံတင်မကပူး အိုင်ပါထွန်းနေတာလို့....(တိန် မဆိုင်တာတွေပြောမိပြန်ပီ) အဓိကပြောချင်တာကတော့......အကိုတစ်ယောက်က ကဗျာရေးထားတယ်..ဖတ်ကြည့်ကြပါဦးနော်..
သင်္ကြန်လက်ဆောင် တဲ့
'မကောင်းမှုတွေမှန်သမျှ
နှစ်ဟောင်းတွင်သာချန်ခဲ့ကြ။ ''

''စိတ်သစ်လူသစ်မွေးကြပါ
နှစ်သစ်ရောက်တော့မှာ''

''ကောင်းမှုအရာပြည့်စုံဖို့
ဒို့တတွေကြိုးစားစို့။''

''လောဘ၊ဒေါသ၊မောဟတွေ
ဒို့ကိုအမြဲနှိပ်စက်နေ..''

''ပူလောင်မှုတွေကင်းဝေးဖို့
အတာရေနှင့်ပက်ဖျန်းစို့။''

''မလိုမုန်းထားရန်တရား
ဖယ်ရှားကြပါဒီချိန်ခါ''

''ရင်းနှီးခင်မင်ချစ်ကြည်ဖို့
ပျော်ပျော်ရွှင်ရွှင်ရေကစားစို့။''

AIT ရောက်မြန်မာတွေ
ရိုးရာဓလေ့ပြစို့လေ..

ပျော်စေရွှင်စေသင်္ကြန်ပွဲ
စည်းကမ်းရှိစွာဒို့ဆင်နွှဲ

တွေ့ကြုံဆုံကွဲဓမ္မတာ
လူတိုင်းတွေ့ရမှာ
တွေ့ကြုံဆုံကြတခဏ
ဖော်ဖော်ရွေရွေဆက်ဆံကြ
အဲဒါမြန်မာ့ရိုးရာဓလေ့ဗျ။

Best regards,
Supercountryman


P.S >> နောက်ဆုံးအခြေအနေအရ... ထိုင်းလူမျိုးများ သင်္ကြန်နှင့် သီတင်းကျွတ်မှားသွား၍ ဗျောက်အိုးများ တဒိုင်းဒိုင်းဖေါက်သည့်အလား ပစ်ဖေါက်နေကြသည်...(သတင်းများကိုကြော်ငြာလို့ပီးပါပီ)....
ရွှေရင်အေးသွားသောက်လိုက်ပါဦးမယ်ကွယ်....

Tuesday, April 7, 2009

Unforgetable Day

ဒီနေ့ ဘွားဘွားဆုံးတာ တစ်နှစ်ပြည့်ပြန်ပီ။ မန်းလေးမှာတော့ ဆွမ်းကျွေးလုပ်ကြတယ်ပြောတယ်။ မီးငယ်တော့ ဘာမှ မလုပ်ဖြစ်ပြန်ဘူး။ အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ။ ရင်ထဲမှာတော့ အမြဲတမ်းရှိနေပါတယ်။ လွမ်းတယ် အဘွားရယ်....

Sunday, March 1, 2009

Who is my True Friend?

ဒီ True Friend Test လေးကိုInternet ပေါ်မှာ ဖိနပ်စီးပြီး ရွာရိုးကိုးပေါက်လျှောက်သွားရင်းနဲ့တွေ့ခဲ့တာပါ။ လူတွေကိုယ့်ကို ဘယ်လိုထင်လဲ ဆိုတာကို အနည်းနဲ့အများတော့ မှန်းလို့ရပါတယ်... စမ်းကြည့်လိုက်ရအောင်နော်....

Leaderboard

Friday, February 20, 2009

သိပ်ချစ်မိတဲ့အခါ

သူ့ နှုတ်ဖျားက ထွက်လာမဲ့စကားသံကို မျှော်လင့်ကြီးစွာနဲ့ စောင့်နေမိတယ်။ ရင်ခုန်သံတွေ ဆူညံနေလို့ ပါတ်ဝန်းကျင် တစ်ခုလုံးက အသံကိုတောင်မကြားနိုင် တော့ပူး။ အချိန်ကာလ တစ်ခုကတည်းက မျှော်လင့်ခဲ့တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ရတော့မယ်။

ရင်ထဲမှာဘာမှ မရှိသလိုခံစားရတယ်။ အသက်ရှုလည်းကြပ်လာတယ်။ ရင်ထဲကအောင့်တက်လာတယ်။ ကမ္ဘာကြီးတစ်ခုလုံးအမှောင်ကျသွားတယ်။

အာကာသထဲရောက်သွားသလိုပဲ။ သွားချင်တဲ့နေရာကို အတားအဆီးမရှိ သွားလို့ရနေတယ်။ သူ့နားမှာ ထပ်ချပ်မကွာလိုက် လို့ရတယ်။ သူမျက်နှာကို အမြဲကြည့်နေလို့ရတယ်။ အဆင်မပြေမှုတွေရှိနေပေမဲ့...ကျေနပ်မိတယ်။

လှပတဲ့ မြင်းရထားကြီး ရောက်လာတယ်။ အေးချမ်းလှပတဲ့ နေရာတစ်ခုကို သွားကြရအောင်တဲ့။ မလိုက်ရင် ဒီဘ၀ ထဲကမထွက်နိုင်တော့ဘူးတဲ့......

အားလုံးစတေးရဲတယ်.....သူ့ကို မခွဲသွားနိုင်ဘူး.........................

"ကျွန်မ သူ့ကို အရမ်းချစ်တယ်"

Tuesday, February 17, 2009

သူ………..


စိတ်ညစ်စရာတွေ ကြုံလာရင် သူ့ကို အမြဲသတိရမိတယ်……
ရင်းနှီးပြီးသား ဒီနံပါတ်လေးကိုပဲ…လက်ကအလိုလိုနှိပ်မိပြန်တယ်လေ…..
ဖုန်းပြောဖြစ်ပြန်တော့လည်း စိတ်ညစ်စရာတွေကို မပြောပြချင်ပြန်ဘူး…..
သူ့ဆီက စကားသံလေးကိုကြားလိုက်ရပြန်တော့လည်း အောက်ဆုံးအထိပြုတ်ကျနေတဲ့ စိတ်ဓါတ်တွေ ပြန်တက်လာပြန်ရော……
သူ့ဘ၀မှာရင်ဆိုင်ရတဲ့ ဒုက္ခတွေအားလုံးကို ကိုယ့်မျက်နှာတစ်ခုတည်းနဲ့တောင့်ခံခဲ့တယ်…ဒီတစ်ခါ ကိုယ့်အလှည့်ပေါ့…..
သူဖြစ်စေချင်တာတွေအားလုံးကို… ဖြစ်လာအောင်ကြိုးစားပေးပါ့မယ်…..
သူ့ရှေ့မှာ တစ်ခါတစ်လေ ကလေးတစ်ယောက်လို အော်ငိုလိုက်ချင်ပေမဲ့….
မျက်ရည်ကျနေ ပေမဲ့လည်း ပျော်နေတဲ့ အသံလေးကိုပဲ သူ့ကိုကြားစေချင်တယ်…..
ဘ၀မှာ ပိုင်ဆိုင်ရတဲ့ အကောင်းဆုံးတွေကိုပဲ သူ့ကိုပေးချင်တယ်……
သူများတွေက ပြောကြတယ်… ဒီအရွယ်လေးနဲ့ ခံနိုင်ရည်ရှိတယ်တဲ့…. အဲဒီစကားသံကြားတိုင်း သူ့ကို ပိုချစ်လာသလို၊ ကျေးဇူးလည်းတင် ပိုပြီးတော့လည်းလေးစားလာတယ်……
တပါတ်တခါ ဖုန်းသံလေးမြည်မလာရင် စိတ်ပူတတ်တဲ့သူ…..
ခံယူချက်တွေကို သူများတွေက သဘောကျ ကြတယ်… အမြဲတမ်း သွန်သင်တတ်တဲ့သူ့ကြောင့်ပေါ့….
သူမျက်ရည်ကျမှာကို အရမ်းကြောက်တယ်…ကိုယ်ကြောင့်လည်း မျက်ရည်(၂)ခါကျဖူးတယ်… (၁၀)တန်းအောင်စာရင်းထွက်တုန်းကတစ်ခါ….. ပထမနှစ် သူငယ်ချင်းတွေနဲ့ တောင်မြို့ကိုသူ့ကိုကြိုမပြောပဲနဲ့ သွားဖို့ သင်တန်းကနေပဲလှမ်းပြောခဲ့တဲ့အခါ……
သူ့မျက်ရည် မကျဖို့အတွက်ဆို အရာအားလုံးကိုလဲ နိုင်တယ်…..
အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်….. အရင်ထက်လည်းပို ပိုပြီးချစ်လာပါတယ်….

...........................!!!!!!!!!!!!!!!!!!!!!!!!!!!!.........................................................

ဝေးနေပေမဲ့…အနီးဆုံးမှာရှိနေတဲ့… သူ
အမှောင်ထဲကို ၀င်သွားမလိုဖြစ်နေတဲ့ကိုယ့်ကို…ဆွဲထုတ်ခဲ့တဲ့…သူ
ခံယူချက်ချင်း မတူညီပေမဲ့…နားလည်မှုပေးနိုင်တဲ့….သူ
ကြီးပြင်းလာတဲ့ အသိုင်းအ၀ိုင်းမတူပေမဲ့…. ရည်မှန်းချက်တူတဲ့… သူ
ပြသနာ မျိုးစုံတတ်ပေမဲ့… လက်တွဲ မဖြုတ်နိုင်တဲ့… သူ
ဆိုးသမျှကို သည်းခံ နိုင်တဲ့… သူ
လိုအပ်တယ်ဆိုရင် အနားကိုချက်ချင်းရောက်လာတတ်တဲ့… သူ
ကျန်းမာရေးနဲ့ ပါတ်သတ်လာရင် အရမ်းစိတ်ပူတတ်တဲ့…သူ
ကိုယ်နဲ့ ပါတ်သတ်ပြီး… မျက်ရည်ကျတတ်တဲ့…သူ
နားမလည်တာ ရှိရင် အသေးစိတ်က အစရှင်းပြပေးတတ်တဲ့… သူ
ကလေးတစ်ယောက်လို ပုံပြင်တွေနဲ့ပါ…သွန်သင်ပေးတတ်တဲ့..သူ
သူ့ကို ပိုင်ဆိုင်ထားရတာလည်း ဘုရားပေးတဲ့ လက်ဆောင်တစ်ခုပါပဲ….
See You At The Top!

...........................!!!!!!!!!!!!!!!!!!!!!!!!!!!!.........................................................

ဘာတွေပဲ လုပ်လုပ်.. ကိုယ့်နောက်မှာ အမြဲရပ်တည်ပေးတဲ့.. သူ
မှားမှား မှန်မှန် ကိုယ့်ဘက်ကနေ နေပေးတဲ့သူ…..
ဖြစ်လာသမျှ ပြသနာတွေကို မျှဝေခံစားပေးတဲ့… သူ
ရင်ဖွင့်သမျှကို မညည်းမညူနားထောင်ပေးတဲ့…သူ
ပြသနာတက်လာတိုင်းလည်း အပြေးအလွှား ပြေးလာတတ်တဲ့..သူ….
ဝမ်းနည်းစရာ ၀မ်းသာစရာ အားလုံးကို မျှဝေခံစားပေးတဲ့.. သူ
ကိုယ်နဲ့ပါတ်သတ်လာရင် အေးအေးဆေးဆေးနေတတ်တဲ့ပုံစံကနေ… စွာတတ်တဲ့.. သူ
ရည်မှန်းချက်ချင်း မတူပေမဲ့…. ဘေးနားမှာ လိုအပ်တိုင်း အမြဲရှိနေတတ်တဲ့…သူ
သူ့ရဲလိုအပ်ချိန်တိုင်းမှာလည်း အနားမှာရှိနေအောင်ကြိုးစားပေးခဲ့ဖူးတယ်…..
ဝေးနေပေမဲ့… ဘယ်အချိန်ပဲ ပြန်တွေ့တွေ့ နွေးထွေးတဲ့ဆက်ဆံရေး ရှိတဲ့… သူ
အောင်မြင်မှုတိုင်းကို သ၀န်တိုမှု ကင်းစွာနဲ့ ဂုဏ်ယူတတ်တဲ့...သူ
အနားမှာ နင်ရှိနေဖို့… ငါ့ဘ၀ တစ်လျှောက်လုံး လိုအပ်နေမှာပါ…..
သူ့ကိုယ်စားအရုပ်ကလေးကို ပေးလိုက်တယ်... သူအွန်လိုင်း အမြဲမလာနိုင်လို့တဲ့.....

Friday, February 13, 2009

13.2.2009

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။
၁၉၁၅ ရှေ့နေဦးဖာသား၊
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား၊
မိခင်ဒေါ်စုသား.......။

၁၉၄၇ ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး........။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်၊
ကောင်းစေချင်တဲံမှာစကား၊
ငါတို့မမေ့အား......။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား.......။

သူငယ်ချင်းတစ်ယောက် Forward Mail ကနေပို့လိုက်လို့ပါ...ဖတ်ကြည့်ကြပါနော်...
အောင်ဆန်းပေးတဲ့ မြန်မာပြည်

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့

ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။

- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

(ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ။ ရေးသားသူ - icy)။

Thursday, February 12, 2009

Union Day of Myanmar

လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၂) နှစ်လောက်တုန်းက ရှမ်းပြည်နယ်ရဲ့ မထင်မရှားမြို့ငယ်လေးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ တိုင်းရင်းသားခေါင်းဆောင် တွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့အတွက် အရေးပါတဲ့ ပင်လုံစာချုပ်လေးကို ဒီလိုနေ့လေးမှာလက်မှတ် ထိုးခဲ့ကြတယ်။ လွတ်လပ်ရေး ရပီးတဲ့နောက်ပိုင်းမှာ လည်း တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို ပြသတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့နေ့ကို နိုင်ငံရဲ့ အထွဋ်အမြတ်နေ့တစ်နေ့ အဖြစ်သတ်မှတ်ပြီး ပြည်ထောင်စုနေ့ပွဲ ဆိုတာတွေကို ပြုလုပ်ခဲ့ကြတယ်။ အိမ်တိုင်းအိမ်တိုင်းမှာလည်း နိုင်ငံတော် အလံလေးတွေ လွင့်ထူကြတယ်။

မှတ်မိသေးတယ်.. တစ်ရက် မူကြိုဆင်းခါနီး ဆရာမက ပြန်မလွှတ်သေးဘဲ အားလုံးကို တန်းစီခိုင်းတယ်လေ။ ပြီးတော့မှ မနက်ဖြန်ဘာနေ့လဲ လို့မေးတယ်။ မီးငယ်တို့တွေကလည်း ပြည်ထောင်စုနေ့ပါ လို့ပြန်ဖြေကြတယ်။ စိတ်အားထက်သန်စွာနဲ့ပေါ့။ ဘာလို့လဲဆိုတော့ မနက်ဖြန် မူကြိုပိတ်တယ်လို့ ဆရာမတစ်ယောက်က ပြောထားလို့ပေါ့။ မူကြိုကျောင်းအုပ်ဆရာမကြီး ရောက်လာပြီးတော့ ပြည်ထောင်စုနေ့ ဘယ်လိုဖြစ်လာတယ်။ ဘာကြောင့် အထွဋ်အမြတ်ထားပြီး နိုင်ငံရဲ့တရားဝင် ရုံးပိတ်ရက်ကျောင်းပိတ်ရက် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းတွေ ပြောပြတယ်။ ပြီးတော့ ဒီနေ့ကို မြတ်နိုးတန်ဖိုးထားသင့်တဲ့ အကြောင်းကို အချက်အလက်တွေ နဲ့ စီကာပတ်ကုံးပြောပြတယ်။ ပြီးတာနဲ့ မနက်ဖြန် အိမ်မှာလွင့်ဖို့ စက္ကူ အလံလေးတွေကို ကလေးတစ်ယောက်စီကို ပေးတယ်။ ပေးရင်းနဲ့လည်း ကိုယ့်နိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ နိုင်ငံတော်အလံကို လေးစားဖို့လည်းပြောပြပါတယ်။ သူများတွေအတွက်တော့ မသိဘူး။ မီးငယ်ရဲ့ စိတ်ထဲမှာတော့ ခုချိန်ထိ အဲဒီစကားသံတွေက သံမှိုလိုစွဲနေသေးတယ်။

ဘယ်မှာနေနေ ဘာတွေလုပ်လုပ် ကိုယ့်ကိုကိုယ် မြန်မာလို့ အမြဲသတိရနေတယ်။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုကြောင့် ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုး သိက္ခာကျမှာကို စိုးရိမ်မိတယ်။ တတ်နိုင်သလောက်လည်း သတိထားပြီးလုပ်တယ်။ ဘယ်လို အကြောင်းကြောင့်ပဲ သူများနိုင်ငံမှာနေရပါစေ တစ်နေ့နေ့မှာတော့ မြန်မာပြည်ကိုပြန်လာချင်တယ်။

ပင်လုံစာချုပ်ကို ဖတ်ဖူးချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။
Link ကိုGoogle ကနေရှာတွေ့မိပါတယ်။ တစ်ချို့ဘလော့တွေမှာလည်း သုံးထားတာတွေ့ပါတယ်။

Sunday, February 1, 2009

Welocme Trip to Dream World

Dream World ကိုထပ်သွားပြန်ပီ... ဘယ်တော့သွားသွားမရိုးနိုင်တဲ့နေရာပါပဲ... ပြန်လာတော့လူလည်း ကိုင်ရိုက်ထားတဲ့အတိုင်းပဲ... ဒီတစ်ခေါက်တော်တော် စုံအောင် စီးဖြစ်ခဲ့တယ်။ ပထမတစ်ခေါက်တုန်းက ကြောက်လို့မစီးရဲတာတွေ အကုန်စီးခဲ့တယ်...

Thursday, January 29, 2009

Ko Kyaw Moe Lay


ဒီနေ့ စီနီယာလည်းဖြစ် အစ်ကိုတစ်ယောက်လိုရော ဆရာတစ်ယောက်လိုပါ ချစ်ခင်လေးစားရတဲ့ အစ်ကို(ကိုကျော်မိုးလေး) အူမကြီးကင်ဆာနဲ့ဆုံးသွားပါတယ်။ ကင်ဆာဆိုတာသိတာနဲ့ ဆုံးသွားချိန်ဟာ (၁)လတောင်မကြာလိုက်ပါပူး။ 2009 New Year ရောက်ဖို့ မိနစ်(၂၀)အလိုမှာ ဆေးရုံစတက်ဖြစ်တယ်။ ခုမရှိတော့ဘူးတဲ့။ AIT ကိုစရောက်တဲ့နေ့က အစ်ကိုတို့အိမ်မှာ ထမင်းစားတာကို မှတ်မိသေးတယ်။ နောက်ပိုင်း အစ်ကိုတို့အိမ်က စားအိမ်သောက်အိမ်...ပြဿနာရှိရင်လည်း ဒီအစ်ကိုနဲ့အစ်မကိုပဲ ပြေးပြော... အစ်ကိုနဲ့ အစ်မ အတွက်ဝမ်းသာစရာရှိရင် လည်း ဒီလူပဲ... AIT မှာကတော့ မိဘအိမ်ဆိုလည်း မမှားပါပူး။ ချင်းမိုင်ဘက်ကိုသွားတုန်းကလည်း အစ်ကိုတို့မိသားစုနဲ့ပဲလေ။ အစ်မက မန်းလေး ကွန်ပျူတာတုန်းက စီနီယာ အစ်ကိုက AITမှာစီနီယာ။

ကံမကောင်းချင်းတွေက အစုလိုက်အပြုံလိုက်လာတတ်တယ်နော်။ ဘာတစ်ခုမှကို အဆင်မပြေဘူး။

Wednesday, January 28, 2009

ဗီယက်နာမ်ခေါက်ဆွဲ



မနက်စာ စားတယ်ဆိုတာ AIT မှာတော်တော်ခက်တဲ့ အလုပ်ပါ...ဘာလို့လဲဆိုတော့ မနက်အိပ်ရာထ ဖို့တော်တော်ခက်လို့ပါ... AITမှာသရဲမရှိပါပူး... ဘာလို့လဲဆိုတော့ညဘက်မှာ ကျောင်းသားတွေက မအိပ်လို့ပါ.. ဒီနေ့သွားစားတယ်... နေရမဲ့ရက်က သိပ်မှ မကျန်တော့တာလေ.... စီနီယာရှိတုန်းကတော့ အမြဲလိုလိုစားဖြစ်တယ်...နောက်ပိုင်း အိပ်ရာက နိုးမဲ့လူမရှိတော့ သွားမစားဖြစ်တာကြာပီ..... စားချင်ရင်လည်း မအိပ်ပဲထိုင်စောင့်... စားပီးမှ အိပ်ရာဝင်မှပဲရမယ်...ဘာလို့လဲဆိုတော့ ဆိုင်က (၇)နာရီဖွင့်တယ်...(၈း၃၀)လောက်ဆိုရင် ကုန်သွားပီ.... ဒီကလူတွေအိပ်တာက မနက်(၅)နာရီလောက်မှ (၇)နာရီပြန်ထဖို့ကလွယ်တဲ့ကိစ္စမှ မဟုတ်တာနော်... အဲဒီတော့ မအိပ်ပဲနဲ့စောင့် ခေါက်ဆွဲစားပီးမှ ပဲအိပ်တော့တယ်....ဟီး...

AIT မှာမနက်စောစော မီးငယ်တို့ကိုတွေ့ရင် အစောကြီးထပါလား လို့မပြောနဲ့ မှားသွားမယ်.... မအိပ်ရသေးတာ....အဟဲ... နောက်ပိုင်း အကြီးတွေလည်း ခံရပါများလို့ မီးငယ်တို့ကိုတွေ့ရင် ဟဲ့ မအိပ်ကျသေးပူးလား နင်တို့တော့ နေ့နဲ့ည မှားနေပီဆိုပီး အော်တော့တာပဲ... အော်လည်း သိပ်မထူးပါပူး... ဌာနက ထုံးစံလိုဖြစ်နေတာ CSIM ကမနက်သွားရင်သရဲခြောက်မှာကြောက်ရတယ်...အစတုန်းကမှ Printerကတစ်လုံးပဲရှိတာ..ရှိတဲ့တစ်လုံးကလည်း ညနေ(၅)နာရီဆို ပိတ်ပီ...အဲဒီတော့ Print သွားထုတ်ဖို့မနက် စောစော(၁၁)နာရီလောက် သွားကြသေးတယ်...ခုနောက်ပိုင်း Printer ကညလုံးပေါက်ထုတ်လို့ရတာ တစ်လုံးထပ်တိုးလာတော့ မနက်ဆိုဌာနထဲလူကိုမရှိတာ... ညဆိုရင်တော့ ပွဲတော်ကြီးတမျှကိုစည်ကားတယ်...တကယ်ပြောတာ...မီးငယ် Supervisor ဆိုရင် သူ့တပည့်တွေ(မီးငယ်တို့)ကိုခေါ်တွေ့တဲ့အချိန်က အစောဆုံး မနက်(၂)နာရီ...နောက်ကျရင်ည(၇)နာရီ...အဟဲ..ဆရာတပည့်လို့ကိုမပြောရပူး...

Monday, January 26, 2009

Happy Birthday Ma Ma Lai


ImageChef.com - Custom comment codes for MySpace, Hi5, Friendster and more
မမရေ..မွေးနေ့မှာပျော်ရွှင်ပါစေ.... မမရဲ့ရည်မှန်းချက်တွေလည်းပြည့်ပါစေ....
ညီမလေးနှိပ်စက်သမျှကိုလည်း ဒီထက်သည်းခံနိုင်ပါစေ... :D
အပျိုကြီးဘ၀ကလည်း မြန်မြန်ကျွတ်ပါစေ.....











Sunday, January 25, 2009

when he asked me one question!

ကျောင်းပီးရင် ပြန်မှာလားဆိုတဲ့ မေးခွန်းကို သူငယ်ချင်းတွေက မေးကြတယ်။ သူတို့တွေက သူတို့နိုင်ငံကိုပြန်ကြမှာလေ။ ငါမသိသေးပူး…မပြန်ဖြစ်ဖို့များတယ်လို့ ဖြေတော့။ မင်းတို့ မြန်မာတွေက ကိုယ့်တိုင်းပြည်ကို မချစ်ပူးတဲ့။ မချစ်ပဲနေမလား။ မပြန်ချင်ပဲနေမလား။ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအ၀ိုင်း တွေကိုထားခဲ့ပီး သူများနိုင်ငံမှာအောက်ကျခံပီး အလုပ်လုပ်ချင်ပ့မလား။ ဘယ်သူမှ မလုပ်ချင်ပါပူး။ မင်းတိုင်းပြည်က တက္ကသိုလ်တွေမှာ ဆရာပြန်လုပ်ပေါ့တဲ့။ ငါတို့လည်း ဆရာပြန်လုပ်မှာတဲ့။ တစ်ခွန်းပဲပြန်မေးလိုက်တယ် နင်တစ်လကို ဒေါ်လာ(၅၀)လောက်နဲ့ လောက်အောင်သုံးနိုင်လား လို့မေးလိုက်တယ်။ ပြီးတော့ ဘာ Facilities မှမရှိတဲ့တောထဲကို နင်သွားနိုင်လား မိသားစုနဲ့ခွဲပီးတော့လို့။ ကိုယ့်နိုင်ငံပြန်ရင်ရော..ကိုယ်ရလာတဲ့ဘွဲ့ တတ်လာတဲ့ပညာနဲ့ တန်တဲ့လစာရလို့လား…

ဘာကိုမှ ပုတ်ခက်လိုစိတ်မရှိပါပူး။ ဒါပေမဲ့တစ်ခုနှိုင်းယှဉ်ပြချင်တယ်။ သူငယ်ချင်းတွေMaster ဘွဲ့ရပီး ကွန်ပျူတာCenterတွေမှာ အလုပ်ဝင်ကြတယ်။ စရရချင်း မြန်မာငွေ သုံးသောင်းလောက်ရတယ်။ (အဲဒီလစာကလည်းတော်တော်နဲ့ မတက်ပါပူး)၊ တစ်လမှာ ရက်(၃၀)ရှိတယ်။ စားကြည့်လိုက် တစ်နေ့တစ်ထောင်။ ကန်ထရိုက်တွေမှာ အုတ်သယ်၊ သဲသယ်၊ မဆလာနယ် တဲ့အလုပ်သမား လစာက အတွေ့အကြုံမရှိသေးတဲ့ အသစ်ဆိုရင် မြန်မာငွေ (၈၀၀)ကျပ်ရတယ်။ သူ့ထက် အတွေ့အကြုံနည်းနည်းပိုရှိတဲ့လူက (၁၀၀၀)ကျပ်ရတယ်။ အလုပ်သမားခေါင်းဆောင်ဆိုရင် တစ်နေ့ကို(၁၂၀၀)လောက်ရတယ်။ အဲဒီတော့ စဉ်းစားကြည့်လေ… Educated တစ်ယောက်နဲ့ ကာယလုပ်သား(Non-Educated)ရဲ့လစာက အတူတူပဲ မဟုတ်ဘူးလား။ အဲဒါဆိုရင် ကလေးတွေကို စာမသင်ခိုင်းတော့ပဲ အုတ်၊သဲ ပဲသယ်ခိုင်းရင်ကောင်းမယ်ထင်တယ်။ နိုင်ငံတစ်ကာမှာ Educated နဲ့ Non-Educated တစ်ယောက်ရဲ့လစာက မတူပါဘူး။ အားလုံးသိတယ်ထင်ပါတယ်။ ရိုးရိုးဘွဲ့နဲ့မဟာဘွဲ့တောင်ကွာပါတယ်။ ဒါဆိုရင် ဘာလို့မြန်မာတွေနိုင်ငံခြားမှာနေပီး အလုပ်လုပ်ကြတယ်ဆိုတာသူတို့ တွေ (သူငယ်ချင်းတွေ)သဘောပေါက်မှာပါ။ ဘယ်သူမဆို ကိုယ့်တိုင်းပြည်ကိုချစ်တာပါပဲ။ ကိုယ့်တိုင်းပြည်မှာနေချင်တာပါပဲ။ သေချာတယ် တစ်နေ့တော့ မြန်မာပြည်ကို ပြန်မှာပါ။

တစ်ခုထပ်ပြောချင်တယ်… ဆည်၊တံတား၊ လမ်းအသစ်တွေ ရှိနေတာနဲ့ တိုင်းပြည်တစ်ခုကို တိုးတက်လာပီ ပြောလို့မရပါဘူး။ ပြည်သူတွေရဲ့ GDP(Gross Domestic Product) or GDI(Gross Domestic Income)ကိုလည်းကြည့်သင့်ပါတယ်။ ရိုင်းရိုင်းပြောရရင် တိုင်းပြည်မှာ ကျွန်းသစ်၊ ဓါတ်ငွေ့၊ ကျောက်သံပတ္တမြားနဲ့၊ ရေထွက်ပစ္စည်းတွေရှိနေလို့ တိုင်းပြည်ရဲ့ GDP က အ၀စီိထိထိုးမကျသွားတာပါ။ အဲဒီသဘာဝ သယံဇတတွေကလည်း အမြဲထွက်နေမှာမဟုတ်ပါဘူး။ အချိန်တန်ရင်ကုန်သွားမှပါ။ ကုန်သွားရင်ဘာလုပ်မလဲ။ မြန်မာပြည်ရဲ့ GDP ကအဆင့် (၁၁၄/၁၉၀)ရှိပါတယ်။
http://en.wikipedia.org/wiki/List_of_countries_by_GDP_(nominal)

ဘာရယ်မဟုတ်ပါပူး။ စိတ်ထဲမှာရှုပ်နေလို့ချရေးလိုက်တာပါ။

Monday, January 12, 2009

ကြွားချင်လို့ပါဗျို့.....

မမ၀ါ Tag ထားတာက ကြာလှနေပီ ခုမှရေးဖြစ်လို့ပါ။ မီးငယ်စုထားတဲ့ ပစ္စည်းတွေကတော့ တခြားမဟုတ်ပါပူး။ Poohရုပ်ပါတဲ့ ပစ္စည်းလေးတွေပါ။ တစ်ချို့ပစ္စည်းတွေက မေမေသိမ်းထားလို့ ဓါတ်ပုံမရိုက်နိုင်လိုက်ပါဘူး။ ခုပစ္စည်းတွေက မီးငယ်(၈)တန်းကတည်းကနေစုထားတာ တွေပါ။ ကြွားမိတာခွင့်လွတ်ပါနော်...